မြောက်ကိုရီးယားနိုင်ငံသား အများအပြားကို အတင်းအကျပ် နေရပ်ပြန်ပို့တယ်လို့ သံသယဖြစ်ရတဲ့ လုပ်ရပ်အပေါ် တရုတ်နိုင်ငံကို ဆန့်ကျင်ကန့်ကွက်ကြောင်း တောင်ကိုရီးယားနိုင်ငံက အောက်တိုဘာ ၁၃ ရက်မှာ ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားကို အတင်းအကျပ် နေရပ်ပြန်ပို့တာဟာ နိုင်ငံတကာစံနှုန်းတွေကို ဆန့်ကျင်ပြီး ဒါဟာ ဝမ်းနည်းစရာလို့ တောင်ကိုရီးယားက ရှုမြင်တယ်လို့ တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ကူးဗြောင်ဆန်က မီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။
ပြန်ပို့ခံရသူ အရေအတွက် ဘယ်လောက်ရှိတယ် ဆိုတာနဲ့ သူတို့တွေထဲမှာ ထွက်ပြေးလာသူတွေ ပါ မပါ တောင်ကိုရီးယားက သေချာတပ်အပ် မပြောနိုင်ပါဘူး။
တရုတ်အာဏာပိုင်တွေဟာ မြောက်ကိုရီးယားနိုင်ငံသား ၅၀၀ ကျော်ကို အတင်းအကျပ် ပြန်ခိုင်းခဲ့ပြီး အများစုမှာ အမျိုးသမီးတွေ ဖြစ်ကြတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ပြောပါတယ်။
မြောက်ကိုရီးယား အာဏာပိုင်တွေရဲ့ လက်အောက်မှာ သူတို့ကို ထောင်ချတာနဲ့ နှိပ်စက်ညှဉ်းပန်း အလွဲသုံးမှုတွေ ရှိတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောဆိုကြပါတယ်။
ဒါကြောင့် တရုတ်နိုင်ငံကနေ နှင်ထုတ်မှုနဲ့ ဒါမျိုးကို နောက်ထပ်မလုပ်ဘဲ အဆုံးသတ်အောင် ရှုတ်ချပေးဖို့လည်း အစိုးရတွေကို တောင်းဆိုထားပါတယ်။
တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ဘင်က “တရုတ်နိုင်ငံကတော့ သူတို့ကို ထွက်ပြေးလာသူတွေလို့ ခေါ်တာ မရှိကြောင်းနဲ့ စီးပွားရေးအရ တရုတ်ကို တရားမဝင် ဝင်ရောက်လာတဲ့ မြောက်ကိုရီးယားတွေအတွက်တော့ တရုတ်က အမြဲတမ်း တာဝန်သိစိတ်နဲ့ မှန်မှန်ကန်ကန်ပဲ ဆက်ဆံတယ်” လို့ ပြောပါတယ်။
တရုတ်နိုင်ငံက ဒီကိစ္စကို ပြည်တွင်း ပြည်ပ ဥပဒေနဲ့ လူသားချင်းစာနာထောက်ထားမှု မူဝါဒတွေနဲ့အညီ အမြဲတမ်း ကိုင်တွယ်ခဲ့တယ်လို့လည်း တုံ့ပြန်ပြောဆိုထားပါတယ်။
Source/Photo-Reuters