Home
နိုင်ငံတကာ
အစ္စရေးပဋိပက္ခတွင် ဝင်မစွက်ဖက်ရန် အီရန်နှင့် ဟစ်ဇ်ဘိုလာကို ဂျာမနီ သတိပေး
DVB
·
October 18, 2023

အရှေ့အလယ်ပိုင်းဒေသမှာ ပဋိပက္ခ အရှိန်အဟုန် မြင့်လာတာကို ဟန့်တားဖို့ ဂျာမနီအဓိပတိ အိုလာ့ဖ် ရှို့လ်ဇ်က တောင်းဆိုခဲ့ပြီး အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား ပဋိပက္ခမှာ ဟစ်ဇ်ဘိုလာနဲ့ အီရန်တို့က ကြားဝင်စွက်ဖက်တာ မလုပ်ဖို့ အောက်တိုဘာ ၁၇ ရက်မှာ သတိပေးခဲ့ပါတယ်။

အစ္စရေးနိုင်ငံဆီ မသွားရောက်မီ ဂျော်ဒန်ဘုရင်နဲ့ တွေ့ချိန်မှာ ရှို့လ်ဇ်က မှတ်ချက်ပြု ပြောလိုက်တာပါ။

ရှို့လ်ဇ်က ဂျာမနီဟာ အစ္စရေးကို လုံးဝထောက်ခံတယ်လို့ ထပ်ပြောခဲ့ပေမဲ့ အစ္စရေးနဲ့ ပါလက်စတိုင်းတို့ကြား ဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ ဂါဇာက ပြည်သူတွေကို ထောက်ပံ့မှု အခြေအနေအပေါ် အမြင်တွေကို သုံးသပ်ရာမှာ နှံ့စပ်တဲ့ အကျပ်အတည်း ဖြေရှင်းရေး သံခင်းတမန်ခင်း နည်းလမ်းကို သုံးဖို့ တောင်းဆိုခဲ့ပါတယ်။

ဟားမတ်စ်တွေရဲ့ လုပ်ရပ်အတွက် ပါလက်စတိုင်း အားလုံးအပေါ် တာဝန်ပုံမချဖို့ကိုလည်း ရှို့လ်ဇ်နဲ့ ဂျော်ဒန်ဘုရင် အဗ္ဗဒူလာက သတိပေးခဲ့ပါတယ်။

နှစ်ဖက်စလုံးက အရပ်သားတွေကို ကာကွယ်ဖို့ တိုက်တွန်းရင်း ဂျော်ဒန်ဘုရင် အဗ္ဗဒူလာက ဒေသက ချောက်ကမ်းပါးစွန်းပေါ် ရောက်နေပြီလို့ သတိပေးခဲ့ပါတယ်။

ပါလက်စတိုင်းဒုက္ခသည်တွေကို အီဂျစ် ဒါမှမဟုတ် ဂျော်ဒန်ဆီ တွန်းပို့ဖို့ မကြိုးစားဖို့ကိုလည်း ဂျော်ဒန်ဘုရင်က သတိပေးခဲ့ပါတယ်။

ဂါဇာကမ်းမြောင်နဲ့ အနောက်ဘက်ကမ်းက လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းရမယ်လို့ ဆိုပါတယ်။

ဂျော်ဒန်လူဦးရေရဲ့ သုံးပုံတပုံက ပါလက်စတိုင်းနွယ်ဖွားတွေ ဖြစ်နေပြီလို့လည်း သူက အလေးပေး ပြောကြားခဲ့ပါတယ်။

ရှို့လ်ဇ်က ဂျော်ဒန်ကို နောက်ထပ်အကူအညီတွေပေးဖို့ အာမခံခဲ့ပြီး ဂျာမနီဟာ အစ္စရေးရဲ့ အိမ်နီးချင်း ဂျော်ဒန်ရဲ့ ဒုတိယအကြီးဆုံး ကူညီထောက်ပံ့သူဖြစ်တယ်လို့ ထောက်ပြခဲ့ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024