စစ်ကိုင်းတိုင်း၊ ကလေးမြို့နဲ့ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ ပြည်သူတွေရဲ့နေအိမ်တွေကို စစ်ကောင်စီတပ်က အောက်တိုဘာ ၁၃ ရက်နေ့ မနက်ပိုင်းမှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကလေးမြို့ပေါ် အင်ဒိုင်းကုန်းရပ်ကွက်နဲ့ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်းရွာက ဒေသခံနေအိမ်တွေကို မီးရှို့ခဲ့တာပါ။
ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ တောင်ခင်ရန်းကျေးရွာမှာ စစ်ကောင်စီနဲ့ ဒေသခံ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီးနောက် နေအိမ်တွေကို စစ်တပ်က မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာ ၁၃ ရက်နေ့ မနက် ၄ နာရီအချိန်မှာ တောင်ခင်ရန်းရွာရဲစခန်းမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူးစောထီးတပ်ဖွဲ့ဝင်တွေ စခန်းအပြင်ထွက်ချိန် မိုင်းနင်းမိပြီးနောက် ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒါကြောင့် ဒေသခံကာကွယ်ရေးတပ်တွေကလည်း ပြန်လည်ပစ်ခတ်လို့ ထိတွေ့တိုက်ပွဲ ခဏဖြစ်ခဲ့ပြီး မနက် ၁၀ နာရီခွဲလောက်မှာ တောင်ခင်ရမ်းရဲစခန်းဝန်းထဲကနေ လက်နက်ကြီးအပြင် မီးလောင်စေတဲ့လက်နက်(မီးကျည်)နဲ့ ပစ်ခတ်ခဲ့တာကြောင့် တောင်ခင်ရမ်းကျေးရွာ ရွာသစ်ကုန်း၊ အမှတ် ၆ ရပ်ကွက်က နေအိမ် ၅ လုံး မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
တောင်ခင်ရန်းရွာသားတယောက်က “မီးလောင်တာက အိမ် ၅ လုံး၊ ၂ အိမ်ကတော့ မီးကျွမ်းနေပြီ။ ကျန်တဲ့အိမ်တွေကတော့ မီးခိုးထွက်နေတုန်းပါပဲ။ အုတ် ၂ ထပ်တိုက်နဲ့ ပျဉ်ထောင်အိမ်တွေပါ။ အိမ်ကောင်းတွေကြီးပဲ ရွေးပစ်တာပါ” လို့ ပြောပါတယ်။
ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်းကျေးရွာကို စစ်ကောင်စီတပ်က ပျူစောထီးရွာအဖြစ် သတ်မှတ်တာကြောင့် ပြီးခဲ့တဲ့ မေလကုန်ပိုင်းကတည်းက ဒေသခံ ၃,၀၀၀ ကျော်ဟာ ကျေးရွာအပြင်ဘက်တောစပ်တွေမှာ စစ်ဘေးရှောင်အဖြစ် နေထိုင်နေကြရပါတယ်။
ကလေးမြို့ပေါ်က မီးရှို့တာနဲ့ပတ်သက်လို့ကတော့ အခြေအနေအသေးစိတ်ကို မသိရသေးပါဘူး။
ကလေးနယ်က ဒေသခံတယောက်က “ညကစ ဖုန်းလိုင်းတွေဖြတ်ထားတာ။ ဒီနေ့ညနေမှ ဖုန်းလိုင်းတွေရတာ။ မနေ့ကညနေက စရှို့တာ ဒီနေ့(အောက်တိုဘာ ၁၃ ရက်) မနက်အထိပဲ။ အရေအတွက်အတိအကျတော့ မသိရသေးဘူး” လို့ ပြောပါတယ်။
မီးရှို့ခံရဲ့ အင်ဒိုင်းကုန်းရပ်ကွက်က ဒေသခံတွေကတော့ အောက်တိုဘာ ၇ ရက်နေ့ စက္ကန့်ရွာမှာ တိုက်ပွဲဖြစ်ပွားကတည်းက ထွက်ပြေးတိမ်းရှောင်နေကြတာပါ။
စစ်အာဏာသိမ်းပြီးနောက် ၂၀၂၃ ဇူလိုင် ၃၁ ရက်နေ့အထိ စစ်ကောင်စီက မကွေးတိုင်းထဲမှာ နေအိမ်ပေါင်း ၁၁,၀၂၆ လုံးနဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ နေအိမ် ၅၇,၅၀၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Data for Myanmar ရဲ့ စာရင်းပြုစုချက်အရ သိရပါတယ်။