စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အနောက်မြောက်ခြမ်းကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်းက အောက်တိုဘာ ၁၆ ရက် မနက်ခင်း ၁၀ နာရီလောက်မှာ မီးရှို့နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဆိုပါစစ်ကြောင်းဟာ ပုလဲမြို့နယ်အတွင်းကနေ စစ်ကြာင်းထိုးလာပြီး အောက်တိုဘာ ၁၅ ရက်က ယင်းမာပင်မြို့နယ်အတွင်း ဝင်ရောက်လာတာလို့လည်း ဒေသခံတွေက ပြောပါတယ်။
ယင်းမာပင်ဒေသခံ ရွာသားတဦးက “ပုလဲမြို့နယ်ဘက်ကနေ ထွက်လာပြီး ကျနော်တို့ ယင်းမာပင် ရွှေလှံရွာကို စဝင်လာတာဗျ။ ရွှေလှံရွာကနေ ရနောင်ရွာဝင်လာပြီး မနေ့ညက ညအိပ် တပ်စွဲသွားတာ။ သူတို့ ထွက်သွားပြီး ရွာထဲဝင်ကြည့်တော့ ခေါင်းဖြတ်သတ်ထားတဲ့ အလောင်းတလောင်း တွေ့ထားရတယ်။ သေတဲ့သူက ဘယ်သူဘယ်ဝါဆိုတာတော့ မသိရသေးဘူး။ အခုလည်း ဆင်တဲရွာကို မီးရှို့နေတယ်ဗျ။ စစ်ကောင်စီတပ်က အရပ်သား ၄ ဦးကိုလည်း ဖမ်းဆီးထားတယ်။ ရွာမီးရှို့တာကတော့ စစ်ကောင်စီက ရွာထဲက မထွက်သေးလို့ ပျက်စီးဆုံးရှုံးစာရင်း မသိရသေးဘူး” လို့ ပြောပါတယ်။
အခုစစ်ကြောင်းထိုးနေတာကြောင့် ယင်းမာပင်မြို့နယ်အတွင်းက ရနောင်ရွာ၊ ဆင်တဲရွာ၊ ရင်ပေါင်တိုင်ရွာနဲ့ ပုလဲမြို့နယ်အတွင်းက မုံသွင်ရွာ၊ ဆင်စွယ်နဲ့ စစ်ကြောင်းသွားရာအနီးက ဒေသခံ ထောင်နဲ့ချီ နေရပ်စွန့်ခွာနေကြရတယ်လို့လည်း ဒေသခံရဲ့ ပြောပြချက်အရ သိရပါတယ်။