Home
မြန်မာသတင်း
မြိတ်မြို့ အင်းလေးကမ်းရပ်ကွက်က ပြည်သူအချို့ကို စစ်တပ်က ဖမ်းဆီး 
DVB
·
October 17, 2023

တနင်္သာရီတိုင်း၊ မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စု၊ အင်းလေးကမ်းရပ်ကွက်ရှိ ထူးထူးတိုးစက်ရုံက ဝန်ထမ်း တန်းလျားတွေ၊ နေအိမ်တွေနဲ့ စက်လှေတွေပေါ်ကို အောက်တို့ဘာ ၁၆ ရက် ည ၁၀ နာရီလောက် စစ်ကောင်စီတပ်က ဧည်စာရင်းစစ်တာကို အကြောင်းပြပြီး အတင်းဝင်ရောက်စစ်ဆေးကာ ရပ်ကွက်နေပြည်သူတချို့ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရပ်ကွက်နေပြည်သူတဦးက "သူတို့က ရုတ်တရက်ဝင်စစ်တာ၊ အခန်းထဲအထိဝင်စစ်တာ။ ပိုက်ဆံလိုတဲ့ ပုံကြီးဖြစ်နေတယ်၊ ဘာမှတော့မလုပ်သွားဘူး။ စက်ရုံကဝန်ထမ်းတွေကိုတော့ အာမခံ နဲ့ ပြန်လွှတ်ပေးလိုက်တယ်။ ၂ ယောက်စီ ဖမ်းတာတွေရှိတယ်။ ပြီးရင် အဲနားကဆိုင်ထဲ၊ လှေထဲက လူတော်တော်များများပါသွားပါတယ်" လို့ ပြောပါတယ်။

စက်ရုံကဝန်ထမ်း ၆ ဦးနဲ့ ရေလုပ်သား ၅ ဦးလောက် အဖမ်းခံရကာ စက်ရုံဝန်ထမ်း‌တွေကိုတော့ အာမခံနဲ့ ပြန်လည်လွှတ်ပေးလိုက်ပြီး ကျန်သူတွေကိုတော့ ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

အဆိုပါဖမ်းဆီးခံရတဲ့သူတွေကို ၂ ယောက် ၁ တွဲစီနဲ့ ကား‌ပေါ်တင်ဆောင်သွားပြီး ဘာကြောင့် ဖမ်းဆီးတယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ မျက်မြင်သက်သေတဦးက ပြောပါတယ်။

‌"ထူးထူးတိုးစက်ရုံနားက ဆိုင်တွေကို ဝင်စစ်တာ။ ဖမ်းသွားတာ ၄ ယောက်၊ ၅ ယောက်လောက်ရှိတယ်။ ပစ္စည်းယူတာတော့ မရှိဘူး။ ခြိမ်းခြောက်တယ်၊ အဲလောက်ပဲလုပ်ကြတယ်" လို့ မျက်‌မြင်‌သက်သေက ပြောပါတယ်။

ဝင်ရောက်ဖမ်းဆီးရာမှာ စစ်ကောင်စီလက်အောက်ခံ ရဲ၊ စစ်သားတွေနဲ့ အရပ်ဝတ်အပါအဝင် အင်အား၂ဝ ကျော်နဲ့ ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် ဝင်ရောက်စစ်ဆေးဖမ်းဆီးတဲ့အခါမှာလည်း စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးစစ်ဆေးခံရသူတွေကို ‌သေနတ်နဲ့ပစ်သတ်မယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြိတ်မြို့မှာ ဧည်စာရင်းတိုင်ကြားရပြီး ဝင်ရောက်စစ်ဆေးချိန်မှာ ဧည်စာရင်းမတိုင်ကြားထားပါက ဖမ်းဆီးအရေးယူမယ်ဆိုပြီး အမိန့်ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

ယခင်ကလည်း အင်းလေးကမ်းရပ်ကွက်မှာ အခုလိုမျိုး ဧည်စာရင်းအကြောင်းပြပြီး စစ်ကောင်စီတပ်က နေအိမ်တံခါးတွေရိုက်ဖွင့်ကာ အင်အားသုံးဝင်ရောက် ရှာဖွေတာမျိုးတွေရှိတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024