Home
မြန်မာသတင်း
ရိတ်သိမ်းခကြီးမြင့်သဖြင့် ရေမြုပ်စပါးခင်းများကို ဖျက်ဆီးနေရ
DVB
·
October 15, 2023

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်ထဲမှာ ရိတ်သိမ်းစရိတ်ပိုကြီးတာကြောင့် ရေနစ်မြုပ်တဲ့ စပါးခင်းတွေကို မရိတ်သိမ်းတော့ဘဲ မြေဩဇာအဖြစ် ပြန်ဖျက်ဆီးခဲ့တယ်လို့ စိုက်တောင်သူတွေက ပြောပါတယ်။

ဟင်္သာတမြို့၊ လေးမျက်နှာနဲ့ ဇလွန်မြို့တို့မှာ စက်တင်ဘာလ အစကတည်းက မိုးသည်းသည်းထန်ထန်ရွာပြီး မြစ်ရေတက်တာကြောင့် စိုက်ပျိုးခဲ့တဲ့ မိုးစပါးစိုက်ဧက အများကြီး ရေနစ်မြုပ်ပြီး ပျက်စီးခဲ့ရပါတယ်။

ပျက်စီးနေတဲ့စပါးခင်းတွေဟာ  ၁ ဧကကို ၁၀ တင်းလောက်ပဲ ထွက်တော့တာကြောင့် ရိတ်သိမ်းစက်ခတောင်ပြန်မရလို့ နွေစပါးနဲ့ ပဲစိုက်ပျိုးဖို့အတွက် မြေဩဇာ ရအောင် ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ လေးမျက်နှာမြို့က စပါးစိုက်တောင်သူတယောက်က ပြောပါတယ်။

"ရိတ်ခြွေစက်နဲ့ ရိတ်မယ်ဆိုရင် ၁ ဧကကို ၁ သိန်းလောက်ပေးရမှာ။ အခုက အများဆုံး ၁၀ တင်းလောက်ပဲထွက်မယ့်အပြင်ကို ပျက်စီးတဲ့စပါးတွေဖြစ်တဲ့အတွက် ၁၀ တင်းကို ၇ သောင်း အများဆုံးလောက်ပဲရမှာ။ စက်နဲ့မရိတ်နိုင်ပေမယ့် လူနဲ့ရ‌သလောက်ရိတ်မလို့ ဆိုပြီး လူငှားရှာသေးတယ်။ ရှာမရတဲ့အဆုံး မထူးတော့ဘူးဆိုပြီး နွေစပါးအတွက် မြေဩဇာရအောင်လို့ အကုန်ဖျက်လိုက်တာ" လို့ပြောပါတယ်။

အခုနှစ်မှာ စိုက်ပျိုးစရိတ်တွေ မြင့်တက်လာတာကြောင် စပါးတဧက ကုန်ကျစရိတ် ၇ သိန်းကျော်ရှိပြီး ရေမြုပ်တာကြောင့် အများကြီး ဆုံးရှုံးရတယ်လို့ ဟင်္သာတမြို့က စပါးစိုက်တောင်သူက ပြောပါတယ်။

"စိုက်စရိတ်တွေကမြင့်။ စပါးဈေးက မကောင်းတဲ့အပြင်ကို ရေကပါ ထပ်မြုပ်တော့ ဆုံးရှုံးမှုတွေ အများကြီးရှိပါတယ်။ အခုလည်း စပါးကိုနိုင်သလောက်ရိတ်ပြီး ကျန်တာတော့ ပဲစိုက်ဖို့မြေဩဇာရအောင် စက်နဲ့ပဲ ဖျက်လိုက်တယ်။ ရိတ်ထားတဲ့ စပါးတွေကလည်း အဝါအရမ်းဖောက်နေတော့ လူစားဖို့အဆင်မပြေပါဘူး။ ဝက်စာ၊ ဘဲစာ ကျွေးမှပဲရတော့မှာ" ပြောပါတယ်။

ဟင်္သာတခရိုင်မှာ စက်တင်ဘာလတုန်းက မြစ်ရေတက်တာကြောင့် စိုက်ပျိုးခဲ့တဲ့မိုးစပါးဧက ၁ သိန်းနီးပါးရေမြုပ်ခဲ့ပြီး နေအိမ် ၆၂လုံး  ကမ်းပါးပြိုတဲ့အထဲ ပါသွားသလို လူ ၁၅၀၀ နီးပါးလည်း ရေဘေးရှောင်ခဲ့ရပါတယ်။

ဧရာဝတီတိုင်းမှာ အခုနှစ် မိုးစပါးစိုက်ဧက ၃၇ သိန်းကျော်ရှိခဲ့ပြီး ထက်ဝက်လောက် ရေနစ်မြုပ်ခဲ့ပေမယ့် စစ်ကောင်စီရဲ့ စိုက်ပျိုးရေးဝန်ကြီးဌာနကတော့ အခုနှစ်မှာ စပါးအထွက်နှုန်းကောင်းပြီး တောင်သူတွေ အဆင်ပြေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024