စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ အောက်တိုဘာ ၁၅ ရက်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ရွာသားတယောက်ကို သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မနေ့ ညပိုင်းမှာ အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းက ညောင်ပင်ကြီးစုရွာထဲမှာ ကင်းပုန်းချထားပြီး စစ်ကြောင်းထွက်သွားပြီ အထင်နဲ့ ရိက္ခာပြန်သယ်တဲ့ ရွာသားတဦးကိုတွေ့ရှိပြီ ပစ်သတ်ခဲ့တာလို့ ရွာသားတဦးက ပြောပါတယ်။
သေဆုံးသူမှာ အသက် ၄၅ နှစ်အရွယ် ကိုမင်းမင်းဖြစ်ပြီး ညောင်ပင်ကြီးစုရွာ စာသင်ကျောင်းအနီးမှာ ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
ဒေသခံတွေ ကျေးရွာအတွင်း ရိက္ခာပြန်သယ်ချိန် မူးတိမ်ချောင်းကူးတံတားနားမှာ စစ်ကောင်စီတပ် ထောင်ထားတဲ့ မိုင်းနင်းမိပြီး ဒေသခံတဦး ခြေထောက်ဖြတ်ပစ်ရမယ်လို့ သိရပါတယ်။
ဒေသခံတဦးက “စစ်ကြောင်းက အခု ရွာသစ်ရွာဘက် ရောက်နေတယ်။ ဒီမနက်တော့ မူးသာကနေ ရွာသစ်အကူးမှာ မိုင်းပဒေသာတလုံး မိသွားသေးတယ်။ ထိခိုက်ဒဏ်ရာရ အသေးစိတ်တော့ မသိရသေးဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်း အောက်တိုဘာ ၁၄ ရက် ကတည်းက စစ်ကြောင်းထိုး ဝင်ရောက်နေတဲ့အတွက် ဒေသခံတွေ စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။
စစ်ကြောင်းက ကျေးရွာတွေထဲ ဝင်ရောက်ဖျက်ဆီးခဲ့တဲ့အတွက် ခင်ဦးမြို့နယ်ထဲက မူးသာ၊ သက်ပေး၊ ညောင်ပင်ခြံ၊ ဆည်ကြီး၊ ရွာသစ်၊ ချမ်းသာကုန်း၊ အင်းပတ် စတဲ့ကျေးရွာတွေက ဒေသခံ ၅,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာလည်း ကမ်းနီရွာထိပ်မှာ အောက်တိုဘာ ၇ ရက်က စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်ခံထားရတဲ့ မြောက်ပိုင်းတိုင်းစစ်ဒေသ ထောက်ပို့တာဝန်ခံ တဦးရဲ့ အလောင်းကို တွေ့ရှိခဲ့တယ်လို့ အောက်တိုဘာ ၁၅ ရက်နေ့မှာ Indaw Revolution-IR အဖွဲ့က ထုတ်ပြန်ပါတယ်။
“ပြီးခဲ့တဲ့ ဩဂုတ်လ ၁၂ ရက်နေ့က အင်းတော်မြို့ သံလမ်းအကူး စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ အဖမ်းခံခဲ့ရပြီး ၂ လအကြာမှာ အသတ်ခံရတာ” လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ဒီဗွီဘီကို ပြောပါတယ်။
တပ်မ ၇၇ လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ ၁၀၁ တပ်ရင်းတခုက အဆိုပါ ထောက်ပို့တာဝန်ခံကို အင်းတော်မြို့ကနေ လက်ပြန်ကြိုးတုပ် ဖမ်းဆီးခေါ်ဆောင်သွားပြီး ကမ်းနီရွာထိပ်မှာ ရက်ရက်စက်စက် ဓားနဲ့ အချက်ပေါင်းများစွာ သတ်ဖြတ်ထားခဲ့တာလို့ အင်းတော် IR အဖွဲ့က ဆိုပါတယ်။