Home
မြန်မာသတင်း
ကျိုက်ထီးရိုးဘုရားဖူးလာသူများကို အစစ်အဆေးတင်းကျပ်
DVB
·
October 20, 2023

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ဆံ‌တော်ရှင်ကျိုက်ထီးရိုးစေတီကို အနယ်အရပ်က ဘုရားဖူးလာ ပြည်သူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ဂေါပကအဖွဲ့က မှတ်ပုံတင်နဲ့ ကိုယ်ရေးအချက်အလက်တွေ စစ်ဆေးပြီးမှ ဘုရားရင်ပြင်တော်ပေါ် တက်ရောက်ခွင့်ပြုတယ်လို့ ဘုရားဖူးပြည်သူတွေက ပြောပါတယ်။

အောက်တိုဘာလကစတင်ကာ အခုလို စစ်ဆေးနေတာဖြစ်ပြီး နယ်မြေမငြိမ်သက်မှုနဲ့ စေတီတောင် တော်ခြေရင်း တောင်တက်ကားဂိတ်မှာ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးမှုတွေပါရှိခဲ့လို့ အခုလို စစ်ဆေးတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ပြည်မြို့မှဘုရားဖူးသွားရောက်သူ ကိုတိုးကြီးက “အဖွဲ့ခေါင်းဆောင်ပါလားမေးတယ်။ သူ့ကို အဓိကစစ်တာပေါ့။ လူငယ် လူလတ်ပိုင်း အမျိုးသားတွေများတဲ့အဖွဲ့ဆို ပိုစစ်တယ်။ အမျိုးသမီးများတဲ့အဖွဲ့ဆို အဖွဲ့ခေါင်းဆောင်တယောက်လောက်ပဲ စစ်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဘုရားလာရောက်ဖူးမြော်သူထဲက အဖွဲ့ခေါင်းဆောင်ဆိုသူကို ခေါ်ယူစစ်ဆေးကာ မှတ်ပုံတင်၊ နေရပ်လိပ်စာ၊ လူဦးရေအရေအတွက်နဲ့ ဖုန်းနံပါတ်တွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေထံ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

အချက်အလက်တွေ စစ်ဆေးရာမှာ ကျိုက်ထိုမြို့ခံနဲ့ အနီးပတ်ဝန်းကျင်မြို့နယ်မှာ နေထိုင်သူတွေကို တင်းတင်းကျပ်ကျပ်စစ်ဆေးပြီး အဖွဲ့လိုက်လာရောက်သူတွေထဲမှာ လူငယ်လူလတ်ပိုင်း အမျိုးသား များပါက မှတ်ပုံတင်ပါ ထားခဲ့ရတယ်လို့ သိရပါတယ်။

ကျိုက်ထီးရိုးဘုရားဂေါပကအဖွဲ့နဲ့ နီးစပ်သူတဦးကလည်း “တောင်တက်ကားဂိတ်မှာ ဘုရားဖူးလာတဲ့သူ အဖွဲ့ခေါင်းဆောင်ကို အရင်စစ်တာပေါ့။ စစ်ပြီးမှ ကားပေါ်တက်။ စေတီရင်ပြင်တော်ကို တက်ခါနီး ခြင်္သေ့နှစ်ကောင်မုခ်ဦးမှာ အမျိုးသား အမျိုးသမီးခွဲပြီး တန်းစီခိုင်းတယ်။ အဲ့ဒီနေရာမှာ ထပ်စစ်ပြီးမှ တောင်တော်ပေါ်တက်ခိုင်းတာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

သီတင်းကျွတ်ဘုရားဖူးကာလဖြစ်လို့ အခုလို စစ်ဆေးမှုတွေရှိတဲ့အတွက် ဘုရားဖူးလာ ပြည်သူတွေ ခရီးသွားရတာ ပင်ပန်းမှုနဲ့ အချိန်ကြာမြင့်စွာ တန်းစီ စစ်ဆေးခံရမှုတွေကြောင့် အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

ကျိုက်ထီးရိုးစေတီ ဂေါပကအဖွဲ့က ဇန်နဝါရီလမှ စက်တင်ဘာလအထိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီကို ပြည်တွင်းဘုရားဖူးခရီးသွား ၁၆၄,၅၈၆ ဦး လာရောက်ခဲ့ပြီး ပြည်ပ ဘုရားဖူးခရီးသွား ၆,၈၈၆ ဦး လာရောက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၂ ရက်က ကင်ပွန်းချောင်းရွာအနီး တောင်တက်ကားဂိတ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့ပြီး ဘုရားဖူးပြည်သူ ၃ ဦးသေဆုံးကာ ၁၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024