Home
ဆောင်းပါး
မြောက်ကိုရီးယား ဗုံးခွဲသမားကို ဖမ်းဆီးပေးခဲ့သည့် မြန်မာအမျိုးသမီး
DVB
·
October 16, 2023

အောက်တိုဘာလ ၉ ရက် ၁၉၈၃ ခုနှစ်၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ အချိန်က မြန်မာနိုင်ငံ၊ ရန်ကုန်မြို့က အရက်ပုန်းဆိုင်တတဆိုင်မှာ စားပွဲထိုးလုပ်ခဲ့တဲ့ ဓားစန်းရီဟာ ချောင်းရေစီးထဲမှာ ရပ်ပြီး ဗုံးကိုကိုင်ထားတဲ့ မြောက်ကိုရီးယားသူလျှို လုပ်ကြံသတ်ဖြတ်သူတွေကို ရင်ဆိုင်တိုက်ခိုက်နေခဲ့ပါတယ်။

၁၉၈၃ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ မနက်အစောပိုင်းမှာ တောင်ကိုရီးယားကနေ ချစ်ကြည်ရေးအလည်အပတ်ရောက်ရှိနေတဲ့ သမ္မတ ချန်ဒူးဝမ်ကို လုပ်ကြံဖို့ ရန်ကုန်ကို ရောက်ရှိနေတဲ့ မြောက်ကိုရီးယား လူသတ်သမားအဖွဲ့က ဖောက်ခွဲလိုက်တဲ့ ဗုံးကွဲသံနဲ့ ဗုံးဒဏ်ကြောင့် လွင့်စင်သွားတဲ့ အပျက်အဆီး အစအနတွေနဲ့အတူ မြို့တော်ရန်ကုန်ရဲ့ ငြိမ်သက်အေးချမ်းတဲ့ မနက်ခင်းဟာလည်း လွင့်စင်ပပျောက်သွားခဲ့ပါတယ်။

နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင်ဖြစ်သူ အာဇာနည် ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည်သူရဲကောင်း ၉ ဦးတို့ကို မြှုပ်နှံထားတဲ့ အာဇာနည်ဗိမာန်က အဲဒီပေါက်ကွဲမှုကြောင့် နိုင်ငံခြားရေးဝန်ကြီး အပါအဝင် တောင်ကိုရီးယားအစိုးရ အရာရှိ ၁၇ ဦး သေဆုံးခဲ့ပြီး မြန်မာနိုင်ငံသား ၄ ဦး သေဆုံးခဲ့ရပါတယ်။

ဖောက်ခွဲရေးသမားတွေက ခြေရာဖျောက်ပြီး ထွက်ပြေးဖို့ ကြိုးစားနေကြတဲ့အချိန် ရန်ကုန်တမြို့လုံး ပွက်လောရိုက်ပြီးကျန်ခဲ့ပါတော့တယ်။

အခုချိန်မှာ အသက် ၉၂ နှစ်ရှိနေပြီဖြစ်တဲ့ ဓားစန်းရီဟာ ဆေးပေါ့လိပ်ကို ကောက်ဖွာလိုက်ရင်း အဲဒီဇာတ်လမ်းမှာ သူပါဝင်ခဲ့တဲ့အပိုင်းကို သူ့ရဲ့နေအိမ်မှာ AFP သတင်းထောက်ကို ပြောပြခဲ့ပါတယ်။

“နိုင်ငံခြားက ဖောက်ခွဲရေးသမားတွေ အာဇာနည်ကုန်းကို လာပြီးဖောက်ခွဲသွားတယ်ဆိုတဲ့ သတင်းကို ကျမကြားထားတယ်။”

ပုဇွန်တောင်ချောင်း ကမ်းပါးပေါ်က သူ့ဆိုင်မှာ ထိုင်သောက်တွေကလည်း ဒီအကြောင်းကိုပဲ ထိုင်ပြောနေကြတယ်လို့ ဆိုပါတယ်။ လာဖောက်ခွဲသွားတဲ့သူတွေကို မိပြီလားလို့ သူက မေးတဲ့အခါ ဆိုင်မှာ ထိုင်သောက်နေသူတွေက မမိသေးဘူးလို့ ဖြေကြကြောင်း ပြန်စဉ်းစားရင်း သူက ပြောပါတယ်။

“အဲဒါနဲ့ ကျမက ဗုံးလာခွဲတဲ့သူတွေကို မိမှာ၊ ငါတို့ ဗုဒ္ဓဘာသာမြန်မာတွေက စိတ်ထားကောင်းတော့ ငါတို့ကို နတ်ကောင်းနတ်မြတ်တွေက စောင့်ရှောက်မှာ ကျမက သူတို့ကို ပြန်ပြောလိုက်သေးတယ်။”

အဲဒီအချိန်ထိ ဗုံးထောင်သူတွေထဲက တယောက်ကို သူကိုယ်တိုင် ဖမ်းဆီးခဲ့ရမယ်လို့ မသိသေးပါဘူး။ အဲဒီတော့ အလုပ်ချိန်ပြီးသွားလို့ အိမ်ပြန်လာတဲ့ ဓားစန်းရီဟာ အိမ်ပြန်လာခဲ့ပါတယ်။ အဲဒီအချိန်ထိ ဗုံးခွဲခဲ့သူတွေကို ဖမ်းမိခြင်းမရှိသေးပါဘူး။

အဲဒီအချိန်က ဓားစန်းရီတို့ ဆိုင်နားက ညောင်တန်းဆိပ်ကမ်းမှာ ရပ်နားလေ့ရှိတဲ့ တံငါလှေတွေကို သူခိုးကပ်လေ့ ရှိတာကြောင့် အားလုံးက လှေပတ်ဝန်းကျင်ကို သတိထား စောင့်ကြည့်နေလေ့ ရှိပါတယ်။ သူ့အိမ်ပြန်ချိန် ရေထဲမှာ သူခိုးလို့အော်ပြီး ချောင်းကမ်းပါးမှာ လူတွေအများကြီး အုံခဲနေကြတာကို တွေ့လိုက်ရပြီးနောက် ရေထဲမှာရှိနေတာ ဘယ်သူမှန်းမသိခင် ထဘီကိုမပြီး ရေထဲဆင်း ဝင်ဖမ်းပါတော့တယ်။

“သူက ခါးလယ်လောက်ရှိတဲ့ ရေထဲမှာ ရပ်နေတာ၊ ကျမက လာ၊ လာလို့ သူ့ကို ခေါ်သေးတယ်၊ သူက ကျမကိုပဲ စိုက်ကြည့်နေတော့ သူ မြန်မာလို နားမလည်တာ သတိထားမိတယ်။ အဲဒီအချိန် ကျမတို့ သူငယ်ချင်းအချင်ချင်း စနောက်ပြီး ပြောနေကြ အင်္ဂလိပ်စကားကို သတိရပြီး သူ့ကို လှမ်းပြောလိုက်တယ်”

“နင်က ငါတို့ မိတ်ဆွေလား” လို့ အင်္ဂလိပ်လို့ လှမ်းမေးလိုက်တော့ သူကလည်း လူတွေ ဝိုင်းအုံကြည့်နေပြီး ဒုက္ခရောက်တော့မယ့် အခြေအနေကနေ လွတ်လိုလွတ်ငြား “ဟုတ်တယ်။ နင်က တရုတ်လား” လို့ အင်္ဂလိပ်လို ပြန်မေးတယ်။ ပြီးတော့ လက်ဆွဲနှုတ်ဆက်ဖို့ ရှေ့ကို တိုးလာတယ်လို့ ဓားစန်းရီက ပြောပါတယ်။

ဒါပေမဲ့ နောက်ထပ် အမျိုးသား ၃ ဦးကပါဝင်ရောက်ဖမ်းဆီးဖို့လုပ်ချိန်မှာတော့ မြောက်ကိုရီးယား ဖောက်ခွဲရေးသမားက ပြန်လည်တိုက်ခိုက်ပြီး ခပ်လှမ်းလှမ်းကို ပြေးထွက်သွားကာ အိတ်ထဲကနေ လက်ပစ်ဗုံးတစ်လုံးကို ထုတ်ပြီး ပင်ကို ဆွဲဖြုတ်လိုက်ပါတယ်။ ဒါပေမဲ့ ဗုံးက သူ့ရဲ့ ဘယ်ဘက်လက်ထဲမှာတင် တဝက်တပျက်ပေါက်ပြီး သူ့ရဲ့ ဘယ်လက်ချောင်း လေးချောင်းလုံး ပြတ်ထွက်သွားကာ လက်မပဲ ကျန်ခဲ့ကြောင်း ဓားစန်းရီက ပြန်ပြောပါတယ်။

“အဲဒီကနေ သူက ရေထဲကို ခုန်ဆင်းပြေးတော့ ကျမလည်း ရေထဲအထိ လိုက်တာ။ သူ ရေထဲကနေ ပေါ်လာရင် သူ့လည်ပင်းကို ကျမက လက်သီးနဲ့ထိုးတာ” လို့ ဓားစန်းရီက ပြောပါတယ်။

ဓားစန်းရီနဲ့ တိုက်ခိုက်ခဲ့တဲ့ ကင်မ်ဂျင်စုဟာ မြောက်ကိုရီးယားသူလျှို ဗုံးခွဲလုပ်ကြံတဲ့အဖွဲ့ထဲက တစ်ယောက်ပဲ ဖြစ်ပါတယ်။ အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး ဇင်ဘိုလို့လည်း သိကြတဲ့ သူ့ကို အာဏာပိုင်တွေက ဖမ်းမိခဲ့ပြီး စစ်မေးသမျှကို မဖြေဘဲ နေခဲ့ပါတယ်။ အမှုစစ်ဆေးပြီးတဲ့ နောက်မှာတော့ သူ့ကို ကြိုးပေးသတ်ဖို့ အမိန့်ချမှတ်လိုက်ပါတယ်။

နောက်ထပ် လူသတ်သမားနှစ်ယောက် ဖြစ်တဲ့ ဆင်ကီချူးနဲ့ ကင်မင်ချူးတို့ကိုလည်း သီလဝါ ဆိပ်ကမ်းအနီးမှာ ဖမ်းမိခဲ့ကြပါတယ်။ ဖမ်းဆီးစဉ် ပြန်လည်တိုက်ခိုက်ဖို့ ကြိုးစားရာမှာ ဆင်ကီချူး ဖောက်ခွဲတဲ့ လက်ဗစ်ဗုံးဟာလည်း အဖွဲ့ခေါင်းဆောင် ကင်မ်ဂျင်စု လက်ထဲမှာတင် ပေါက်ကွဲပြီး ဆင်ကီချူး သေဆုံးခဲ့ပါတယ်။ ကင်မင်ချူးကိုတော့ ဖမ်းဆီးနိုင်ခဲ့ပြီး သူက ဖြောင့်ချက်ပေး ဝန်ခံထွက်ဆိုခဲ့တာကြောင့် ထောင်ဒဏ်တသက် ပေးခဲ့ပါတယ်။ ကင်မင်ချူးဟာ ၂၅ နှစ်နီးပါး ထောင်ထဲမှာနေခဲ့ရပြီး သေဆုံးခဲ့ပါတယ်။

အာဇာနည်ကုန်း ဖောက်ခွဲမှုဖြစ်စဉ်ဟာ မြောက်ကိုရီးယား လက်ချက်ဖြစ်နိုင်ကြောင်း ခိုင်မာတဲ့ အထောက်အထားတွေ အများကြီးရှိတယ်လို့ CIA ကလည်း အဲဒီအချိန်က ပြောခဲ့ပါတယ်။ အဲဒီမတိုင်ခင် ၁၉၇၀ ပြည့်နှစ်တုန်းကလည်း အဲဒီအချိန်က သမ္မတဖြစ်တဲ့ ပါ့ခ်ချွန်ဟီးကို ဆိုးလ်မြို့က သင်္ချိုင်းတစ်ခုမှာ လုပ်ကြံခဲ့ဖူးပါတယ်။

အဲဒီဖြစ်ရပ်မတိုင်ခင် ရက်ပေါင်း ၆၀ အတွင်းမှာ မြောက်ကိုရီးယား သံအရာရှိတစ်ယောက်ကလည်း အာဇာနည်းကုန်းကိုသွားရောက် ဂါရဝပြုခဲ့တာကြောင့် အာဇာနည်ကုန်းကို အနီးကပ် ကြိုတင်လေ့လာခွင့်ရခဲ့ကြောင်းနဲ့ အခင်းမဖြစ်မီ ၂ ပတ်အလိုက ရန်ကုန်ဆိပ်ကမ်းမှာ အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းတွေလာချခဲ့တဲ့ မြောက်ကိုရီးယားသင်္ဘောနဲ့ အဲဒီလူသတ်သမားတွေ ပါလာတာ ဖြစ်နိုင်တယ်လို့ CIA က ပြောပါတယ်။

မြန်မာ့တရားရုံးတစ်ခုကနေ ဒီလုပ်ရပ်ဟာ မြောက်ကိုရီယားရဲ့ ညွှန်ကြားမှုနဲ့ အဖျက်အမှောင့်သမားတွေရဲ့ ဆောင်ရွက်ချက်ဖြစ်တယ်လို့ သတ်မှတ်ခဲ့ပါတယ်။ အဲဒီနောက် အဲဒီအချိန်က မြန်မာစစ်အာဏာရှင်တွေဟာ မြောက်ကိုရီးယားနဲ့ သံတမန်ဆက်ဆံရေး ဖြတ်တောက်ခဲ့ပြီး နောင်နှစ်ပေါင်း ၂၀ ကျော်ကြာတဲ့အချိန်ထိ နှစ်နိုင်ငံ ပြန်လည်ဆက်ဆံရေး မရှိခဲ့ပါဘူး။

အဲဒီနောက် ဗုံးခွဲသူတွေကို ဖမ်းမိပြီး မကြာမီ သူနဲ့သူ့ကို ကူညီခဲ့သူ အမျိုးသားသုံးယောက်ကို အစိုးရက နိုင်ငံတော် အခမ်းအနားနဲ့ ဂုဏ်ပြုကျွေးမွေးခဲ့ပြီး အဝတ်အစားတချို့နဲ့ ပိုက်ဆံတချို့ ဆုချခဲ့တယ်လို့ AFP သတင်းထောက်ကို ဓားစန်းရီက ပြောပါတယ်။

“အဲဒီနောက်ပိုင်းတော့ သူတို့လည်း ပေါ်မလာကြတော့ပါဘူး” လို့ ပြောပါတယ်။ သူ့မှာလည်း မှတ်တမ်းအနေနဲ့ ဆေးရောင်ပြယ်လွင့်နေပြီဖြစ်တဲ့ ဂုဏ်ပြုသဝဏ်လွှာတစ်စောင်ပဲ ရှိပါတော့တယ်။

မြန်မာနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံကို အနောက်နိုင်ငံတွေက စီးပွားရေးပိတ်ဆို့မှုတွေ အမြောက်အမြား ချမှတ်အရေးယူလိုက်ပြီး အမေရိကန်ကလည်း အာဏာရှင်နိုင်ငံတွေအဖြစ် နာမည်တပ်လိုက်ပြီးနောက်  ၂၀၀၇ ခုနှစ်မှာတော့ မြန်မာနဲ့ မြောက်ကိုရီးယားတို့ရဲ့ ဆက်ဆံရေး ပြန်လည်စတင်လာခဲ့ပါတယ်။

အခုချိန်မှာတော့ ရွေးချယ်ဖိတ်ကြားထားတဲ့ အစိုးရအရာရှိတွေ ကွယ်လွန်သွားခဲ့တဲ့ မြန်မာ့လွတ်လပ်ရေး သူရဲကောင်းတွေကို အလေးပြုဖို့ကလွဲရင် အသစ်ပြန်လည် တည်ဆောက်ထားတဲ့ အာဇာနည်ဗိမာန်ကို ပိတ်ထားတာဖြစ်ပါတယ်။

ဓားစန်းရီဟာ ရန်ကုန်မှာ လူသိများထင်ရှားသူ ဖြစ်ပါတယ်။ သူ့အကြောင်း ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်တွေရှိသလို မြန်မာသတင်းတွေမှာလည်း သူ့အကြောင်း ဆောင်းပါးတွေ ရေးခဲ့ကြပါတယ်။ ဒါပေမဲ့ အခုချိန်မှာ သူ့ကို ထောက်ပံ့မယ့်ဆွေမျိုး မရှိတော့တာကြောင့် အလှူခံ ရပ်တည်နေရပြီး တစ်ရက်ကို ကျပ်  ၃ - ၄ သောင်းလောက်တော့ အလှူခံကနေရတယ်လို့ သူက AFP ကို ပြောပါတယ်။ အဲဒီနေ့က ချောင်းထဲမှာ မြောက်ကိုရီးယား လူသတ်သမားကို ရင်ဆိုင်ဖမ်းဆီးလို့ ရလာနိုင်တဲ့ အန္တရာယ်တွေအပေါ်မှာ တွေးပြီးနောင်တရတာ မရှိဘူးလို့လည်း သူက ပြောပါတယ်။

“ကျမနိုင်ငံအတွက် ကျမက သူ့ကို ဖမ်းတာပါ။ ဗိုလ်ချုပ်အောင်ဆန်းက လုပ်ကြံခံရပြီးတာတောင် သူ့ကိုမြှုပ်နှံထားတဲ့ အာဇာနည်ဗိမာန်ကိုပါ ထပ်ပြီးဖျက်ဆီးခံရတယ်ဆိုတော့ ကျမလည်း သူ့ကို ဆင်းဖမ်းလိုက်တာပဲ။ ကျမတို့နိုင်ငံကို သူတို့စော်ကားတာ ခွင့်မပြုနိုင်ဘူး”လို့ ဓားစန်းရီက ပြောခဲ့ကြောင်း အာဇာနည်ဗိမာန် ဗုံးခွဲခံရတဲ့ နှစ် ၄၀ ပြည့်တဲ့ အောက်တိုဘာလ ၉ ရက်နေ့က AFP ဆောင်းပါးမှာ ဖော်ပြခဲ့ပါတယ်။

ဘာသာပြန်- ဥဿာဆန်း

REF: AFP

PHOTO CREDIT : Sai Aung MAIN / AFP

(AFP သတင်းဌာနမှာဖော်ပြထားတဲ့  “The Burmese barmaid who nabbed a North Korean assassin” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။ )

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024