Home
မြန်မာသတင်း
ပဲခူးမြို့တွင် ရေကြီးမှုကြောင့် ငါးကန်ဧက ၂,၂၀၀ ကျော် ပျက်စီးဆုံးရှုံး
DVB
·
October 17, 2023

ပဲခူးမြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ငါးကန်ဧက ၂,၂၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ငါးလုပ်ငန်းဦးစီးဌာနကနေ သိရပါတယ်။

ပဲခူးမြို့မှာ အောက်တိုဘာ ၈ ရက်နေ့တည်းက မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် တမြို့လုံး ရေနစ်မြုပ်ပြီး လူ ၄၀,၀၀၀ ကျော် ရေဘေးရှောင်ခဲ့ရသလို ငါးကန်ဧက ၃ ပုံ ၂ ပုံခန့် ပျက်စီးခဲ့တယ်လို့ ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။

“တမြို့လုံး ရေမြုပ်ပြီး လူ ၄,၀၀၀ ကျော်လောက်တောင် ရေဘေးရှောင်ခဲ့ရတော့ ငါးကန်တွေလည်း ရေမြုပ်တာပေါ့။ ရေက ထင်မှတ်ထားတာထက် ပိုများသွားလို့ အတားအဆီးတွေ ရှိနေပေမဲ့ ငါးကန်တွေ ပျက်စီးခဲ့တာပါ။ ပျက်စီးဧကက ၂,၃၀၀ နီးပါးလောက်ရှိပြီး ၃ ပုံ ၂ ပုံလောက် ပျက်စီးခဲ့ပါတယ်။ လက်ရှိ ကျနော်တို့ ကွင်းဆင်းပြီး လိုက်လံစစ်ဆေးနေဆဲဖြစ်လို့ ကျန်တာ အသေးစိတ် မသိရသေးပါဘူး။”

ငါးအစာဈေးနှုန်းတွေနဲ့ ငါး‌သားပေါက်ဈေးနှုန်းတွေ ၃ ဆလောက် တက်သွားတဲ့အပြင် ငါးကန်တွေ ရေနစ်မြုပ်သွားတာကြောင့် ဆုံးရှုံးမှုများသွားတယ်လို့ ငါးကန်မွေးမြူသူတဦးက ပြောပါတယ်။

“ငါးအစာအိတ်တအိတ်ကို အရင်နှစ်က ၃ သောင်းကျော် ၄ သောင်းလောက်ပဲရှိတာ။ အခု ၁ သိန်းကျော်သွားပြီ။ ဒီ‌နှစ်က ခါတိုင်း‌နှစ်တွေထက်ကို အရင်းအနှီး အများကြီးကုန်ထားပေမဲ့ ရေမြုပ်တော့ အကုန်ဆုံးရှုံးသွားတာ။ ရေမမြုပ်ခင်အချိန်မှာတည်းက ကြိုတင်ပြင်ဆင်မှုတွေ အများကြီးလုပ်ခဲ့တယ်။ ကန်အောက်ကနေ ရေဆင်းပိုက်တွေ ထုတ်ထားသလို အတားအဆီးအဖြစ် တာတွေ‌လည်း ဖို့ထားတယ်။ ရေက ထင်မှတ်မထားလောက်အောင် များတော့ ဘာမှလုပ်လို့မရတော့ဘူး။”

ရေနစ်မြုပ်တဲ့ ငါးကန်တွေကို ငါးလုပ်ငန်းဦးစီးဌာနက လာရောက်ကြည့်ပေမဲ့ နောက် မနစ်မြုပ်အောင် ပြုလုပ်ရမယ့် နည်းလမ်းတွေ ပြောပြပြီး ဓာတ်ပုံရိုက် ပြန်သွားတယ်လို့ သူက ဆက်ပြောပါတယ်။

ပဲခူးမြို့နယ်အတွင်းမှာ ငါးမွေးမြူရေးကန် ၃,၀၀၈ ဒသမ ၄၉ ဧကရှိရာ ၂,၂၂၁ ဒသမ ၁၁ ဧက ရေကြီးနစ်မြုပ်ခဲ့တယ်လို့ ငါးလုပ်ငန်းဦးစီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024