Home
ဆောင်းပါး
မြန်မာ့ဟန်ချက် ပြည်သူ့အတွက်
DVB
·
October 14, 2023

ငါတို့သည်ကား၊ ကိုယ်စီကိုယ်စီ

“ဟန်ချက်”ညီဖြင့်၊ အလိုက်သင့်စွာ

လုပ်ဆောင်ပါမှ၊ အောင်ပွဲရမည် ဖြစ်သတည်း။ ။

ကျမတို့ရဲ့ အသည်းနှလုံးဖြစ်တဲ့ မြန်မာနိုင်ငံဟာ မကြာသေးမီနှစ်တွေအတွင်း သိသာထင်ရှား ဆိုးဝါးလှတဲ့ အပြောင်းအလဲပေါင်းစုံကို မလွှဲမရှောင်နိုင်ဘဲ ကြုံတွေ့ခံစားခဲ့ကြရပါတယ်။ ဒီအပြောင်းအလဲ‌တွေက မြန်မာပြည်သူတွေအတွက် အလွန်ကြီးမားတဲ့ စိန်ခေါ်မှုကြီးတရပ်ပဲ ဖြစ်ပါတယ်။ ဒီပြောင်းလဲနေတဲ့ အခင်းအကျင်းကနေ ပိုမို‌ကောင်းမွန်လှပတဲ့ အနာဂတ်ကို ထိန်းသိမ်းဖို့ အလွန်အင်မတန် အရေးကြီးတဲ့ အရာကတော့ “ဟန်ချက်” ဖြစ်ပါတယ်။ ဘယ်လိုပင်ဖြစ်စေ ခက်ခဲကြမ်းတမ်း ပင်ပန်းမှုတွေကြားမှာ “ဟန်ချက်” ညီမှုကို ခိုင်ခိုင်မြဲမြဲ ဆွဲကိုင်ထားနိုင်ကြဖို့ကတော့ အလွန်ပင် အရေးကြီးလှပါတယ်။

မထင်မှတ်တဲ့ ပြောင်းလဲမှုတွေဟာ ကျမတို့ရဲ့ လက်တွေ့ဘဝတွေမှာ ရှောင်လွှဲလို့ မရနိုင်လောက်အောင် တွေ့ကြုံခံစားကြရပါတယ်။ လက်ရှိအခြေအနေမှာ ကျမတို့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ လူမှုရေးနဲ့ စီးပွားရေး အပြောင်းအလဲတွေကို နိုင်ငံသားတိုင်း ပါဝင်ပတ်သက် ခံစားတတ်သူတိုင်း သာတူညီမျှ မျှဝေခံစားခဲ့ကြရတယ်။ ဒီလို ခက်ခဲကျပ်တည်းလွန်းလှတဲ့ အပြောင်းအလဲကာလမှာ ကျမတို့ တဦးတယောက်စီတိုင်းဟာ “ဟန်ချက်” ညီ‌နေ‌ကြစေဖို့ မရှိမဖြစ် လိုအပ်‌နေပါတယ်။ ဆိုလိုတာကတော့ ကျမတို့ တဦးချင်းစီနဲ့ လူ့အဖွဲ့အစည်းအထိကို အခြေအနေအသစ်တွေနဲ့ လိုက်လျောညီထွေ အဆင်ပြေစေဖို့နဲ့ အသိဉာဏ်ပညာနဲ့ “ဟန်ချက်” ညီတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ အရေးတကြီး လိုအပ်နေပါတယ်။

“ဟန်ချက်” ညီမှုဆိုတာဟာ ကျမတို့ရဲ့ လက်တွေ့ဘဝမှာ ရုပ်ပိုင်းဆိုင်ရာနဲ့သာမက စိတ်ပိုင်းဆိုင်ရာနဲ့ပါ သက်ဆိုင်‌နေပါတယ်။ ကျမတို့ဘဝရဲ့ ရှုပ်ထွေးနက်နဲ ခက်ခဲမှုတွေကို အဆင်ပြေပြေ ချောမွေ့နိုင်စေတာကတော့ “မျှခြေ” အ‌နေအထား ဖြစ်ပါတယ်။ လက်တွေ့ဘဝမှာ “ဟန်ချက်” ညီနေတာကြောင့် ပျော်ရွှင်မှု၊ အလုပ်ပြီးမြောက်အောင်မြင်မှုနဲ့ အလုံးစုံသော သုခကို တိုးပွားစေနိုင်တာကြောင့် ကိုယ်စီကိုယ်စီ “ဟန်ချက်” ညီမျှနေစေဖို့ ကြိုးပမ်းအားထုတ်ကြရပါမယ်။

ကြိုးတချောင်းပေါ်မှာ ဟန်ချက်ညီညီ လမ်းလျှောက်နေတဲ့ မိန်းမပျိုတဦးကို မြင်ယောင်ကြည့်ကြပါ။ ဒီမြင်ကွင်းမှာ “ဟန်ချက်” ရဲ့ စွမ်းအားကို အံ့ဩဖွယ် တွေ့မြင်နိုင်ပါတယ်။ ဘီးနှစ်ဘီး၊ ဘီးတဘီးပေါ်မှာ စီးနင်းလိုက်ပါနိုင်မှုကို ကြည့်ရင် “ဟန်ချက်” ညီတယ် ဆိုတာကို အထူးတလည် ရှင်းပြနေဖို့ မလိုအပ်တော့ပါ။ မြို့လယ်ကောင်က ရှုပ်ထွေးပြည့်ကျပ်လှတဲ့ လမ်းမတခုပေါ်မှာ ကား၊ မော်တော်ဆိုင်ကယ် စသည်ဖြင့် ယာဉ်မျိုးစုံ သွားလာနေ‌နိုင်တာဟာ ယာဉ်တစီးစီရဲ့ “ဟန်ချက်” ညီမှုပဲ ဖြစ်ပါတယ်။ ယာဉ်တစီးစီးက ဟန်ချက်ပျက်သွားတာနဲ့ မလိုလားအပ်တဲ့ ပြဿနာတွေက ဆက်တိုက် ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ “ဟန်ချက်” ညီတာဟာ သာမန်ဆိုရင် လွယ်ကူတဲ့ကိစ္စ မဟုတ်ပေမဲ့ မဖြစ်နိုင်တဲ့ အနေအထားလည်း မဟုတ်တာကိုတော့ လက်ခံကြရမှာ ဖြစ်ပါတယ်။ အလားတူပဲ ကျမတို့ မြန်မာနိုင်ငံသားတွေဟာလည်း အခုလို အင်မတန် အရေးကြီးလှတဲ့အချိန်မှာ မိမိတို့ရဲ့ “ကိုယ်ပိုင်ဟန်ချက်” ကို ကြိုးစားရှာဖွေ အားထုတ်ကြရပါမယ်။

ကျမတို့ရဲ့ ရုပ်ခန္ဓာကိုယ်ဟာ “ဟန်ချက်” ညီဖို့ အရမ်းအရေးကြီးပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ စားသုံးတာ၊ သင့်တင့်မျှတတဲ့ လေ့ကျင့်ခန်းတွေလုပ်တာ၊ လုံလောက်တဲ့ အနားယူတာတို့ကို “ဟန်ချက်” ညီ‌စေရပါတယ်။ ဒါမှသာ ကျန်းမာကြံ့ခိုင် ရှင်သန်၊ ရှင်ကျန်နိုင်ကြမှာ ဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ရင် ရုပ်ပိုင်းဆိုင်ရာ မညီမျှမှုတွေကို ဖြစ်လာစေနိုင်ပြီး အချိန်ကြာလာတာနဲ့အမျှ ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေလာနိုင်ပါတယ်။

ဒီလိုပါပဲ။ ကျမတို့ရဲ့ စိတ်နဲ့ စိတ်ခံစားချက်တွေကို ဟန်ချက်ညီညီ ထိန်းညှိကြဖို့လည်း အင်မတန် အရေးကြီးလှပါတယ်။ စိတ်ဖိစီးမှုကို ထိန်းညှိတာ၊ တရားထိုင်တာလိုမျိုး တရားနှလုံးသွင်းတာတွေနဲ့ မိမိကိုယ်ကို မိမိ ပြန်ပြီး ဆင်ခြင်သုံးသပ်ပြီးတော့ စိတ်ပိုင်းဆိုင်ရာ “ဟန်ချက်” ညီမှုကိုလည်း ရရှိနိုင်ပါတယ်။

“မျှခြေ” အနေအထားတခုဟာ လူတဦးတယောက်စီရဲ့ နေ့စဉ်ဘဝတွေထက် ပိုမိုကြီးမားတဲ့ အရေးပါမှုကို ဖော်ဆောင်နိုင်ပါတယ်။ ဒီကတဆင့် မြန်မာတနိုင်ငံလုံးရဲ့ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးအထိပါ ဆက်လက်လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ ဒီလို အတွင်းစိတ်ရဲ့ သဟဇာတဖြစ်မှုဟာ ရည်ရွယ်ချက်ရှိတဲ့သဘော၊ ကိုယ့်ကိုယ်ကိုယ် သိရှိနားလည်မှု၊ လက်ခံမှုတို့နဲ့ ဆက်စပ်နေတတ်ပါတယ်။ ကျမတို့ရဲ့ တန်ဖိုးတွေကို ကိုယ်တိုင် နားလည် ယုံကြည်ပြီး မိမိတို့ရဲ့ လုပ်ဆောင်ချက်တွေကို ချိန်ညှိပေးခြင်းဖြင့် ပိုမိုပြည့်စုံပြီး ဟန်ချက်ညီတဲ့ ဘဝတခုစီဆီကို ဦးတည်သွားမှာ ဖြစ်ပါတယ်။

“ဟန်ချက်” ညီတယ် ဆိုတာဟာ အပြောလွယ်သလောက် အလုပ်ခက်လှပါတယ်။ ကျမတို့ရဲ့ မနက်ဖြန်ဘဝတွေဟာ ကြိုတင်မှန်းဆကြည့်လို့ မရနိုင်ပါ။ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေဟာ ကျမတို့ရဲ့ “မျှခြေ” အ‌နေအထားကို ကပြောင်းကပြန် ဖြစ်တဲ့အထိ ရန်ပြု နှောင့်ယှက်နိုင်ပါတယ်။ ဒါပေမဲ့ ဘုရင့်နောင် ဖောင်ဖျက်သလိုမျိုး မလျှော့တမ်း ဆက်လက် အားထုတ်မှုနဲ့ လိုက်လျောညီထွေရှိဖို့ အလွန်လိုအပ်ပါတယ်။ ဒါ့အပြင် “ဟန်ချက်” အနေအထားဟာ လူတဦးနဲ့တဦး ကွဲပြားနိုင်ပါတယ်။

ကျမတို့ မြန်မာနိုင်ငံမှာ မတူကွဲပြားတဲ့ လူမျိုးစုတွေ၊ ဘာသာစကားတွေနဲ့ ကိုယ်ပိုင် ယဉ်ကျေးမှုတွေ အများကြီးရှိပါတယ်။ ဒီအ‌ခြေအနေတွေကြားမှာ စည်းလုံးညီညွတ်မှုကို မြှင့်တင်ရင်း မတူကွဲပြားမှုကို ဆုပ်ကိုင်ထားနိုင်တာဟာ အင်မတန် သိမ်မွေ့နက်နဲပြီး “ဟန်ချက်” ညီတဲ့ လုပ်ရပ်တခု ဖြစ်ပါတယ်။ ကျမတို့အချင်းချင်း မတူညီ ကွဲပြားတာတွေကို လေးစား အသိအမှတ်ပြုပြီးတော့ ပိုမိုကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်ကြရပါမယ်။

အခုအချိန်မှာ အလုပ်၊ ဝင်ငွေနဲ့ ပိုင်ဆိုင်မှု‌တွေဟာ နိုင်ငံသားကောင်းတို့အနေနဲ့ ဘဝရဲ့ အနှစ်သာရ မဟုတ်နိုင်ပါဘူး။ သုခနဲ့ ဒုက္ခတို့ဟာလည်း တည်မြဲနေမှာ မဟုတ်ပါ။ အနောက်ကို ဝင်သွားတဲ့ နေမင်းဟာ အရှေ့ကနေ တဖန် ပြန်ထွက်ပေါ်လာပေဦးမှာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သန်းခေါင်အပြင်တော့ ညဉ့်မနက်နိုင်တော့ပါ။ မနက်ခင်းရဲ့ နေရောင်ကို အားတင်းစောင့်ဆိုင်းရင်း နိုင်ရာတာဝန်ထမ်းပြီး ကြိုးစားနေတာကသာ တခုတည်းသောအဖြေ ဖြစ်ပါတယ်။

ဘာသာတရား၊ သီလနဲ့ ကောင်းမှုကုသိုလ်‌တွေကသာ လူ့ဘဝရဲ့ အနှစ်သာရ အစစ်အမှန်တွေ ဖြစ်ကြပါတယ်။ ကျမတို့ မြန်မာနိုင်ငံကို “ဟန်ချက်” ညီညီ ထိန်းကျောင်းနိုင်စေဖို့ ကျမတို့ဟာ အသိတရား၊ မိမိကိုယ်ကိုမိမိ ဂရုစိုက်မှုနဲ့ ပွင့်လင်းတဲ့ ဆွေးနွေးမှုတွေနဲ့သာ ရှေ့ဆက်ကြရမှာ ဖြစ်ပါတယ်။ တရားမျှတပြီး သာယာဝပြောတဲ့ မြန်မာနိုင်ငံကို မျှမျှတတ မျှဝေတဲ့အမြင်နဲ့ တဦးချင်းကစ အသိုင်းအဝိုင်းနဲ့ အဖွဲ့အစည်းတွေကြားအထိ ပူးပေါင်းလုပ်ဆောင်ကြဖို့ လိုအပ်ပါတယ်။

“ဟန်ချက်” ညီတယ် ဆိုတာဟာ ခိုင်မာတောင့်တင်းတာ မဟုတ်ပါ။ အလိုက်သင့် လုပ်ဆောင်နိုင်တာနဲ့ ခံနိုင်ရည်ရှိတာတွေကိုပဲ ဆိုလိုပါတယ်။ ကျမတို့ရဲ့ဘဝမှာ မထင်မှတ်တဲ့ အပြောင်းအလဲတွေကို မဖြစ်မနေ ရင်ဆိုင်ကြရတဲ့အခါ “ဟန်ချက်” ညီမှုနဲ့ပဲ ဒုက္ခကနေ ပြန်လည်ထမတ်နိုင်ကြမှာ ဖြစ်ပါတယ်။ ချိန်ခွင်တခုမှာ ချိန်ခွင်လျှာရဲ့ အရေးပါမှုကို သိမြင်ကြပြီး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ မိမိတို့ တန်ဖိုးထားမှုတွေကို “ဟန်ချက်” ညီအောင် ကြိုးစားကြရပါမယ်။ ကျမတို့ ကိုယ်စီ ကိုယ်စီရဲ့ ဟန်ချက်ညီမှုတွေကို ထိန်းသိမ်းရင်း ကျမတို့ လူ့အဖွဲ့အစည်းရဲ့ “ဟန်ချက်” ကို စည်းစည်းလုံးလုံး ညီညီညာညာ ဝိုင်းဝန်းထိန်းညှိကြရပါမယ်။ အခုလက်ရှိ မြန်မာနိုင်ငံမှာ ကျမတို့ ပြည်သူတွေဟာ ကျန်းမာရှင်သန်ဖို့နဲ့ စိန်ခေါ်မှုတွေကို ကျော်လွန်အောင်မြင်နိုင်ဖို့ ကိုယ်စီကိုယ်စီ  “ဟန်ချက်” တွေကို ထိန်းညှိကြရင်းနဲ့ ပန်းတိုင်အရောက် စည်းစည်းလုံးလုံး ညီညီညာညာ၊ ယုံယုံကြည်ကြည်၊ ခိုင်ခိုင်မာမာ ဆက်လက်လျှောက်လှမ်းကြပါစို့။  

သန့်ကေသာ ( CDM ပညာရေးဝန်ထမ်း)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024