ယူရို ၂၀၂၄ ခြေစစ်ပွဲတွေကို မနေ့ညက ဆက်လက်ယှဉ်ပြိုင်ရာ နာမည်ကြီး ပေါ်တူဂီက ဘော့စနီးယားကို အဝေးကွင်းမှာ ၅ ဂိုးပြတ်နဲ့အနိုင်ရခဲ့သလို သြစတြီးယားကလည်း အဝေးကွင်းမှာ အဇာဘိုင်ဂျန်ကို ၁ ဂိုး ဂိုးမရှိ၊ နယ်သာလန်က ဂရိကွင်းမှာ ၁ ဂိုး ဂိုးမရှိနဲ့ အသီးသီး အနိုင်ရသွားပါတယ်။
ပေါ်တူဂီနဲ့ ဘော့စနီးယားပွဲမှာ ပွဲချိန် ပထမပိုင်းမှာပဲ ပေါ်တူဂီက အနိုင်ဂိုး ၅ ဂိုးစလုံး သွင်းယူခဲ့ပြီး တိုက်စစ်မှူး စီရော်နယ်ဒိုက ပွဲချိန် ၅ မိနစ်နဲ့ မိနစ် ၂၀ တို့မှာ ၂ ဂိုး၊ ဘရူနိုဖာနန်ဒက်စ်က ပွဲချိန် ၂၅ မိနစ်မှာ ၁ ဂိုး၊ ပွဲချိန် ၃၂ မိနစ်မှာ ကန်ဆယ်လိုက ၁ ဂိုးနဲ့ ၄၁ မိနစ်မှာ ယာအိုဖိလစ်က ၁ ဂိုး အသီးသီး သွင်းယူခဲ့ပါတယ်။
ပေါ်တူဂီအသင်းဟာ ခြေစစ်ပွဲ ၈ ပွဲကစားအပြီး ပွဲတိုင်း အနိုင်ရကာ ရမှတ် ၂၄ မှတ်နဲ့ အုပ်စုဗိုလ်အဖြစ် ခြေစစ်ပွဲ အောင်မြင်ထားပြီးလည်း ဖြစ်ပါတယ်။
ဒီအုပ်စုမှာ အုပ်စု ဒုတိယနေရာက ဆလိုဗက်ကီးယားအသင်းကလည်း လူဇင်ဘတ်ကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့လို့ ခြေစစ်ပွဲအောင်မြင်ရေး အခြေအနေကောင်းနေပြီး ပွဲစဉ် ၁ ပွဲကစားဖို့ ကျန်နေတဲ့အချိန်မှာ တတိယနေရာက လူဇင်ဘတ်ကို ၅ မှတ်ဖြတ်ထားနိုင်ပါတယ်။
မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ကျန်ပွဲစဉ်တွေမှာတော့ အိုင်ယာလန်က ဂျီဘရော်တာကို ၄ ဂိုး ဂိုးမရှိ၊ အိုက်စလန်က လက်ချင်စတိန်းကို ၄ ဂိုး ဂိုးမရှိနဲ့ အသီးသီး အနိုင်ရသွားပါတယ်။
မနေ့ညကပဲ ယှဉ်ပြိုင်ခဲ့တဲ့ ဘယ်လ်ဂျီယံနဲ့ ဆွီဒင် ပွဲစဉ်မှာတော့ ပထမပိုင်းအပြီးမှာ ပွဲကို ရပ်နားခဲ့ရပါတယ်။ ဘရပ်ဆဲလ်မြို့အတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် UEFA တာဝန်ရှိသူတွေက ပွဲဆက်မကစားဖို့ ဆုံးဖြတ်ခဲ့တာပါ။
ဒီနေ့ညမှာလည်း ယူရို ၂၀၂၄ ခြေစစ်ပွဲစဉ်တွေကို ဆက်လက်ယှဉ်ပြိုင်ဖို့ရှိပြီး နာမည်ကြီး အင်္ဂလန်နဲ့ အီတလီတို့ပွဲစဉ်လည်း ပါဝင်နေပါတယ်။
Photo-Reuters