Home
နိုင်ငံတကာ
ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခကြောင့် သေဆုံးသူ ၄,၉၀၀ ကျော်ရှိလာ
DVB
·
October 19, 2023

ပါလက်စတိုင်း- အစ္စရေး ပဋိပက္ခ ၁၃ ရက်မြောက်ဖြစ်တဲ့ အောက်တိုဘာ ၁၉ ရက်နေ့မှာတော့ နှစ်ဖက်စလုံးမှ လူပေါင်း ၄,၉၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း နှစ်ဖက်ကျန်းမာရေး တာဝန်ရှိသူတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ဒေသစံတော်ချိန် ၁၄ နာရီအထိ ပဋိပက္ခမှာ သေဆုံးခဲ့တဲ့ ပါလက်စတိုင်း စုစုပေါင်း ၃,၅၄၀ ယောက်ရှိခဲ့ပြီး ၁၃,၃၀၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေး အာဏာပိုင်တွေက ဒီကနေ့ ပြောကြားခဲ့ပါတယ်။

ဂါဇာကမ်းမြောင်မှာ သေဆုံးသူ ၃,၄၇၈ ဦးနဲ့ ဒဏ်ရာရသူ ၁၂,၀၀၀ ကျော်၊ အနောက်ဘက်ကမ်းမှာ သေဆုံးသူ ၆၂ ဦးနဲ့ ဒဏ်ရာရသူ ၁,၃၀၀ ကျော် ပါဝင်ပါတယ်။

ဒီပဋိပက္ခကြောင့် အစ္စရေးဘက်မှာ လူပေါင်း ၁၄၀၀ ကျော် သေဆုံးခဲ့ပြီး ၄,၄၇၅ ဦး ဒဏ်ရာရခဲ့ကြောင်း အစ္စရေး ကျန်းမာရေးဝန်ကြီးဌာနကို ကိုးကားပြီး The Jerusalem Post သတင်းစာက အဲဒီနေ့ ဖော်ပြပါတယ်။

အစ္စရေးစစ်တပ်ဟာ မနေ့ ညပိုင်းက ဂါဇာကမ်းမြောင်ဒေသမှာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး တလ်အလ်ဟဝါ ရပ်ကွက်ရှိ လူနေအဆောက်အအုံ အများအပြားကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ အခုချိန်ထိတော့ အဲဒီရပ်ကွက်က အသေအပျောက် သတင်း မကြားရသေးပါဘူး။

ပါလက်စတိုင်း အစ္စလာမ္မစ် တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ (ဟားမတ်စ်) အဖွဲ့ရဲ့ အလ်ကာဆမ် တပ်မဟာကလည်း မနေ့ပိုင်းမှာပဲ အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုကို အစ္စရေးမီဒီယာက အတည်ပြုခဲ့ပြီး မနေ့ညက တဲလ်အဗစ်မြို့မှာ လေကြောင်းရန်ကာကွယ်ရေး အချက်ပေးဥသြသံ မြည်လာချိန်မှာ Iron Dome လေကြောင်းရန်ကာကွယ်ရေးစနစ်ဟာ ဝင်လာတဲ့ တိုက်ခိုက်မှုတွေကို ကြားဖြတ် ဖျက်ချနိုင်ခဲ့တယ်လို့ သိရပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024