Home
နိုင်ငံတကာ
ကိုလံဘီယာအစိုးရနှင့် ဖှားခ်သူပုန်အဖွဲ့  ငြိမ်းချမ်းရေးဆွေးနွေး
DVB
·
October 17, 2023

ကိုလံဘီယာအစိုးရဟာ နိုင်ငံရဲ့အကြီးဆုံး အတိုက်အခံ ဖှားခ်သူပုန်အဖွဲ့နဲ့ ၃ လကြာ အပစ်အခတ်ရပ်စဲရေးကို အောက်တိုဘာ ၁၃ ရက်မှာ ဆုံးဖြတ်အပြီးမှာ နှစ်ပေါင်း ၆၀ နီးပါး ပြည်တွင်  လက်နက်ကိုင်ပဋိပက္ခမှာ ဖှားခ်သူပုန်အဖွဲ့ရဲ့ပါဝင်မှုကို အဆုံးသတ်ရေးအတွက် တရားဝင် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို စတင်ခဲ့ပါတယ်။ 

ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဒါနီလို ရူအက်ဒါက “ကျနော်တို့မှာ အချိန်နည်းနည်းပဲ ရပြီး ၃ လတာ ကာလကို ဒီအသိုင်းအဝိုင်းတွေနဲ့ အတူတူ စမ်းသပ်ကြည့်မယ်”လို့ ပြောပါတယ်။

အက်စ်တာဒို မေယာစင်ထရလ် (EMC) ဗဟိုဦးစီးချုပ်အဖွဲ့နဲ့ အပစ်အခတ် ရပ်စဲရေးဟာ အောက်တိုဘာ ၁၇ ရက်ကနေ လာမယ့်နှစ် ဇန်နဝါရီ ၁၅ ရက်အထိ အသက်ဝင်မှာ ဖြစ်ကြောင်း အမိန့်ထုတ်ပြန်ခဲ့တာပါ။ 

ကိုလံဘီယာစစ်တပ်နဲ့ တရားမ၀င် လက်နက်ကိုင်အဖွဲ့တွေအကြား မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွား နေတတ်တဲ့ ဗင်နီဇွဲလားနယ်စပ်အနီး ကာတာတမ်ဘိုဒေသမှာ ကျင်းပခဲ့တဲ့ အခမ်းအနား အတွင်း ကိုယ်စားလှယ်တွေဟာ သဘောတူလက်မှတ် ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။

ကိုလံဘီယာအစိုးရ ကိုယ်စားလှယ် ဂလိုရီယာ ကီဆေးနိုးက  “ဒီအပစ်အခတ်ရပ်စဲရေးကို အရပ်သားပြည်သူတွေအပေါ် လေးစားမှုရှိဖို့ သဘောတူညီချက်ကို အခြေခံပြီး ချမှတ်ထားတာဖြစ်ကြောင်းနဲ့ ဒီအပစ်အခတ်ရပ်စဲရေးဟာ ၂ ဖက်အဖွဲ့တွေ သဘော သဘာဝအရ ယာယီအားဖြင့် တနိုင်ငံလုံးမှာအပြင် နယ်မြေဆိုင်ရာ သက်ရောက်မှုလည်း ရှိတယ်”လို့ပြောပါတယ်။ 

အက်စ်တာဒို မေယာ စင်ထရလ် (EMC) အဖွဲ့ဟာ ၂၀၁၆ ခုနှစ် ငြိမ်းချမ်းရေး သဘောတူညီချက်ကို လက်ခံခဲ့တဲ့ ကိုလံဘီယာတော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့ ဖှားခ်ပြောက်ကျားအဖွဲ့ကနေ ခွဲထွက်ထားတာဖြစ်ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနဲ့ တရားမဝင် ရွှေတူးဖော်နေတဲ့ ဒေသတွေမှာ တိုက်ပွဲဝင်အင်အား ၂၁၈၀ အပါအဝင် အဖွဲ့ဝင် ၃၅၃၀ ယောက်လောက် ရှိကြောင်း လုံခြုံရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

ဂူစတာဗို ပီထရိုရဲ့ အစိုးရအဖွဲ့ဟာ သြဂုတ်လတုန်းက ၆ လကြာ အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ ပြီးတော့ တခြားသူပုန်အဖွဲ့ဖြစ်တဲ့ အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ELN) နဲ့လည်း ငြိမ်းချမ်းရေးဆွေးနွေးနေတာ ဖြစ်ပါတယ်။

Source/Photo-Reuters 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024