Home
ဆောင်းပါး
မင်းအောင်လှိုင် အသည်းခွဲရက်တဲ့ ဘေဂျင်း
DVB
·
October 19, 2023

မင်းအောင်လှိုင်ခမျာ နိုင်ငံရေးကျပ်မပြည့်လေတော့ နိုင်ငံ့ခေါင်းဆောင်တစ်ဦးအဖြစ် နိုင်ငံခြားခရီးစဉ် သိပ်သွားချင်ခဲ့တယ်။ ပြည်ပ အင်အားကြီးနိုင်ငံတစ်ခုခုက တူတူတန်တန် ဖိတ်ခေါ်၊ လေယာဉ်ပေါ်က အဆင်း ကောဇောနီပေါ် ဖြတ်လျှောက်ကာ ဂုဏ်ပြုတပ်ဖွဲ့ အလေးပြုခံ နိုင်ငံ့ခေါင်းဆောင်ကြီးအဖြစ်။ သမ္မတရူး ရူးနေတော့လည်း သိပ်ဟန်လုပ်ချင်တာ ဘယ်ဆန်းပါ့မလဲ။

မင်းအောင်လှိုင်က မအောင်မြင်တဲ့ အာဏာသိမ်းပွဲ စတင်ပြီး မကြာ၊ သမ္မတအိမ်တော်ပေါ်  ချက်ချင်း တက်၊ သမ္မတစလွယ်တွေ ဘာတွေလည်း ရဲရဲတင်းတင်း သိုင်းလို့ ဘယ်သူမှ မရှိတဲ့အချိန် လက်သီးလက်မောင်းလည်း တန်းနေမှာ သေချာရဲ့။ ဘာကြောင့်လဲဆိုတော့ သမ္မတ ရာထူးဆိုတာ မင်းအောင်လှိုင် ရူးခါနေတဲ့အိပ်မက် မဟုတ်လား။

ဒုတိယအာဏာရှင် သန်းရွှေရဲ့ အမိန့်အမှာ သိန်းစိန် ပြီးရင် ရွှေမန်း၊ ပြီးတော့ မင်းအောင်လှိုင် သမ္မတ လုပ်စေ ဆိုလား။ သိန်းစိန်ပြီးတော့ ရွှေမန်း သမ္မတမဖြစ်ဘဲ ပြည်သူ့အာဏာကို ပြည်သူတွေက တရားနည်းအတိုင်း သိမ်းပိုက်ခဲ့လေတော့ မင်းအောင်လှိုင် ခဲလေသမျှ ဆတ်ဆတ်ခါခဲ့ရတယ်။

ဘာပဲဖြစ်ဖြစ် ၂၀၂၀ ရွေးကောက်ပွဲမှာ ကြံ့ဖွတ်သာ အစိတ်သား စစ်တပ်အမတ်တွေနဲ့ပေါင်းပြီး အစိုးရဖွဲ့နိုင်ခဲ့ရင် သူ သမ္မတဖြစ်နိုင်သေးရဲ့လို့ ဆက်အိပ်မက်မက်ကြည့်ပြန်တယ်။ ကြံ့ဖွတ် ရွေးကောက်ပွဲနိုင်အောင် ဘယ်လို ကြိုးစားကြမလဲဆိုတဲ့ နိုင်ငံရေးနည်းလည်း မသိ၊ သိအောင် ကြိုးစားနိုင်တဲ့ ဉာဏ်ရည်ကလည်း မရှိလေတော့ သုံးနေကျ အောက်လမ်းနည်းနဲ့ပဲ ရှေ့သို့ချီနေတဲ့ တိုင်းပြည်ကို ခြေထိုးခံခဲ့တယ်။ NLD အစိုးရ ခလုတ်တိုက်မိရင် လက်ညှိုးထိုးပြပြီး ကြံ့ဖွတ် မဲရအောင် ကြံစည်မယ်ဆိုတဲ့ အောက်တန်းစား မဟာဗျူဟာ။

ပြည်သူတွေက စစ်အုပ်စုကို လုံးဝလက်မခံကြောင်း ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီကို ဆက်ပုံအောခဲ့လေတော့ မင်းအောင်လှိုင် ချုံးပွဲချ ငိုခဲ့ရတယ်။ နိုင်ငံရေးအရှက်တရားလည်း ငါးပြားတောင် မရှိလေတော့ သူ့ကို သမ္မတ ခန့်ဖို့ NLD ခေါင်းဆောင်တွေဆီ လူလွှတ်ပြောရှာတယ်။ မရတဲ့အဆုံးမှာတော့ နောက်ဆုံးနည်းဖြစ်တဲ့ အာဏာသိမ်းခြင်းနဲ့ သမ္မတရူးအိပ်မက်ကို အသက်ဆက်ခဲ့တယ်။

သမ္မတရူး ရူးပြီး ဘယ်ကြာလိမ့်မလဲ။ အာဆီယံခေါင်းဆောင်တွေက ဖိတ်ခေါ်လို့ အာဆီယံနိုင်ငံ ခေါင်းဆောင်တွေထဲက ခေါင်းဆောင်တစ်ယောက်ဆိုတဲ့ မာန်နဲ့ ၂၀၂၁ ခုနှစ်၊ ဧပြီ ၂၄ ရက်မှာ မင်းအောင်လှိုင် ဂျကာတာသို့  ရင်တွေ ဘာတွေကော့လို့ နှင်တယ်။ ဂျကာတာရောက်ရင် အာဆီယံခေါင်းဆောင်တွေကို အာဏာသိမ်းတာမဟုတ်ကြောင်း ရှင်းပြကာ စစ်ကောင်စီရဲ့ လမ်းပြမြေပုံကို ချပြလိုက်မယ်လို့ စိတ်ကူးယဉ်ခဲ့ပုံပါပဲ။ ဟိုရောက်တော့ လူကြီးလူကောင်းတွေရဲ့ စကားဝိုင်းထဲ ရောက်သွားတဲ့ အလိုလို သိမ်ငယ်စွာနဲ့ စကားတစ်ခွန်း မဟနိုင်။ အာဆီယံခေါင်းဆောင်တွေ ပြောသမျှ ခေါင်းညိတ်ကာ မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ဆင်ခြေ တစ်ခွန်းမပေးရဲဘဲ လက်မှတ်ထိုးခဲ့ရတယ်။ ပြောရရင် မအောင်မြင်တဲ့ အာဏာသိမ်းပွဲအလွန် မင်းအောင်လှိုင်ရဲ့ ပထမဆုံးနိုင်ငံခြားခရီးစဉ်ဆိုတာ အငေါက်အငမ်းခံ ခရီးစဉ်အဖြစ် စံချိန်တင်ခဲ့တယ်။

အဲဒီနောက် လက်နက်ဖောက်သည်ကြီးအဖြစ် ရုရှားက ဖိတ်လို့ မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်တွေ ရှိလာပါတယ်။ မင်းအောင်လှိုင်ဟာ ဟန်ကြီးပန်ကြီးနဲ့ ရုရှားမှာ ပြုလုပ်တဲ့ အရှေ့ဖျားဖိုရမ်မှာ မိန့်ခွန်းပြောကြားခဲ့ရာ မြန်မာဘာသာနဲ့သာ ပြောကြားခဲ့ပြီး မြန်မာစစ်ဗိုလ်ချုပ်တို့ရဲ့ထုံးစံအတိုင်း ဆွဲဆောင်မှုမရှိစွာနဲ့ မိန့်ခွန်းပြောနိုင်စွမ်းရှိသူမို့ မြန်မာပြည်သူတွေ ဟားတိုက်ကြပါတယ်။

အဲဒီ ရုရှားခရီးစဉ်တွေမှာ ထပ်တွေ့ရတာက မင်းအောင်လှိုင်ဆီမှာ ဒေါ်အောင်ဆန်းစုကြည်လို ဖြစ်ချင်တဲ့ စိတ္တဇရှိနေသလားဆိုတဲ့ သံသယပါပဲ။ ဘာလို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားခရီးစဉ်တွေ သွားတဲ့အခါ အိမ်ရှင်နိုင်ငံတွေက နိုင်ငံတကာအဆင့် မီဒီယာကြီးတွေနဲ့ တွေ့ဆုံ အင်တာဗျူးလေ့ရှိသလို မင်းအောင်လှိုင်ကလည်း ရုရှားမှာ ရုရှားမီဒီယာတစ်ခုနဲ့ အင်တာဗျူးခံတာကြောင့်ပါပဲ။

ပြဿနာက ဒေါ်အောင်ဆန်းစုကြည်က အင်္ဂလိပ်လိုပဲ မိန့်ခွန်းပြောပြော၊ အင်တာဗျူးပဲ ဖြေဖြေ လူနားထောင်ချင်စဖွယ် အထက်တန်းကျကျ ပြောဆိုနိုင်ပြီး မင်းအောင်လှိုင်ကတော့ မြန်မာလို အင်တာဗျူးပြန်ဖြေလည်း လူမမာတစ်ယောက်ရဲ့ ခြောက်ကပ်ကပ်လေသံနဲ့ ဋ္ဌာန်ကရိုဏ်းမကျ ဆွဲဆောင်မှုမဲ့ ပြောဆိုနိုင်ခြင်းပါပဲ။

မိတ်ဆွေ အငြိမ်းစားတပ်အရာရှိကြီတစ်ဦးက ဒေါ်အောင်ဆန်းစုကြည်လို ဖြစ်ချင်တဲ့ရောဂါဟာ မင်းအောင်လှိုင်မှ မဟုတ်၊ ရွှေမန်းရော သိန်းစိန်ရော တခြားစစ်ဗိုလ်ချုပ်တော်တော်များများမှာ ရှိတယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လို ပြည်သူတွေ လှိုက်လှိုက်လှဲလှဲ ထောက်ခံတာ ခံချင်တဲ့ရောဂါ။ ဒေါ်အောင်ဆန်းစုကြည်လို နိုင်ငံတကာခရီးစဉ်တွေမှာ နိုင်ငံတကာခေါင်းဆောင်တွေ ကိုယ်တိုင် လှိုက်လှိုက်လှဲလှဲ ကြိုဆို နေရာပေးတာခံချင်တဲ့ ရောဂါ။

ဒေါ်အောင်ဆန်းစုကြည်ကို ဘာကြောင့် ပြည်သူတွေ ထောက်ခံကြသလဲဆိုတာကျ သူတို့ ဆက်မတွေး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဉာဏ်ပညာ၊ ရိုးသားမှုနဲ့ ပြည်သူနဲ့တိုင်းပြည်အတွက် ဘဝတစ်ခုလုံး ပုံထားရဲတဲ့ စိတ်ဓာတ်မျိုးက စစ်ဗိုလ်ချုပ်တွေနဲ့  နှစ်ဘဝမက ဝေးကွာလွန်းလှ။

အာဏာနဲ့ သိုက်တူးရာမှာ ကျွမ်းကျင်လွန်းလှတဲ့ စစ်ဗိုလ်ချုပ်တွေက သူတို့လည်း ဒေါ်အောင်ဆန်းစုကြည်လို ဖြစ်နိုင်တာပဲလို့ မတန်မရာ စိတ်ကူးယဉ်ကြပြီး ဒေါ်အောင်ဆန်းစုကြည်လို ဖြစ်မှာမဟုတ်မှန်း အသေအချာသိလိုက်ချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ်  ကြောက်မက်ဖွယ် အာဃာတတွေနဲ့ အငြိုးကြီးပါတော့တယ်။

အခု မင်းအောင်လှိုင်ရဲ့ အခြေအနေကတော့ ဒေါ်အောင်ဆန်းစုကြည်လို ဖြစ်ချင်တဲ့ စိတ္တဇကို လုံးဝ ဖယ်ရှားပစ်လိုက်တာ သေချာပါတယ်။ ဘာလို့လဲဆိုတော ပြည်သူကို ရက်ရက်စက်စက် သတ်ဖြတ်ခြင်းနည်းနဲ့သာ အာဏာရရှိဖို့ ကြိုးစားနေခြင်းကြောင့်ပါပဲ။ ဒါပေမဲ့ သူ့ခမျာ သမ္မတရူး အိပ်မက်ကို ဆက်မက်နေသေးတာ ဆိုတော့ နိုင်ငံရေး လူရာဝင်ချင်စိတ်ကတော့ ဘယ်ကုန်ပါ့မလဲ။

နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ကြဉ်၊ အာဆီယံကလည်း အဖက်မလုပ်လေတော့ အိမ်နီးချင်း တရုတ်ရဲ့ လူရာသွင်းတာလောက် သိပ်ခံချင်ရှာမှာပါပဲ။ တရုတ်ရဲ့ လူရာသွင်းခြင်းဟာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ သံတမန်ရေး ထိုးနှက်ချက်တွေကို ခုခံဖို့ရာ စိတ်ဓာတ်ခွန်အား ဖြစ်စေမှာမို့ သိပ်အရေးပါလှပါတယ်။

၂၀၂၂ ခုနှစ်၊ ဇူလိုင်လအတွင်း ပုဂံမှာ ပြုလုပ်တဲ့ လန်ချား-မဲခေါင် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးလာတက်တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မင်းအောင်လှိုင်ကို အဖက်လုပ် တွေ့ဆုံခြင်းမရှိတာကြောင့် မင်းအောင်လှိုင် သိမ်ငယ်ခဲ့ရဖူးတယ်။ အခု ပြုတ်သွားပြီဖြစ်တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်း  မေလ ၂ ရက်နေ့တုန်းက နေပြည်တော်ကို ရောက်ရှိလာကာ မင်းအောင်လှိုင်နဲ့ တွေ့ဆုံတော့ ငါဟဲ့ မင်းအောင်လှိုင်ဆိုပြီး ဂုဏ်မောက်ရုံတင်မက တရုတ်အစိုးရကပဲ သူတို့စစ်အုပ်စုကို ထောက်ခံသယောင် လိမ်ညာဝါဒဖြန့်ခဲ့ပါသေးတယ်။

အခု တရုတ်နိုင်ငံ၊ ဘေဂျင်းမှာ အောက်တိုဘာ ၁၇ ရက်ကနေ ၁၈ ရက်နေ့အထိ ကျင်းပခဲ့တဲ့ တတိယအကြိမ် ရပ်ဝန်းနဲ့ ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်။ မြန်မာနိုင်ငံဟာ တရုတ် ပိုးလမ်းမ မဟာစီမံကိန်းကြီးရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတရပ် ဖြစ်သလို ၂၀၁၉ ခုနှစ်၊ ဧပြီမှာ ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် ရပ်ဝန်းနဲ့ ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ဖူးပါတယ်။

အခုတတိယအကြိမ် ဖိုရမ်ကို မင်းအောင်လှိုင် တက်ရောက်မယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။ အဲဒီဖိုရမ်ကို နိုင်ငံတကာခေါင်းဆောင်တွေ တက်ရောက်ကြမှာဖြစ်လို့ ဒီလိုပွဲမျိုးမှာ လမ်းသလားပြခွင့်ရရေးဟာ မင်းအောင်လှိုင်အတွက် သိပ်အရေးပါပါတယ်။ ပြောရရင် မင်းအောင်လှိုင် နိုင်ငံရေး သက်ဆိုးရှည်ရေးအတွက် ပိုးလမ်းမဖိုရမ် တက်ရောက်ခွင့်ရခြင်းဟာ အထောက်အပံ့ကောင်း ဖြစ်စေပါမယ်။ ဒါ့ကြောင့် ဘေဂျင်းက သူ့ကို ဖိတ်ဖို့ မင်းအောင်လှိုင် အသည်းအသန် မျက်ရည်ခံထိုးမှာ သေချာပါတယ်။

ဒါပေမဲ့ ဘေဂျင်းက မင်းအောင်လှိုင်ကို နိုင်ငံရေးလူရာမသွင်းကြောင်း ဖိုရမ်မဖိတ်ခြင်းနည်းနဲ့ သက်သေပြလိုက်ပါတယ်။ အကျိုးမျှော်ဆက်ဆံတတ်လွန်းတဲ့ တရုတ်က မင်းအောင်လှိုင်မှာ နိုင်ငံရေး အနာဂတ်မရှိဘူးလို့ ကောက်ချက်ချလိုက်ပုံလည်း ရပါတယ်။ ပိုဆိုးတာက သူတို့စစ်အုပ်စုကြား မင်းအောင်လှိုင်ရဲ့ ပြိုင်ဘက် မြထွန်းဦးကို ရွေးချယ်ကာ  တတိယအကြိမ်ဖိုရမ် တက်ရောက်ခွင့်ပြုခြင်းပါပဲ။

ဘေဂျင်းဟာ မင်းအောင်လှိုင်ကို အသည်းခွဲပစ်ရုံတင်မက ကွဲနေတဲ့အသည်းထဲ ဆားပါ ပက်ထည့်လိုက်တာလားလို့ မေးခွန်းထုတ်ရပါတော့မယ်။

ထွန်းလင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024