Home
မြန်မာသတင်း
မအူပင်ခရိုင်တွင် ကြံ့ခိုင်ရေးပါတီက နေ့တွက်ကြေးပေးပြီး ပါတီစည်းရုံးရေးလုပ်နေ
DVB
·
October 18, 2023

ဧရာဝတီတိုင်း၊ မအူပင်ခရိုင်ထဲက မြို့နယ်တွေမှာ ကြံ့ခိုင်ရေးပါတီက စည်းရုံးရေးအတွက် အစည်း အဝေးတွေပြုလုပ်နေပြီး တက်ရောက်သူတွေကို ငွေကျပ် ၁၀၀၀၀ မှ  ၁၅၀၀၀ အထိ ပေးနေကြောင်း ဒေသခံတွေထံက သိရပါတယ်။

အစည်းအဝေးတွေ ပြုလုပ်ရာမှာ ကျေးရွာတွေကို အဓိကထား ပြုလုပ်နေတာဖြစ်ပြီး အရင် NLD ပါတီက တက်ကြွသူတွေပါ ပါဝင်နေ​ကြောင်း ဒေသခံတွေအကြား ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ညောင်တုန်းမြို့နယ်နေဒေသခံတဦးက “ပြောရရင်တော့ သာကူးတွေပေါ့ဗျာ။ ၂၀၂၀ ရွေးကောက်ပွဲတုန်းကလည်း သူတို့က ထိပ်ဆုံးကပဲ။ အခု ကြံ့ခိုင်ရေးပါတီက တယောက် တသောင်း ပေးတယ်လည်းဆိုရော သူတို့ပဲ ဦးဆောင်ပြီး သွားတက်နေကြတယ်” လို့ ပြောပါတယ်။

ကြံ့ခိုင်ရေးပါတီအနေနဲ့ မအူပင်ခရိုင်ထဲက မြို့နယ်တွေမှာ အခုနှစ် အောက်တိုဘာလက စတင်ကာ စည်းရုံးရေးအတွက် အစည်းအဝေးတွေ ပြုလုပ်နေပြီး တက်ရောက်မယ့်သူတွေရဲ့ စာရင်းယူကာ   တက်ရောက်သူတွေကို နေ့စားခပေးပြီး ပြုလုပ်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။

မဲဆွယ်ပွဲတက်ရောက်ခဲ့သူတဦးက “အစည်းအဝေးတက်ရမယ်ဆိုပြီး ခေါ်လို့သွားတာ။ အုပ်ချုပ်ရေးမှူးတွေဆီကတဆင့် တက်မယ့်လူစာရင်းနဲ့ တက်ရတာပါ။ ဟိုရောက်မှ ကြံ့ခိုင်ရေးနဲ့ ပတ်သက်တာတွေ ပြောတယ်။  မြို့နယ်အစည်းဝေးတွေမှာလည်း တက်ရောက်ကြောင်း လက်မှတ်ထိုးပြီးတာနဲ့ ၅၀၀၀ ပေးတယ် လို့ကြားတယ်။ တကယ်လည်း ပေးနေတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီကပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် ဧရာဝတီတိုင်းအတွင်း တခြားပါတီတွေက စည်းရုံးတာ ပြုလုပ်ခြင်းမရှိသေးပေမယ့် ကြံ့ခိုင်ရေးပါတီက နေ့စားခပေးပြီး ငွေအင်အားသုံးကာ စည်းရုံးလှုံ့ဆော်မှုတွေ ပြုလုပ်နေ​တာကြောင့် ဒေသခံတွေအကြား ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ပါတီဝင်အင်အား မမှန်မကန်တင်ပြထားတဲ့ နိုင်ငံရေးပါတီတွေထဲမှာ ကြံ့ခိုင်ရေးပါတီလည်း ပါဝင်တယ်လို့ စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကလည်း ပြောထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024