Home
မြန်မာသတင်း
ထီးလင်း ကြားကာလပညာသင်ကျောင်းသား ၇၀၀၀ ကျော်အတွက် အကူအညီတွေလိုအပ်နေ
DVB
·
October 16, 2023

မကွေးတိုင်း၊ ထီးလင်းမြို့နယ်က ကြားကာလပညာသင်ကျောင်းတွေမှာ  စာသင်နေကြတဲ့ ကျောင်းသား ကျောင်းသူ ၇၀၀၀ ကျော်အတွက် သင်ထောက်ကူပစ္စည်းနဲ့ ဆရာ ဆရာမ အကူအညီ လိုအပ်နေပါတယ်။

ထီးလင်းမြို့နယ်မှာ ပညာရေးဘုတ်အဖွဲ့က ကျောင်းသား၊ ကျောင်းသူ ၇၀၀၀ ကျော်ကို ပညာသင်ကြားပေးနေပြီး စာရေးကိရိယာ မလုံလောက်မှု၊ ဆရာ၊ဆရာမအင်အားမလုံလောက်မှုနဲ့ စာသင်ဆောင် မလုံလောက်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ မြို့နယ်ပညာရေးဘုတ်အဖွဲ့ တာဝန်ရှိသူဆီက သိရပါတယ်။

ထီးလင်းမြို့နယ်အတွင်းက မီးရှို့ခံရတဲ့ ရွာတွေနဲ့ စစ်ကောင်စီတပ်စွဲရာနေရာတွေ အနီးမှာရှိတဲ့ ကျေးရွာနေဒေသခံတွေဟာ တောတောင်တွေထဲမှာ စစ်ဘေးရှောင်အဖြစ် နေထိုင်ကြရပြီး စစ်ရှောင်ကလေးတွေအနေနဲ့ စာသင်ဆောင်တွေမရှိတဲ့အတွက် ပညာသင်ကြားရေးမှာ အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ထီးလင်းမြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ရှိသူတဦးက “စစ်ကောင်စီအခြေချတဲ့နေရာနဲ့နီးတဲ့ ကျေးရွာတွေက ကလေးတွေဟာ တောထဲမှာ စစ်ရှောင်နေရတဲ့ ပုံစာအုပ်တွေရရှိရေး၊ သင်ကြားဖို့ နေရာနဲ့ ဆရာ၊ ဆရာမ အခက်အခဲတွေရှိပြီး၊ စားဝတ်နေရေးကအစ ခက်ခဲကြပါတယ်။ ဘယ်လိုမျိုး အလေးပေး ဆောင်ရွက်ရလဲဆိုရင် ဝမ်းရေးကအဓိကဖြစ်ပြီး ပညာရေးကနောက်မှဆိုပြီး စီစဉ်ပေးရတာမျိုး ရှိတယ်”လို့ ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ပညာရေးဝန်ကြီးဌာနကနေ ပညာသင်နှစ်တစ်နှစ်မှာ ကျောင်းသား ၅၀ ကို ကျပ်ငွေ ၁ သိန်းခွဲနှုန်းနဲ့ ထောက်ပံ့ပေးပေမယ့် လုံလောက်မှုမရှိဘူးလို့ ဆိုပါတယ်။

ထီးလင်းမြို့နယ်မှာ ပုံနှိပ်စာအုပ်နဲ့ စာရေးကိရိယာတွေကို တခြားဒေသတွေထပ် နှစ်ဆပေး ဝယ်ရတဲ့အတွက် ကျောင်းသားမိဘတွေမှာလည်း ကလေးတွေကို ကျောင်းထားဖို့အတွက် အခက်အခဲတွေ ရှိနေပါတယ်။

ဒေသခံတဦးက “ကျောင်းတွေက အများကြီးမရှိတော့ ရတဲ့ကျောင်းတွေမှာ ဝိုင်းတက်ရတော့ နေရာအခက်အခဲတွေက ရှိတယ်။ စစ်ကြောင်းကလည်း ထီးလင်းမြို့နယ်မှာ ခဏခဏဝင်တော့ ကျောင်းတွေ ခဏခဏပိတ်ရတယ်။ ကျောင်းတွေကလည်း ပြည်သူတွေရဲ့ ကိုယ်ထူကိုယ်ထ ဖြစ်တဲ့အတွက် ခက်ခဲပင်ပန်းလာတဲ့ အနေအထားတွေရှိတယ်။ ပညာရေးက လုံးဝရပ်တန့်သွားတဲ့ နေရာတွေလဲ ရှိတယ်”လို့ပြောပါတယ်။

ကြားကာလပညာရေးကို CDM နဲ့ စေတနာ့ဝန်ထမ်းဆရာ၊ ဆရာမတွေအပါအဝင် ရပ်ရွာထဲက အထက်တန်းအောင်မြင်ပြီးသူတွေကပါ ပူးပေါင်းပြီး သင်ကြားပေးနေတယ်လို့ သိရပါတယ်။

ထီးလင်းမြို့နယ်ရဲ့ ကျေးလက်ဒေသတွေမှာ မြို့နယ်ပညာရေးဘုတ်အဖွဲ့က ကြားကာလပညာသင်ကျောင်းပေါင်း ၈၇ ကျောင်း ဖွင့်လှစ်ထားခဲ့ပြီး စနစ်သစ်သင်ရိုးနဲ့ ပညာသင်ကြားပေးနေတယ်လို့ ဆိုပါတယ်။

ထီးလင်းမြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ရှိသူက “ကလေးတွေရဲ့ ပညာရေးအတွက် ရပ်ရွာဒေသခံတွေမှာ တာဝန်ရှိပါတယ်။ မိမိရပ်ရွာရဲ့ ပညာရေးကို အလေးထားပြီး ဆောင်ရွက်ပေးဖို့ ပြောချင်ပါတယ်။ ရွာတိုင်းရွာတိုင်းမှာ ပညာရေးကို အကောင်အထည်ဖော်ပေးနေပါတယ်၊ ကြိုးစားပြီးတော့ ဖြစ်အောင် ဆောင်ရွက်ပေးနေပါတယ်”လို့ ပြောပါတယ်။

ထီးလင်းမြို့နယ်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်ကစပြီး ပရဟိတစာသင်ဝိုင်းတွေကို အကောင်အထည်ဖော်ခဲ့ကြကာ ၂၀၂၂ ခုနှစ်ဇွန်လမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လမ်းညွှန်မှုနဲ့ ပြည်သူ့အခြေပြု ကြားကာလစာသင်ကျောင်းတွေအဖြစ် ဖွင့်လှစ်ခဲ့ကြတယ်လို့ သိရပါတယ်။ 

လင်းအိမ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024