Home
မြန်မာသတင်း
အင်းစိန်တွင် လူနာတင်ကယ်ဆယ်ရေးကား ယာဉ်တိုက်မှုဖြစ်ပြီး ၂ ဦးသေ ၂ ဦးဒဏ်ရာရ
DVB
·
October 17, 2023

ရန်ကုန်၊ အင်းစိန်မြို့နယ်၊ ၁၄ လမ်းဆုံအနီး၊ ပုလဲလမ်းပေါ်မှာ အောက်တိုဘာ ၁၆ ရက် ညပိုင်းက လူနာတင်လာတဲ့ အရပ်ဖက်ကယ်ဆယ်ရေးကား ၁ စီးဟာ လမ်းဖြတ်ကူးသူကို ရှောင်ရင်း လမ်းဘေးရပ်ထားတဲ့ တွဲကားနဲ့ ဓာတ်တိုင်ကို ဝင်တိုက်မိတာကြောင့် လူ ၂ ဦးသေ ၂ ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ ရန်ကုန်မြို့ခံကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။

We Love Care Burma ကယ်ဆယ်ရေးအသင်းပိုင်ယာဉ်ဟာ အရေးပေါ်ပို့ဆောင်ပေးရမယ့် ကလေးလူနာ ၁ ဦးကို တင်ဆောင်လာတာဖြစ်ကာ ကားပေါ်မှာ လူ ၄ ဦး လိုက်ပါလာတာ ဖြစ်ပါတယ်။

ပုလဲလမ်းမပေါ်မောင်းလာချိန် ည ၈နာရီ ၁၀ မိနစ်ခန့်မှာ ယာဉ်တိုက်မှု ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး ကယ်ဆယ်ရေးအသင်းက စေတနာ့ဝန်ထမ်း အသက် ၂၀ အရွယ် အမျိုးသား ၁ ဦးမှာ ပွဲချင်းသေဆုံး၊ အသက် ၂၈ နှစ်အရွယ် ယာဉ်မောင်းအမျိုးသားမှာ ဦးခေါင်းထိခိုက်စိုးရိမ်ရဒဏ်ရာ၊ လူနာစောင့် အမျိုးသမီးမှာ ထိခိုက်ဒဏ်ရာ ရရှိကာ ကားပေါ်ပါ အရေးပေါ်ကလေးလူနာ ၁ ဦးဟာ  ဆေးရုံမှာ ‌သေဆုံးသွားပါတယ်။

မေတ္တာအလင်းအသင်းတာဝန်ရှိသူက“ ပရဟိတအသင်းက volunteer တဦးက ‌ဆုံးသွားပါတယ်၊ ပွဲချင်းပြီး ဆုံးတာ ဖြစ်စဉ်မှာတင်၊ ကလေးလူနာကလည်း ဆေးရုံရောက်ပြီးတော့ ထပ်ဆုံးပါတယ်၊ အမျိုးသမီး ကလေးငယ်လေးပါ၊ လမ်းဖြတ်ကူးတဲ့သူကို ရှောင်ရင်း ဖြစ်တာလို့ ကြားရပါတယ်”လို့ ပြောပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူတွေကို ရွှေမေတ္တာအသင်း၊ မေတ္တာအလင်းအသင်းနဲ့ တခြားသက်ဆိုင်ရာအဖွဲ့တွေရဲ့ လူနာတင်ယာဉ်တွေနဲ့ အင်းစိန်ဆေးရုံကြီးကို ပို့ဆောင်ပေးထားပြီး ယာဉ်မတော်တဆမှုဖြစ်ပေါ်ခဲ့တဲ့ We Love Care Burma အသင်းဝင်တွေဟာ လှည်းကူးနဲ့ ပဲခူးရေကြီးမှုမှာ ကူညီကယ်ဆယ်ခဲ့သူတွေ ဖြစ်ပါတယ်။ 

သေဆုံးသွားရတဲ့ စေတနာ့ဝန်ထမ်းမှာ မီးဖွားပြီးစ ဇနီးဖြစ်သူနဲ့ ၁၄ ရက်သား ကလေးငယ် ၁ ဦးတို့ ကျန်ရစ်ခဲ့တယ်လို့ သိရပြီး ယာဉ်တိုက်မှုဖြစ်စဉ်နဲ့ပတ်သက်လို့ We Love Care Burma လူမှုအထောက် အကူပြုအသင်းကို ဆက်သွယ်မေးမြန်းပေမဲ့ ဖုန်းဖြေ ကြားနိုင်ခြင်း မရှိသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024