Home
မြန်မာသတင်း
မြိုင်နှင့် မြင်းခြံတွင် စစ်ကောင်စီတပ်သားများ ဒရုန်းဗုံးကြဲ၊ မိုင်းခွဲတိုက်ခိုက်ခံရ
DVB
·
October 15, 2023

မကွေးတိုင်း၊ မြိုင်မြို့မှာ အောက်တိုဘာ ၁၄ ရက်နေ့က စစ်ကောင်စီတပ်သားတွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာလည်း စစ်ကောင်စီ ခြေလျင်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရလို့ အနည်းဆုံး ၂ ယောက် သေဆုံးခဲ့ပါတယ်။

မြိုင်မြို့ပေါ်က စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ နေရာတွေကို အောက်တိုဘာ ၁၄ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန်မှာ ဒရုန်းနဲ့ အီနာဂါဗုံးသီး ၁၂ လုံး ဖြုတ်ချ တိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ ရှိနိုင်ပေမယ့် အတိကျမသိရသေးလို့ ဆက်လက် စုံစမ်းနေတယ်လို့ မြိုင်မြို့နယ်ပကဖရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုသုခက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြိုင်ပကဖ တပ်ရင်း ၂၊ မြိုင်ပကဖအဖွဲ့ရဲ့ မြိုင် UAV Fighter အဖွဲ့၊ Earthquake PDF အဖွဲ့နဲ့ ဗိုလ်မြွေဆိုးအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်း တနေရာမှာလည်း မြင်းခြံနဲ့ နွားထိုးကြီး မြို့နယ်ထဲကို လှည့်လည်စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီ ခြေလျင် စစ်ကြောင်းကို အောက်တိုဘာ ၁၄ ရက်နေ့ မနက်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မန္တလေးခရိုင် တပ်ရင်း ၃ ရဲ့ ပြန်ကြားတာဝန်ခံက ပြောပါတယ်။

“မိုင်းဆွဲတာကတော့ မြင်ခြံမြို့နယ်အတွင်းမှာ ဆွဲခဲ့တာဗျ။ နေရာကတော့ ဒေသခံ ကျေးရွာတွေ လုံခြုံရေးအရ ကျနော်တို့မဖော်ပြပေးတာပါ။ မိုင်းကတော့ ပဒေသာမိုင်း ၇ လုံးတွဲနဲ့ မိုင်းဆွဲခဲ့တာပါ။ စစ်ကောင်စီ အသေအပျောက်ကတော့ မျက်မြင်စစ်သား ၂ ယောက်ကျော်သေဆုံးပြီးတာ့ အများအပြား ဒဏ်ရာရသွားတယ်။ ကျနော်တို့ မိုင်းဆွဲပြီး စစ်ကောင်စီဘက်က ရမ်းသမ်းပစ်ခတ်တာတွေတော့ရှိခဲ့တယ်။ ကျနော်တို့ဘက်ကတော့ အထိအခိုက်မရှိခဲ့ဘူး” လို့ ပြောပါတယ်။

အခု မိုင်းဆွဲခံရတဲ့စစ်‌ကောင်စီစစ်ကြောင်းမှာ စစ်သား ၄၀ ဝန်းကျင်ပါဝင်ပြီး စစ်သားသေဆုံးတဲ့ အရေအတွက်ကို ဒီဗွီဘီအနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီတပ်ဟာ မန္တလေးတိုင်းအတွင်းက မြို့နယ်တွေမှာ မြေပြင်ခြေလျင်စစ် ကြောင်းထိုးတာတွေ ပြုလုပ်နေသလို ဧရာဝတီမြစ်အတွင်းကနေ စစ်သင်္ဘောတွေနဲ့ လှည့်လည်ပြီး ပြည်သူ့ကာကွယ်ရေးစခန်းတွေကို ဝင်ရောက်ပစ်ခတ်တာ တွေလည်း ရှိတယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးခေါင်းဆောင်တွေ ဆီကနေ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024