Home
ဆောင်းပါး
စစ်နဲ့လုပ်စားသူတို့ရဲ့ ငြိမ်းချမ်းရေး (သို့) ပြည်သူအ‌ပေါ် အ‌ခြေမခံတဲ့ အပစ်ရပ်စာချုပ် NCA 
DVB
·
October 17, 2023

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လို့ အမည်တပ်ထားတဲ့ စစ်နဲ့လုပ်စားသူတို့ရဲ့ ငြိမ်းချမ်းရေးအယောင်ပြစာချုပ်ကို ပြိုင်ဘက်အတိုက်အခံ ပြည်သူ့ပါတီကို မပါဝင်စေဘဲ ယုတ်မာလှည့်ဖြားပြီး ဒီမိုကရေစီအစိုးအမည်ခံခဲ့တဲ့ စစ်ဘောင်းဘီချွတ်သိန်းစိန်ရဲ့ အစိုးရလက်ထက်မှာ စစ်အခွင့်ထူးခံတွေကပဲ ငြိမ်းချမ်းရေး ဖေါ်ဆောင်ခဲ့သယောင်ဖြစ်အောင် သူတို့ရဲ့ နောက်ဆုံးလက်ကျန်သက်တမ်း (နောက်သက်တမ်း NLD ပါတီ ဝင်အရွေးခံရင် သူတို့မနိုင်မှာကြိုသိခဲ့ကြလို့) ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်‌နေ့မှာ ကတိုက်ကရိုက် အခွင့်ကောင်းယူပြီး ငြိမ်းချမ်းရေး  ဗိသုကာ နာမည်ခံနိုင်ဖို့ ချုပ်ဆိုခဲ့ကြတာ ဖြစ်ပါတယ်။

စစ်နဲ့လုပ်စားလာခဲ့တဲ့ စစ်ဗိုလ်ယုတ်ကြီးတွေဟာ ၁၉၆၂ ခုနှစ်မှာ နိုင်ငံတော် အာဏာကို လက်နက်အားကိုးနဲ့ လုယူပြီးကတည်းက အယောင်ပြ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ပြည်တွင်းငြိမ်းချမ်းရေး၊ အပစ်ရပ်စာချုပ် စသဖြင့် နာမည်အမျိုးမျိုးတပ်ပြီး ပြုလုပ်ခဲ့ပေမဲ့ သူတို့အောက်ကို အညံ့ခံလာရေးအတွက် လက်နက်ဖြုတ်သိမ်းရေး၊ သူတို့လက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ် ခံယူဖို့ စတဲ့ကြိုတင်သတ်မှတ်ချက်တွေခံပြီး လုပ်စားဆွေးနွေးပွဲတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြသလို စစ်မှန်တဲ့ တိုင်းရင်းသားတော်လှန် ရေးလက်နက်ကိုင်အဖွဲ့တွေနဲ့ ဘယ်လိုမှ ညှိနှိုင်းလို့မရဘဲ ဆွေးနွေးပွဲတွေ ပျက်ပြယ်သွားခဲ့ကြတာချည်းပါပဲ။

ပစ်လိုက် ရပ်လိုက်၊ ပြန်ပစ်လိုက် ပြန်ရပ်လိုက် သံသရာလည်ပြီးနဲ့ လုပ်စားနေတဲ့ NCA ကို ညစ်ထေးနံစော်‌နေတဲ့ ဆီသည်မ လက်သုတ်ပဝါလို အသုံးချနေတဲ့ သမ္မတရူးမင်းအောင်လှိုင်တို့ စစ်အခွင့်ထူးခံအုပ်နဲ့ စီးပွား‌ရေးလုပ်စားကြတဲ့ အမည်ခံတော်လှန်‌ရေးလက်နက်ကိုင်တချို့ဟာ လက်တဖက်မှာ ပြည်သူကို သတ်ဖြတ်လို့ သွေးတစက်စက်စီးကျနေတဲ့ ဓားကိုရမ်းနေရင်း၊ တခြား လက်တဖက်မှာ စိတ်ပုတီးကိုင် ဘုရားဒကာဘွဲ့အတု ခံယူပြီး ပါးစပ်ကနေ ငြိမ်းချမ်းရေးဆိုတဲ့ စကားကို သွေးရူးသွေးတန်းဆိုနေကြတဲ့ စစ်ရာဇဝတ်ကောင်အုပ်စုသာဖြစ်ပါတယ်။

အခုနောက်ဆုံး ၂၀၂၁ ခုနှစ် အာဏာလုစစ်ဓားပြဂိုဏ်းက ပြန်အသက်သွင်းဖို့ ကြိုးစားနေတဲ့ အယောင်ပြ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ စက်တင်ဘာ ၂၆ ရက် ကနေ ၂၈ ရက်အထိ ခေါ်ယူခဲ့တဲ့ ဆွေးနွေးပွဲကို ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA- PC )၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး ( LDU )၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) စတဲ့ EAO အဖွဲ့ ၅ ဖွဲ့ကို ကြည့်လိုက်ရင် တော်လှန်ရေးသန္ဓေမမှန်ဘဲ စစ်နဲ့ စီးပွားရေးလုပ်စားတဲ့အဖွဲ့၊ ဒေသခံပြည်သူ ထောက်ခံမှု များများစားစားမရတဲ့ ချောက်ချီးချောက်ချက်အဖွဲ့တွေသာ ဖြစ်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။

တကယ်တော့ ငြိမ်းချမ်းရေးဆိုတာ ပြည်သူလူထုကို အခြေခံထားတဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ လူလူချင်း ဗိုလ်ကျစိုးမိုးမှု ကင်းစင်တဲ့၊ ရန်လိုမှုနဲ့ အကြမ်းဖက်မှုကင်းစင်ပြီး ချစ်ကြည်မှု၊ သဟဇာတဖြစ်မှုနဲ့ အေးချမ်းစွာ အတူယှဉ်တွဲနေထိုင်လိုမှု သဘောတရားဖြစ်ပါတယ်။ ဒါကြောင့် လူ့အဖွဲ့အစည်းအတွင်းမှာ ငြိမ်းချမ်းရေး တည်ဆောက်လိုတယ်ဆိုရင် ပြည်သူလူထုကို အခြေမခံဘဲ၊ ပြည်သူလူထု ပါဝင်မှုမရှိဘဲ လက်နက်ကိုင်အဖွဲ့တွေချည်း ဆွေးနွေးအဖြေရှာလို့မရနိုင်ပါဘူး။

အဲဒီသဘောတရားကို မှန်ကန်စွာ သဘောပေါက် နားလည်တဲ့အပြင် ကိုယ်ကျင့်သီလ ကောင်းမွန်ရုံသာမက သမိုင်းကြောင်း သန့်ရှင်းဖြူစင်တဲ့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ပြည်သူ့အစိုးရ တက်လာတဲ့ ၂၀၁၆ ခုနှစ်ကစလို့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံတော်သစ် တည်ဆောက်နိုင်ဖို့ တိုင်းရင်းသားပြည်သူလူထုတရပ်လုံး ပါဝင်နိုင်ဖို့ ပြည်သူကို အခြေခံတဲ့ ငြိမ်းချမ်းရေးအုတ်မြစ် ချနိုင်အောင် ကြိုးပမ်းအားထုတ်ခဲ့ကြပါတယ်။

အရင် NCA မှာ လက်မှတ်မထိုးခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အပါအဝင် လူထုလူတန်းစား ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားကိုယ်စားလှယ်တွေ ပါဝင်တက်ရောက်နိုင်ခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံ (ပထမအကြိမ်အစည်းအဝေး) ကို ၂၀၁၆ ခုနှစ် ဩဂုတ်လ ၃၁ ရက်ကနေ စက်တင်ဘာ ၃ ရက်နေ့အထိ ၄ ရက်တိုင်တိုင်ကျင်းပနိုင်ခဲ့ပါတယ်။

အဲ့ဒီနောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံ (ဒုတိယအကြိမ်အစည်းအဝေး) ကို ၂၀၁၇ ခုနှစ် မေလ ၂၄ ရက်နေ့ကနေစလို့ ၆ ရက်တိုင်ကျင်းပခဲ့သလို တတိယအကြိမ်အစည်းအဝေးကို ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၆ ရက်ကစလို့ ၆ ရက်ကျင်းပခဲ့ပါတယ်။ ပြီးတော့ စတုတ္ထအကြိမ်အစည်းအဝေးကို ၂၀၂၀ ခုနှစ် ဩဂုတ်လ ၂၁ ရက်က စလို့ အသီးသီးကျင်းပဆွေးနွေးခဲ့ကြပေမဲ့ ငြိမ်းချမ်းရေးမလိုချင်တဲ့ စစ်အခွင့်ထူးခံဗိုလ်ချုပ်တွေက ဖျက်မြင်းလုပ်ခဲ့ကြတာမို့ ပြည်သူလူထုအားလုံး လိုလားတောင့်တနေကြတဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးအတွက် သဘောတူညီချက်တွေ အပြည့်အဝမရရှိခဲ့ပါဘူး။

ဒါဟာဘာကိုညွှန်ပြနေသလဲဆိုရရင် စစ်အာဏာရှင်အခွင့်ထူးခံ အုပ်စုအင်အားရှိပြီး ကြီးစိုးနေသရွေ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးမရနိုင်ဘူးဆိုတာဖြစ်ပါတယ်။ စစ်အာဏာရှင်တွေ လိုချင်တဲ့ငြိမ်းချမ်းရေးဆိုတာ သူတို့အာဏာလက်မလွှတ်ရတဲ့ ငြိမ်းချမ်းရေးမျိုးဖြစ်ပါတယ်။ တနည်းပြောရရင် စစ်အာဏာရှင်အလိုကျ သူတို့ရဲ့ အခွင့်ထူးခံခွင့်ကို မထိပါးတဲ့ ငြိမ်းချမ်းရေးမျိုးသာဖြစ်ပါတယ်။ ပြည်သူလူထုလိုလားတောင်းတနေတဲ့ လူမျိုးတိုင်းအားလုံးအတွက်  ခွင့်တူညီမျှငြိမ်းချမ်းရေး မဟုတ်ပါဘူး။

နောက်တချက်က နှစ်ပေါင်း ၆၀ ကျော်သူတို့ ကျုးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို တာဝန်ခံရမှာ ကြောက်ရွှံ့တာရယ်၊ သူတို့ ခိုးဆိုးလုယက်ထားတဲ့ တိုက်ရာပါ၊ ခိုးရာပါဓနဥစ္စာတွေ ပြန်လည်သိမ်းယူခံရမှာကို စိုးရွှံ့တာကြောင့် သူတို့ကိုအရေးမယူနိုင်တဲ့ ငြိမ်းချမ်းရေးဆိုတာ နောက်ကြောင်းပြန် အရေးမယူရဆိုတဲ့ ပုဒ်မအပါအဝင် တနိုင်ငံလုံးကို စစ်ကျွန်ပြုထားတဲ့ တရားမဝင်တော့တဲ့ ၂၀၀၈ နာဂစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဘောင်ထဲက စစ်နဲ့လုပ်စားသူတို့ ငြိမ်းချမ်းရေးအတုကို ဇွတ်ဖန်တီးချင်တာမို့ ပြည်သူကိုအခြေမခံတဲ့ အပစ်ရပ်စာချုပ် NCA ကို ပြန်ဆွဲတင်နေတာ ဖြစ်ပါတယ်။

ဒါကြောင့် ပြည်သူလူထုတရပ်လုံးဟာ တရားမျှတပြီး စစ်မှန်တဲ့ငြိမ်းချမ်းရေးရဖို့ဆိုရင် စစ်အာဏာရှင် အခွင့်ထူးခံအုပ်စုကို အင်အားချိနဲ့သွားအောင် ဝိုင်းဝန်းဆန့်ကျင်ပြီး မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်ကနေ အပြီးဖယ်ရှားနိုင်ဖို့လိုပါတယ်။

ဒီကနေ့ နွေဦးတော်လှန်ရေးကြီးကနေ ပေါ်ထွန်းလာတဲ့ ခေတ်ပြောင်းတော်လှန်ရေး အင်အားစုတွေဖြစ်တဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရ၊ စစ်မှန်တဲ့ တိုင်းရင်းလက်နက်ကိုင် အဖွဲ့တွေ၊ PDF၊ LDFစတဲ့တပ်‌ဖွဲ့တွေ၊ ‌‌‌‌‌‌‌‌‌‌‌‌‌‌ဌာ‌နေတိုင်းရင်းသားအဖွဲ့တွေ၊ လူထုလူတန်းစားအလွှာအသီးသီးက အဖွဲ့ပေါင်းစုံရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတိုင်းမှာ လုပ်အား၊ အကြံဉာဏ်၊ ငွေကြေး၊ နည်းပညာ၊ သတင်းဖြန့် ချိရေး၊ အသိပညာပေးရေး၊ လှုံ့ဆော်ရေးစတဲ့ကဏ္ဍအသီးသီးမှာ နိုင်ရာဝန်ထမ်းခြင်းနဲ့ ပါဝင်သမိုင်းရေးထိုးနိုင်ပါတယ်။

ဒီဆောင်းပါးမှာ အဓိကပေးချင်တဲ့သတင်းစကားကတော့ သေနတ်သံ၊ ဗုံးသံတွေ ခဏတိတ်ဖို့သာ မဟုတ်ဘဲ လူသတ်စစ်ပွဲကြီးတွေအပြီး ရပ်တန့်နိုင်မယ့် စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဆိုတာ ပြည်သူလူထုအပေါ် အခြေမခံဘဲ၊ ပြည်သူတရပ်လုံး ပါဝင်ပတ်သက်ခြင်းမရှိဘဲ အဓိကမကျတဲ့ လက်နက်ကိုင်အဖွဲ့တချို့ချည်း ကွက်ကွက်လေး တခါးပိတ်ဆွေးနွေးလို့ လုံးဝ မအောင်မြင်နိုင်ဘူးဆိုတာပါပဲ။ 

ဒါကြောင့် ဒီကနေ့ စစ်အာဏာရှင် ဆီသည်မရဲ့ ညစ်ထေးနံစော်လှတဲ့ လက်နှီးစုပ်လို ပစ်လိုက်၊ ရပ်လိုက်၊ ပြန်ပစ်လိုက်၊ ပြန်သတ်လိုက်၊ ပြန်ရပ်လိုက်နဲ့ အချိန်ဆွဲသံသရာလည်အောင်လုပ်နေကြတဲ့ စစ်နဲ့လုပ်စားသူတို့ရဲ့ငြိမ်းချမ်းရေး (သို့) ပြည်သူအ‌ပေါ်အ‌ခြေမခံတဲ့ အပစ်ရပ်စာချုပ် NCA ကို လုံးဝလက်မခံဘဲ ပြတ်ပြတ်သားသားဆန့်ကျင်လို့ မသမာသူစစ်အခွင့်ထူးခံအုပ်စု ကျရှုံးတဲ့အထိ ပြည်သူအပေါင်းက အခွင့်သာတာနဲ့ တညီတညာတည်း ဝိုင်းဝန်းထိုးနှက်ကြရမှာဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024