Home
မြန်မာသတင်း
မုံရွာထောင်၌ ကိုဝေမိုးနိုင်အပါအဝင် နိုင်ကျဉ်း ၉ ဦး လျှော့ရက်ပိတ်ခံရ၊ ထောင်ဝန်ထမ်း ၅ ဦး အလုပ်ထုတ်ခံရ
DVB
·
October 19, 2023

အစာငတ်ခံ ဆန္ဒပြခဲ့တဲ့ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် အပါအဝင် နိုင်ငံရေးအကျဉ်းသား ၉ ယောက်ကို မုံရွာထောင်က လျှော့ရက် ၁ နှစ်ပိတ်လိုက်ပြီး  ထောင်ပိုင်ကြီးအပါအဝင် ဝန်ထမ်း ၅ ယောက်ကိုလည်း  စစ်ကောင်စီက တာဝန်ကနေ ထုတ်ပယ်လိုက်ပါတယ်။

စက်တင်ဘာ ၈ ရက် မနက်ပိုင်းက မုံရွာအကျဉ်းထောင်ထဲမှာ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်၊ ချောင်းဦးသပိတ်ခေါင်းဆောင် ကိုမာန်ဇာ တို့အပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၄ ယောက်က အစာငတ်ခံ ဆန္ဒပြခဲ့ကြတာပါ။

မုံရွာအကျဉ်းထောင်မှာ စစ်သား၊ ရဲ၊ မီးသတ်၊ ထွေအုပ်နဲ့ အကျဉ်းဦးစီးဝန်ထမ်းတချို့ပါဝင်တဲ့ အထူးရှာဖွေရေးအဖွဲ့က အကြောင်းမဲ့ဝင်ရောက်စစ်ဆေးပြီး အကျဉ်းသားတွေရဲ့ တကိုယ်ရေပစ္စည်းတွေကို သိမ်းယူတာ၊ လွှင့်ပစ်တာ၊ ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့တာကြောင့် နိုင်ကျဉ်း ၁၄ ယောက်က အစာငတ်ခံ ဆန္ဒပြခဲ့တာဖြစ်ပါတယ်။

ထောင်တွင်းက သတင်းအပြင်ပေါက်ကြားတာ၊ တာဝန်ပေါ့လျော့တာ စတဲ့ပြစ်ချက်တွေနဲ့ မုံရွာထောင် ထောင်ပိုင်ကြီး အပါအဝင် ဝန်ထမ်း ၅ ယောက်ဟာ တာဝန်ကနေထုတ်ပယ်ခံခဲ့ရပြီး ထောင်ထဲမှာ နိုင်ကျဉ်းတွေဟာ ပိုဆိုးတဲ့အခြေအနေ နဲ့ရင်ဆိုင်ရမယ့် အလားအလာ ဖြစ်နေပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ  ကိုရှင်းသန့်က “ထောင်ပိုင်ကြီး ဝင်းမင်းလတ်ရယ်၊ ထောင်ပိုင်လေး ဝင်းကျော်မိုးရယ်၊ အိပ်ဆောင်မှူး ကိုကျော်မိုး၊ အိပ်ဆောင်မှူး ကိုညွန့်ဝင်း၊ တိုက်တာဝန်ကျတပ်သား သူတို့က ရာထူးထုတ်ပယ်ခံရတယ်လို့ သိရတယ်။ နောက်ထပ် တပ်ကြပ် ၄ ဦးကတော့ ၆ လ ရာထူး တဆင့်လျှော့တယ်လို့ သိရတယ်၊ အရှေ့ထောင်ပိုင်တွေက အပြင်သတင်းပေါက်အောင် ပေါ့လျော့တဲ့အတွက် ရာထူးက အချခံလိုက်ရတယ်ပေါ့၊ ငါလည်း ရာထူးက အချခံလို့မရဘူးဆိုတဲ့ အတွေးမျိုး နောက်ထောင်ပိုင်မှာလည်း ဝင်မှာပဲ။ အဲဒီတော့ အတွင်းထဲက ကျနော်တို့ ရဲဘော်တွေရဲ့အနေအထားက ပိုပြီးတော့ စိုးရိမ်စရာကောင်းလာတယ်၊ ပိုပြီးတော့ ဖိနှိပ်ခံရဖို့တွေရှိနေတယ်”လို့ ပြောပါတယ်။

မုံရွာထောင်မှာ အစာငတ်ခံဆန္ဒပြပြီးနောက် ရက်ပိုင်းအတွင်းမှာ နိုင်ကျဉ်းတွေရဲ့တောင်းဆိုမှုကို လက်ခံတယ်ဆိုပြီး အကျဉ်းဦးစီးဘက်က အချိုသပ်ပြီး ပြဿနာကိုထိန်းခဲ့ပါတယ်။

ဒါပေမဲ့ အချိန်တလကျော်အတွင်းမှာ ထောင်ပိုင်အပါအဝင် ဝန်ထမ်းတွေကို ရာထူးက ရပ်စဲတာ၊ အစာငတ်ခံဆန္ဒပြသူတွေတောင်းဆိုတာကိုမလိုက်လျောဘဲ ပိုပြီးဖိနှိပ်တာ စတဲ့သတင်းတွေဟာ အပြင်ကို ထပ်မံပေါက်ကြားခဲ့တာပါ။

အစာငတ်ခံ ဆန္ဒပြမှုနဲ့ ပတ်သက်ပြီး မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်၊ ကိုမိုးငြိမ်းအောင်၊ ကိုမိုးကျော်ထက်၊ ကိုနေဇင်မင်းထက်၊ ကိုနေဆန်း၊ ကိုချမ်းငြိမ်းအောင်၊ ကိုရဲရင့်သူ၊ ကိုကျော်စိုးအေး၊ ကိုအောင်သူဟိန်းတို့ ၉ ဦး လျှော့ရက် တနှစ်ပိတ်ခံရတယ်လို့  ကိုရှင်းသန့်က ပြောပါတယ်။

“ဒါက လျှော့ရက်က  တနှစ် အပိတ်ခံရတာပေါ့။ ထောင်အာဏာပိုင်တွေဘက်က လုံးဝဂရုမစိုက်ဘူး။ ပစ်ထားတယ်၊ ကျန်းမာရေးရော၊ တောင်းဆိုမှုတွေရော၊ လုံးဝမသိကျိုးကျွံပြုနေတဲ့အတွက် ကျန်တဲ့ နိုင်ငံရေးအကျဉ်းသားရဲဘော်တွေက မသိကျိုးကျွံပြုတာကို ရပ်ဖို့အတွက် တောင်းဆိုတဲ့အခါ အော်ဟစ်ပြီးတော့ တောင်းဆိုတာတွေ ရှိတယ်ပေါ့လေ။ အော်ဟစ်ပြီး တောင်းဆိုတဲ့အတွက် နိုင်ကျဉ်းရဲဘော် ၁၇ ဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၄၇ နဲ့ တရားစွဲဆိုထားတယ်”လို့ ပြောပါတယ်။

မုံရွာထောင်ကို ထောင်ပိုင်အသစ်အဖြစ် ဘယ်သူ ထပ်ရောက်လာမယ်ဆိုတာ မသိသေးတဲ့အတွက် အခြေအနေကို မှန်းဆလို့မရနိုင်သေးပေမယ့် ပိုပြီးဖိနှိပ်ခံရမယ့်အလားလာက ပိုများနေတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက သုံးသပ်ပါတယ်။

နိုင်ငံရေးအကျဉ်းသား ၁၇ ယောက်ကို မူလအမှုတွေအပြင် ရုန်းရင်းဆန်ခတ်မှု ပုဒ်မ ၁၄၇ နဲ့ ထောင်တွင်းတရားရုံးမှာ ထပ်ပြီးစွဲဆိုထားပါတယ်။ ဒီအမှုဟာ အမြင့်ဆုံးထောင်ဒဏ် ၂ နှစ်အထိ ချမှတ်ခံရနိုင်တဲ့ ပုဒ်မ ဖြစ်ပါတယ်။

မုံရွာမြို့ခံတဦးက “ယူအန်တို့ ဘာတို့ပေါ့နော်၊ သူတို့လုပ်မယ်ဆို လုပ်လို့ရတာ အများကြီးပါ။ ခုမှမဟုတ်ဘူး တော်လှန်ရေးစကတည်းက လုပ်နေတာ ဘာရှိလဲ စာထုတ်တယ်၊ စိုးရိမ်ပူပန်တယ်၊ ဝမ်းနည်းတယ်၊ ဒါ့အပြင် ဘာမှထိရောက်တဲ့ Action မတွေ့ခဲ့ရဘူးလေ၊ ICRC ကရော စာထုတ်တာလောက်ပဲ ရှိတာကိုး။ သူတို့ကိုလည်း တကယ်အလုပ်လုပ်စေချင်တယ်ပေါ့နော်၊ စာနဲ့ လေလှိုင်းပေါ်က မဟုတ်ဘဲနဲ့ တကယ်အလုပ်လုပ်စေချင်တယ်”လို့ ပြောပါတယ်။ 

ဇူလိုင်လအတွင်းက အကျဉ်းဦးစီးဌာနကို ညွှန်ကြားရေးမှူးချုပ်သစ်အဖြစ်ရောက်လာသူ စစ်ကောင်စီတပ်၊ ရှမ်းပြည်တောင်ပိုင်း၊ ကျိုင်းတောင်းမြို့အခြေစိုက် အမှတ် ၃ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း(တတက ၃) ကျောင်းအုပ်ကြီး ဗိုလ်ချုပ်မျိုးဆွေဟာ ရာထူးယူပြီးမကြာခင်မှာပဲ အကျဉ်းထောင်တွေရှိ နိုင်ငံရေးအကျဉ်းသားတွေကို ဖိအားပေး ခြိမ်းခြောက်တာတွေ ဆက်တိုက်ပြုလုပ်ခဲ့တာပါ။

စက်တင်ဘာ ၈ ရက်တုန်းက မုံရွာထောင်တွင်းမှာ အစာငတ်ခံ ဆန္ဒပြခဲ့တဲ့ နိုင်ကျဉ်းတွေက အကျဉ်းသားတွေရဲ့ ပစ္စည်းတွေကို ပြန်ပေးဖို့၊ အပြင်ကပို့တဲ့ ထောင်ဝင်စာနဲ့ ပါဆယ်တွေကို အရင်လို လက်ခံရယူနိုင်ဖို့၊ အစာငတ်ခံ ဆန္ဒပြနေတဲ့ အကျဉ်းသားတွေရဲ့ ကျန်းမာရေးဆိုင်ရာ ကိစ္စတွေကို အကျဉ်းဦးစီးက အပြည့်အဝတာဝန်ယူဖို့ စတဲ့ အချက်သုံးချက် တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

သုတချမ်းသာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024