ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရှိန်းဝမ်ယုခရိုင်၊ ရှိန်းဟွာမြို့နယ်၊ နန်ခုန်ဟော့ရွာအနီး စစ်ကောင်စီတပ်နဲ့ ကိုးကန့် MNDAA တပ်ဖွဲ့တွေ အောက်တိုဘာ ၁၄ ရက်က တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၁၆ ဦးသေဆုံး၊ ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကိုးကန့်သတင်းနဲ့ ဒေသခံ တွေဆီက သိရပါတယ်။
ဒေသခံ တဦးက"သူတို့အလောင်းဝောာင်မကောက်နိုင်ဘူး။ အကုန် စွန့်ပစ်ပြီး ထွက်ပြေးသွားတာလို့ ပြောတယ်။ မင်းအောင်လှိုင်ရဲ့ စစ်သား ၃၀ က ပြည်သူ ၁ ဦးကို ခေါ်သွားပြီး လမ်းပြခိုင်းပြီးတော့ နန်ခုန်ဟော့ ရွာဘက် တက်လာတာလေ။" လို့ ပြောပါတယ်။
အဲဒီ စစ်ကောင်စီ အယောက် ၃၀ ထဲက ၁၆ ယောက် ပစ်သတ်ခံရပြီး ၇ ယောက်ကို ဒဏ်ရာနဲ့ သုံ့ပန်းရခဲ့တဲ့အပြင် လက်နက်ခဲယမ်း ပစ္စည်းတွေ အများအပြား ရရှိတယ်လို့ သိရတယ်လို့ ဒေသခံက ပြောပါတယ်။
"နန်ခုန်ဟော့ လို့ပြောတယ်။ ကိုးကန့် MNDAA က ၃၁၁ နေတဲ့နေရာ။" လို့ နောက်ထပ် ဒေသခံ ၁ ဦးကလည်း ပြောပါတယ်။
ကိုးကန့် သတင်းဌာနကတော့ အောက်တိုဘာ ၁၄ ရက် နေ့လယ် ၁၂ နာရီ ၅၀ မိနစ်လောက်က အင်အား ၃၀ ကျော် ပါတဲ့ စစ်ကောင်စီ စကခ - ၁၂၊ တပ်ရင်း ၃၃၅ အဖွဲ့ က ဒေသခံ အရပ်သား ၁ ဦးကို ပေါ်တာဆွဲပြီး လမ်းပြအဖြစ် ခေါ်ဆောင်လာကာ ကိုးကန့် MNDAA ၃၁၁ ရှိရာဘက် စစ်ကြောင်းထိုးလာတာမှာ ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်တာကြောင့် စစ်ကြောင်း တစ်ကြောင်းလုံး ပြုတ်နီးပါး အထိနာခဲ့ကြောင်း အောက်တိုဘာ ၁ ၅ ရက်ညနေပိုင်းက သတင်းထုတ်ထားပါတယ်။
နှစ်ဖက် တိုက်ပွဲ ပြင်းထန်ခဲ့ပြီး နေ့လယ်ပိုင်းကတည်းက ညနေ ၃ နာရီကျော်အထိ ကြာခဲ့တယ်လို့ ဆိုပါတယ်။ ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။
ကိုးကန့် MNDAA က ပြင်းထန်စွာ လိုက်လံ ပစ်ခတ်တာကြောင့် စစ်ကောင်စီ တပ်သားတချို့ စစ်မြေပြင်ကနေ အထိတ်တလန့်ထွက်ပြေးသွားကြလို့ သေဆုံးသွားတဲ့ စစ်ကောင်စီ တပ်သားတွေရဲ့ ရုပ်အလောင်းတချို့နဲ့ လက်နက်ခဲယမ်းတချို့ စွန့်ပစ်ထားခဲ့ကြောင်း ဖော်ပြထားပါတယ်။
ရိုင်ဖယ် ၁၀ လက်၊ ၆၀ မမ ပစ်အမြောက် ၁ လက်၊ လက်ပစ်အမြောက် ၁ လက်၊ ကျည်ဘောက် ၁၄ ခု၊ ကျည်ဆန် ၂၁၈ တောင့်၊ အသံလွှင့်စက် ၁ လုံး၊ လက်ကိုင်ဖုန်း ၁ လုံး၊ ဂြိုလ်တုဖုန်း ၁ လုံးနဲ့ တခြား ထောက်ပံ့ရေးပစ္စည်းတချို့ သိမ်းဆည်းရကြောင်းလည်း ဖော်ပြထားပါတယ်။