ကရင်အမျိုးသားအစည်းအရုံး၊ ကေအန်ယူထိန်းချုပ်နယ်မြေ တပ်မဟာ-၁၊ သထုံခရိုင် ဘီးလင်းမြို့ အလူးလေးကျေးရွာမှာ စစ်ကောင်စီဘက်က မကြာခဏ စစ်ကြောင်းထိုးလို့ လုပ်ငန်းတွေ ရပ်နားထားရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အလူးလေးကျေးရွာကို အလူးလေး၊ အလူးကြီး၊ အလယ်ရွာ၊ အလူးအနောက်နဲ့ အရှေ့ဆိုပြီး ၅ ရွာကို အိမ်ခြေ ၉၀၀ ရှိပါတယ်။
အလူးလေးကျေးရွာရဲ့ အဓိကစီးပွားရေးလုပ်ငန်းမှာ ဖက်ခုတ်ခြင်း(တောင်ထန်း)၊ ဖက်တံခွဲခြင်း၊ မီးသွေးဖိုဖုတ်ခြင်းနဲ့ ဝါးမျောတွေခုတ်ခြင်းတို့ ဖြစ်ပါတယ်။
ရွာခံတဦးက “စရှောင်တာ တန်ခူးလပြည့်ကျော် ၃ ရက်နေ့တည်းကပါ။ ခုက ဘာမှလုပ်မရဘူး၊ တောထဲတောင် မသွားရဲဘူး။ တောထဲကိုတော့ ရှောင်လေ့မရှိကြဘူး။ တောထဲထိ လိုက်ရှာဖမ်းလို့ပါ။ အခုအခြေအနေ အရင်ကလိုမဟုတ်တော့ အရင်က စုဆောင်းထားတာလေးနဲ့ စားသောက်နေရပါတယ်” လို့ ပြောပါတယ်။
ရွာသားတချို့က ရွာထဲပြန်နေကြပြီး စစ်ကောင်စီဘက်က လက်နက်ကြီး ရမ်းသန်းပစ်ခတ်တဲ့ အချိန်နဲ့ စစ်ကြောင်းတက်လာတာ သတင်းကြားတဲ့အခါ ပြန်ရှောင်ကြပြီး ဘုန်းကြီးကျောင်းက ကျွေးမွေးထားရတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ အလူးလေးကျေးရွာအနီးရှိ ခြင်္သေ့ ၂ ကောင် မုခ်ဝဘေးက နေအိမ်အနီးမှာလည်း ကင်းပုန်းဝပ်လေ့ရှိပြီး အဆိုပါအိမ်ထဲရှိ ပစ္စည်းတွေကို ဖောက်ထွင်းယူသွားတာ ၃ ကြိမ်ရှိပြီလို့လည်း အနီးနားရွာက အမျိုးသမီးတဦးက ပြောပါတယ်။
“ပထမအကြိမ် ငွေ ၃ သိန်းနဲ့ မှတ်ပုံတင် ယူသွားတယ်။ ဒုတိယတခါလာတော့ ရေစုပ်မော်တာစက် ယူသွားတယ်။ ပြီးခဲ့တဲ့လက ပထမဖောက်ခံရတဲ့အိမ်က အင်္ကျီ ၃ စုံ မသွားတာ၊ အိမ်ပိုင်ရှင်တွေကလည်း မနေရဲဘူးလေ။”
စက်တင်ဘာ ၄ ရက်ကလည်း အလူးလေးကျေးရွာ ကားလမ်းမဘေးမှာ တော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက် သေဆုံးမှု ဖြစ်ခဲ့ပါသေးတယ်။