Home
မြန်မာသတင်း
စစ်တောင်းမြစ်ရေ မြင့်တက်သဖြင့် ညောင်လေးပင်ခရိုင်တွင် စပါးခင်းများပျက်စီး
DVB
·
October 18, 2023

ကရင်အမျိုးသားအစည်းရုံး (ကေအန်ယူ) ထိန်းချုပ်နယ်မြေ တပ်မဟာ-၃ ညောင်လေးပင်ခရိုင်မှာ စစ်တောင်းမြစ်ရေ မြင့်တက်လို့ ဒေသခံတွေ စိုက်ပျိုးထားတဲ့ စပါးခင်းတွေ ဧကထောင်ချီ နစ်မြုပ်ပျက်စီးကုန်တယ်လို့ ကရင်အရပ်ဘက်အဖွဲ့အစည်းထံက သိရပါတယ်။

ရေကြီးမှုကြောင့် ကျေးရွာပေါင်း ၁၈ ရွာက လယ်တွေ ပျက်စီးဆုံးရှုံးခဲ့ပြီး ဧက ၇,၀၀၀ ကျော် ရေနစ်မြုပ်ခဲ့ပါတယ်။

ကရင်အရပ်ဘက်အဖွဲ့အစည်းတာဝန်ရှိသူတဦးက  “စစ်တောင်းမြစ်ရေတက်တော့ စစ်တောင်းမြစ် အနောက်ခြမ်းက ရွာတွေ၊ လယ်တွေ၊ စပါးတွေ ရေမြုပ်နေတာ ခုချိန်ထိပဲ။ ရေက လျော့တော့ လျော့သွားပေမဲ့ စပါးမှည့်တွေ ပျက်စီးတဲ့အထဲ တော်တော်ပါသွားတယ်။ စစ်တောင်းမြစ်ကမ်းဘေးက ရွာတွေ လယ်တွေ တော်တော်များများလည်း မြုပ်သွားတယ်” လို့ ဆိုပါတယ်။

ရေနစ်မြုပ်ခံရတဲ့ရွာတွေရဲ့ လူဦးရေ ၃ ပုံ ၁ ပုံမှာ စစ်ရှောင်နေကြပြီး အဆိုပါဒေသမှာ စပါးနဲ့ ပဲကို အဓိက စိုက်ပျိုးပါတယ်။

ဒေသခံတဦးက “ဒီရက်ပိုင်း ရေက အောက်ဘက်ကိုဆင်းလာတာ (မြောက်ဘက်ကနေ တောင်ဘက်) ကျောက်တံခါးဘက်က ရေမြုပ်နေတုန်းပဲ။ စပါးမှည့်တာတွေ အကုန် လယ်ကွင်းထဲမှာ မြုပ်ကုန်တာ ဖွေးနေတာပဲ။ တချို့က(စပါး) ရေကျရင်တော့ ပြန်ရမှာပေါ့” လို့ ပြောပါတယ်။

၂၀၂၃ သြဂုတ်လကစပြီး ညောင်လေးပင်ခရိုင် ရေကြီးမှုကြောင့် လယ် ၇,၁၇၇ ဒသမ ၄၉ ဧက ရေမြုပ်ခဲ့ပြီး ၂,၉၅၇ ဒသမ ၇၈ ဧက ပျက်စီးကာ ပြည်သူ ၅,၀၀၀ နီးပါး လူသားထောက်ထားမှုဆိုင်ရာ အကူအညီ လိုအပ်နေတယ်လို့ ကေအန်ယူ ထုတ်ပြန်ချက်အရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024