ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာ အောက်တိုဘာ ၁၅ ရက် ညပိုင်းက စစ်ကောင်စီ လက်အောက်ခံ ဝူယန် ပြည်သူ့စစ်အဖွဲ့က ကျောင်းသား နှစ်ယောက် အပါအဝင် အမျိုးသား လေးယောက်ကို လာရောက်ဖမ်းဆီးသွားကြောင်း သိရပါတယ်။
စစ်ကောင်စီလက်အောက်ခံ ဝူယန်ပြည်သူ့စစ်တပ်ဖွဲ့ဝင် အင်အားအများအပြားက လက်နက်တွေကိုင်ဆောင်ပြီး မုန့်ကြိတ်ကျေးရွာအတွင်းက ကျောင်းသားနှစ်ဦးနဲ့ အရပ်သား ပြည်သူနှစ်ဦးကို လာရောက်ဖမ်းဆီးသွားတာဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံ အမျိုးသားတဦးက “အမှတ် ၂ ရပ်ကွက်ထဲက အိမ်ကို ဝင်ပြီး ကိုးတန်းကျောင်းသားနှစ်ယောက်ကို ဖမ်းသွားတာ။ သူ့သူငယ်ချင်းက အိမ်မှာလာအိပ်တာ နှစ်ယောက်စလုံး ပါသွားတယ်။ နောက် အရပ်သားနှစ်ဦးက သူတို့ကားတွေ ဖြတ်လာတဲ့လမ်းမှာ ဖမ်းသွားတာ၊ အားလုံး လေးယောက် အဖမ်းခံရတယ်။ ဘာကြောင့်ဖမ်းလဲတော့ မသိဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ ဝူယန်ကျေးရွာ ပြည်သူ့စစ်တပ်ဖွဲ့က ကိုးတန်းကျောင်းသား နှစ်ဦးဖြစ်တဲ့ မောင်မဂေါင်ဒွဲဝေါမ်နဲ့ မရစ်တူးဆိုင်း တို့အပြင် အရပ်သားပြည်သူနှစ်ဦးဖြစ်တဲ့ ဦးခေါင်လွမ်း၊ ဦးလွမ်းဒေါင် ဆိုသူတို့ကို ဖမ်းဆီးသွားခဲ့တာပါ။
ကျောင်းသားနှစ်ဦး အပါအဝင် အရပ်သားပြည်သူနှစ်ဦးကို ဘာကြောင့် ဖမ်းဆီးခဲ့တယ် ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီနဲ့ လက်အောက်ခံ ဝူယန်ပြည်သူ့စစ်အဖွဲ့က ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
စစ်ကောင်စီလက်အောက်ခံ ဝူယန်ကျေးရွာ ပြည်သူ့စစ်အဖွဲ့ရဲ့ စစ်ဆေးရေးဂိတ်ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်က ကချင်လွတ်မြောက်ရေးတပ် (KIA) က ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါသေးတယ်။