Home
မြန်မာသတင်း
ဘုတ်ပြင်းမြို့နယ်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
DVB
·
October 18, 2023

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းကုန်းရှိ စစ်ကောင်စီအဖွဲ့ဝင်တွေကို အောက်တိုဘာ ၁၄ ရက် မနက် ၅ နာရီမှာ ဒေသတွင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေကနေ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ စစ်ကောင်စီစခန်းကုန်းနဲ့ သူတို့ကို တိုက်ခိုက်ဖို့ မြို့ထဲကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ရောက်ရှိ‌နေတာကို သတင်းကြားပြီး မြစ်ဆိပ်အောက်ကမ်းကနေ လှေတစီးနဲ့ ထွက်ပြေးသွားတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ ပြည်သူ့စစ်‌တွေကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက တပြိုင်နက် သွားရောက်တိုက်ခိုက်ခဲ့ကြပြီး အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်ရင်းကနေ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာတွေ ရှိခဲ့ပြီး ဥယျာဉ်ခြံမှာနေထိုင်တဲ့ အမျိုးသားတဦးမှာ လက်နက်ကြီးထိမှန်ဒဏ်ရာ ရခဲ့ကာ မစိုးရိမ်ရဘူးလို့ သိရပါတယ်။

ဘုတ်ပြင်း ပဖက တာဝန်ခံတဦးက “သူက ဥယျာဉ်ခြံမြေထဲမှာ နေရင်းနဲ့ လက်နက်ကြီးကျည်စ ထိမှန်တာ‌ပါ။ ဒဏ်ရာ တအားမများဘူးလို့ ပြောတယ်။ တော်လှန်ရေးအင်အားစုဘက်ကို မှန်းဆပြီး ပစ်တော့ ဥယျာဉ်ခြံဘက်ကျပြီး ထိမှန်တာပါ။ အခုတောင် စစ်ရေးတင်းမာနေတယ်။ ညဘက်ဆို ရမ်းပြီး လိုက်ပစ်နေတုန်းပဲ” လို့ ပြောပါတယ်။

နှစ်ဖက်ပစ်ခတ်မှုဖြစ်ပြီးတော့ မနက် ၆ နာရီခွဲလောက်မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့ဘက်ကနေ အထိအခိုက် ကျဆုံးမရှိဘဲ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

အဆိုပါ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုမှာ စစ်ကောင်စီဘက်က ၄ ဦး ကျဆုံးခဲ့ပြီး အရာရှိ ၁ ဦးနဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၂ ဦး ဒဏ်ရာရရှိခဲ့ကာ နောက်ထပ် ထိခိုက်ကျဆုံးတာတွေ ရှိနိုင်သေးတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကို ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ flying Star Force အဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ကော့သောင်းခရိုင် အမှတ် ၁ တပ်ရင်း ပူးပေါင်းအဖွဲ့တို့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဒေသခံပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ ပြည်သူ့စစ်အဖွဲ့တွေကို အတတ်နိုင်ဆုံး ရှောင်ရှားပြီး နေထိုင်သွားကြဖို့‌ ‌ေဒသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက သတိပေး ထုတ်ပြန်ထားပါတယ်။

Photo-flying star force

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024