Home
မြန်မာသတင်း
ကွတ်ခိုင်အနီး ဝိန်းလာ (ယိမ်းလာ) စစ်ကောင်စီစခန်းကို  KIA ပူး​ပေါင်းအဖွဲ့ သိမ်းပိုက်
DVB
·
October 20, 2023

ရှမ်းပြည်နယ်မြောက်ပိုင်း၊  ကွတ်ခိုင်မြို့နယ်၊ မိုင်းယ (မုံးယ) ကျေးရွာအုပ်စုရှိ ဝိန်းလာ (ယိမ်းလာ) တောင် စစ်ကောင်စီဗျူဟာစခန်းကို အောက်တိုဘာ ၁၉ ရက် နေ့လယ် ၂ နာရီခန့်က KIA နဲ့ ပူး​ပေါင်းအဖွဲ့ဘက်က သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

မနေ့ မနက် ၅ နာရီခွဲလောက်ကစပြီး ဝိန်းဆိုင်ရွာအထက် ဝိန်းလာ (ယိမ်းလာ) တောင်မှာ စခန်းချထားတဲ့ စစ်ကောင်စီ တပ်မ ၉၉၊ ခမရ - ၅၆၇ တပ်စခန်းကို KIA တပ်မဟာ ၆၊ တပ်ရင်း ၃၆ အဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ကာ တနေကုန် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း နောက်ထပ် ရှေ့တန်းသတင်းရင်းမြစ်တဦးက ပြောပါတယ်။

စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ရော ဂျက်ဖိုက်တာနဲ့ပါ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အပြင် မုံးကိုးဘက်က လက်နက်ကြီးနဲ့လည်း ဝိန်းလာ (ယိမ်းလာ) တောင်ဘက် အပြင်းအထန် ပစ်ထည့်နေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တဦးက  ပြောပါတယ်။

မနက် ၁၀ နာရီ ၂၇ မိနစ်နဲ့ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်တို့မှာ လားရှိုးဘက်က စစ်ကောင်စီ ရဟတ်ယာဉ် Mi35 ၂ စီးနဲ့ ဝိန်းလာ (ယိမ်းလာ) တောင်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မွန်းလွဲ ၁ နာရီ ၅၆ မိနစ်၊ ၂ နာရီ ၂ မိနစ်နဲ့ ၃ နာရီ ၅၇ မိနစ်တွေမှာလည်း တံတားဦးဘက်က တက်လာတဲ့ ဂျက်ဖိုက်တာ ၃ စီးနဲ့ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

တိုက်ပွဲမှာ  KIA ဘက်က ကျဆုံးသူ မရှိပေမဲ့  ရဲဘော် ၆ ဦးလောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ မသိရသေးပါဘူး။

“ညီအစ်ကို ကိုးကန့်​တွေနဲ့ ​ပူး​ပေါင်းပြီး တိုက်တာ” လို့ ​​​KIA ရှေ့တန်းနဲ့ နီးစပ်သူ ​ဒေသခံတဦးက ပြောပါတယ်။

ညနေပိုင်း ၂ နာရီ ၂၅ မိနစ်မှာ ဝိန်းလာ (ယိမ်းလာ) စစ်ကောင်စီစခန်း အကုန်လုံးကို KIA ဘက်က လုံးဝသိမ်းနိုင်ခဲ့ပြီး စစ်ကောင်စီတွေရဲ့ လက်နက်ခဲယမ်းပစ္စည်း အမြောက်အမြား သိမ်းဆည်းရရှိတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က မြေပြင်တပ်ဖွဲ့တွေနဲ့ အဆက်အသွယ် ပြတ်တောက်သွားပုံရပြီး ခံစစ်နဲ့ တပ်ဆုတ်နေတဲ့ သူတို့ရဲ့ စစ်ကောင်စီအဖွဲ့ရှိတဲ့ဘက် လေကြောင်းနဲ့ ဗုံးကြဲချသွားကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

ကွတ်ခိုင် ဒေသခံတွေကတော့ လေကြောင်းနဲ့ တိုက်ခိုက်လာတာကြောင့် ထိတ်လန့် စိုးရိမ်ပြီး ဈေးရောင်းသူတွေအားလုံး ဈေးသိမ်းကာ စောစောစီးစီး ဈေးကွဲသွားခဲ့ပါတယ်။

အဲဒီဒေသမှာရှိတဲ့ စီစီဝမ်တာပန်တောင်ကြောမှာ ပြီးခဲ့တဲ့ ဇွန် ၂၉ ရက် ညနေ ၃ နာရီလောက်က စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ နောက်ဆုံး တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီနယ်မြေမှာ စစ်ကောင်စီ၊ ပြည်သူ့စစ်နဲ့ KIA ၊ ကိုးကန့် MNDAA၊ SSPP/SSA၊ မြောက်ပိုင်းမဟာမိတ် ညီနောင်အဖွဲ့တွေ လှုပ်ရှားသွားလာရာ နယ်မြေဖြစ်ပြီး တခါတလေ TNLA တွေလည်း လှုပ်ရှားသွားလာရာနယ်မြေ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024