Home
မေးမြန်းခန်း
“နောက်ဆုံးပိတ်တိုက်ပွဲ ပွဲသိမ်းတခုကိုတော့ လူထုကိုယ်တိုင် ပါရမှာဖြစ်တယ်” - ပဒိုစောတောနီး
DVB
·
October 13, 2023

တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) လုံးဝမရှိတော့ဘူးလို့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး ၃ ဖွဲ့က ပြတ်ပြတ်သားသား ထုတ်ပြန်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့က ပူးတွဲပြီး အောက်တိုဘာ ၁၂ ရက်နေ့မှာ အတိအလင်း ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ 

“နောက်ဆုံးပိတ်တိုက်ပွဲ ပွဲသိမ်းတခုကိုတော့ လူထုကိုယ်တိုင် ပါရမှာဖြစ်တယ်” လို့ ပဒိုစောတောနီးက လူထုကို သတင်းစကားပါးလိုက်ပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်လို့ KNU ပြောခွင့်ရသူ ပဒိုစောတောနီးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး - ဆရာတို့ ရပ်တည်ချက်တချို့ကို စစ်တပ်ကရော လူထုကရော အကြမ်းဖျင်းတော့ သိထားပြီးကြပါပြီ။ ဒီလိုအခြေအနေမှာ ၃ ဖွဲ့ပေါင်းပြီး ထုတ်ပြန်ချက်ထုတ်ရတဲ့ ရည်ရွယ်ချက် ဘယ်လိုအကြောင်းတွေကြောင့်ဆိုတာကို သိချင်ပါတယ်။

ဖြေ - “ဟုတ်ကဲ့။ အဓိကတော့ ဒီလိုရှိပါတယ်။ NCA စာချုပ်ကို သဘောတူ လက်မှတ်ထိုးတဲ့ အဖွဲ့မှာ ကျနော်တို့ KNU ကရင်အမျိုးသားအစည်းအရုံး တဖွဲ့တည်း မဟုတ်ဘူးလေ။ အဲဒီအထဲမှာ အထူးသဖြင့် ၂၀၂၁ နောက်ပိုင်း အာဏာသိမ်းပြီးတဲ့အခါမှာ ဒီစာချုပ်စာတမ်းကို ကျနော်တို့ လုံးဝကို အသိအမှတ်မပြုနိုင်တော့ဘူး။ ဒါကို ပြည်သူ့ဘက်က ကျနော်တို့ ရပ်တည်မယ် ဆိုတာကတော့ အထူးသဖြင့် လက်မှတ်ရေးထိုးတဲ့ အဖွဲ့တွေထဲမှာတော့ ကျနော်တို့ ဒီ ၃ ဖွဲ့က ပါနေတယ်လေ။ အဲ့ဒါကြောင့်မို့လို့ ဒီနေ့၊ ဒီအချိန်မှာ စစ်ကောင်စီကနေပြီးတော့ စာချုပ်စာတမ်းတွေ မပျက်သေးပါဘူး။ NCA ဟာ ရှိနေပါသေးတယ်။ ရွေးကောက်ပွဲတွေ လုပ်ရမယ်။ ဖွဲ့စည်းပုံတွေ ၂၀၀၈ က ရှိပါသေးတယ်ဆိုပြီး သူတို့က အဲ့လို နိုင်ငံတကာကို လှည့်ဖျားသွေးဆောင်ပြီးတော့ ပြည်တွင်းရော ပြည်ပကသူတွေရောကို မဟုတ်တဲ့ဟာတွေ လျှောက်လုပ်နေတဲ့ဟာကို ကျနော်တို့က ပြတ်ပြတ်သားသား ပြောဖို့လိုတယ်။ အထူးသဖြင့် NCA ရေးထိုးထားတဲ့၊ NCA ဟာ သူဖျက်ဆီးလိုက်ပြီလေ။ သူကိုယ်တိုင် ဖျက်ဆီးလိုက်လို့ ပျက်သွားပြီဆိုတာ ဒါက မရှိတော့ဘူးဆိုတာ၊ ကျနော်တို့က အထူးသဖြင့် လက်မှတ်ရေးထိုးခဲ့တဲ့ ဒီ ၃ ဖွဲ့ပေါ့နော်။ ဒီ ၃ ဖွဲ့က ပြတ်ပြတ်သားသား ပြောဖို့လိုပြီဆိုတာကို ဒီအချိန် NCA ၈ နှစ်မြောက်ပြည့်တဲ့ အခါမှာတော့ ကျနော်တို့ တရားဝင်ထုတ်ပြန်လိုက်တာပဲ ဖြစ်ပါတယ်။”

“နောက်ပြီး နောက်တချက်က၊ ထူးခြားချက်အနေနဲ့က ဘာတွေပါသေးလဲဆိုတော့ ဒါ့အပြင် ကျနော်တို့ နိုင်ငံရေးရပ်တည်ချက်တွေလည်း ပါတယ်နော်။ ဒါကလည်း ကျနော်တို့ ပြီးခဲ့တဲ့ ဩဂုတ်လ ၆ ရက်နေ့မှာလေ၊ သတိထားမိမယ်။ NUCC တို့၊ NUG တို့ ထုတ်ပြန်ချက်ထဲမှာလည်း ပါပြီးသားပါ။ ကျနော်တို့ တိုင်းပြည်ကို တည်ဆောက်တဲ့အခါမှာတော့ ဒီ အစိုးရပြောင်းလဲရေး တခုတည်းနဲ့တော့ မဖြစ်တော့ဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့တိုင်းပြည်မှာက အစိုးရတခုပြီးတခု ပြောင်းလဲသွားတာရှိတယ်၊ ဘာမှမထူးဘူး၊ ဒီအတိုင်း ပြန်ပြန်ရောက်သွားတာပဲ။ စစ်တပ်ကလည်း ခဏနေ ပြန်ပြောင်းတယ်။ ခဏနေ ပြန်ပြီးတော့ အာဏာသိမ်း။ အဲ့ဒါနဲ့ လည်ပတ်နေတော့ ကျနော်တို့က လာမယ့်အခြေအနေမှာတော့ ဒီတိုင်းပြည်ကတော့ စနစ်သစ်၊ ခေတ်သစ်တခုကို လုံးဝ ပြောင်းလဲသွားနိုင်ရမယ်ဆိုတော့နော်။ အဲမှာ အုပ်ချုပ်သူပြောင်းလဲတာနဲ့ အလုပ်မဖြစ်တော့ဘူး။ အဲဒီအချက်ပါ ကျနော်တို့ ထည့်ထားတယ်။ အဲဒါကြောင့်မို့လို့ ဒီနေ့ ဒီကာလမှာ ထူးခြားတဲ့ အခြေအနေအောက်မှာ ဘာလုပ်လဲဆိုတော့ စစ်တပ်က နိုင်ငံရေးက ထွက်ခွာရမယ်ဆိုပြီး ကျနော်တို့အားလုံးက သဘောတူတယ်။ အဲဒါကြောင့်မို့လို့ ဒီ စစ်အာဏာရှင်စနစ်ကို အပြီးတိုင် တိုက်ဖျက်ရမယ် ဆိုတာကတော့ မှန်တယ်။ ဒါတင်မလုံလောက်သေးဘူး။ စစ်တပ်၊ စစ်အာဏာရှင် တိုက်ဖျက်ပြီးတဲ့နောက်မှာတောင် ထွက်ပေါ်လာမယ့် အရပ်သားအုပ်ချုပ်သူတွေကလည်း အာဏာရှင်မဖြစ်ဘူးလို့ မပြောနိုင်ဘူး။ အရပ်သားအာဏာရှင်စနစ် ဖြစ်ပေါ်လာရင်လည်း ကျနော်တို့က တိုက်ရမှာပဲ။ နောက်ဆုံးတချက်က ဒီနေ့၊ ဒီကာလမှာရှိနေတဲ့ တိုင်းပြည်ရဲ့ အကျပ်အတည်း၊ အခက်အခဲကို ဒီလိုနည်းလမ်းနဲ့ပဲ ကျနော်တို့နဲ့ သေသေချာချာ မဆွေးနွေးဘဲနဲ့ အခွင့်ထူးခံအုပ်စု တအုပ်စုကနေပြီးတော့ စစ်တပ်နဲ့ညှိပြီး ဒီလိုမျိုး အချိန်းအပြောင်း လုပ်သွားမယ်ဆိုရင်တော့ ဘယ်လိုမှ လက်ခံလို့မရဘူးဆိုတာ ကျနော်တို့ နိုင်ငံရေးရပ်တည်ချက်ထဲမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ အဲဒါ ထူးခြားတဲ့အချက်ပဲ။”

မေး - ထုတ်ပြန်ချက်အရဆိုရင် NCA က ပြီးဆုံးသွားပြီလို့ ယူဆရပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံတော့ဘူးလို့ ပြောထားတာ ရှိပါတယ်။ တဖက်မှာလည်း NCA ၈ နှစ်ပြည့်ပွဲကို တက်မယ်ဆိုတဲ့ အဖွဲ့တွေရှိသလို ဆွေးနွေးနေဆဲ အဖွဲ့တွေလည်း ရှိပါတယ်။ ဒီအပေါ်မှာရော ဘယ်လိုသုံးသပ်ပါလဲ။

ဖြေ - “အဲဒီအပေါ်မှာ ကျနော် ရိုးရိုးလေးပဲ ပြောချင်တယ်ဗျ။ စစ်အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ အထူးသဖြင့် စစ်ကောင်စီရဲ့လုပ်ရပ်တွေက လုံးဝကို လူသားတယောက်အနေနဲ့ ကျင့်ဝတ်အရ ဘယ်လိုမှ လက်ခံလို့မရတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သတ်တာ၊ ဖြတ်တာတွေက အဆုံးမရှိ၊ အတောမသတ်အောင် လုပ်နေတာ ဒီကနေ့အထိလုပ်တာပဲ။ ရွာတွေမီးရှို့တယ်ဆိုတာ ၇၊ ၈ သောင်းလောက် ရှိသွားပြီ။ နောက်ပြီးတော့ ထွက်ပြေးရတဲ့ ဒုက္ခသည်ဦးရေကလည်း ကျနော်တို့နယ်မြေထဲမှာ ၇ သိန်းကျော်သွားပြီ။ ဒါ နောက်ဆုံးစာရင်း။ စက်တင်ဘာလကုန်မှာ ချုပ်လိုက်တာ။ တနိုင်ငံလုံး အနေအထားအရ ၂ သန်းကျော် ပြေးလွှားနေတယ်တဲ့ အိုးမဲ့အိမ်မဲ့တွေ ဖြစ်သွားတာ။ ဒါ စစ်ကောင်စီရဲ့ လုပ်ရပ်တွေလေ။ မနေ့တနေ့ကပဲ ရှိပါသေးတယ်။ ကချင်ဘက်မှာသွားပြီး ဗုံးကြဲတာ လူမမယ်ကလေးတွေပါမကျန် လူ ၃၀ လောက် သေသွားရတာ။ တညတည်းနဲ့။ ဆိုတော့ ဒီလုပ်ရပ်တွေက ပူပူနွေးနွေးပဲ ရှိသေးတယ်ဆိုတာ လူသားတယောက်အနေနဲ့ လူသားဆန်မယ် ဆိုရင်တော့ဗျာ ကျနော် ရှည်ရှည်ဝေးဝေးတော့ ပြောစရာမလိုဘူး။ အဲဒါလေးကို ထောက်ကြည့်ပြီးတော့ သွားသင့်လား၊ မသွားသင့်လား ကိုယ့်ကိုယ်ပိုင်နဲ့ ဆုံးဖြတ်သင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်ကောင်စီက နိုင်ငံရေးရော၊ ဘယ်နေရာမှာမဆိုရော ဘက်ပေါင်းစုံက သူက ကျရှုံးခန်းကို ရောက်နေတဲ့ဟာကျတော့ ဘယ်ဟာပဲဖြစ်ဖြစ် သူကတော့ ကောက်ရိုးမျှင်တမျှင်စာ ရလိုရငြား သူကြိုးစားတဲ့ အနေအထားပဲ ရှိပါတယ်။ သူရှုံးမှာ သေချာတယ်။ ဒါပေမဲ့ အဲဒီလို တရားမဝင်တဲ့ အဖွဲ့အစည်းနဲ့ ငြိစွန်းပြီး သွားပြီး လုံးလားထွေးလားလုပ်တဲ့ဟာကတော့ ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်သင့်တယ်။ ကျနော်ကတော့ ရှင်းရှင်းပဲပြောတယ်ဗျ။ ဒီလို လူမိုက်အားပေးတဲ့ အလုပ်ကို လုံးဝမလုပ်သင့်ဘူး။ အဆိပ်ပင်ကိုတော့ ရေမလောင်းသင့်ဘူးဗျာ။ အဲ့ဒါပဲပြောချင်တယ်။”

မေး - NCA က စစ်အာဏာသိမ်းတဲ့အချိန်ကစလို့ ပြီးသွားပြီလို့ နားလည်ရပါတယ်။ ဒါပေမဲ့ NCA စာချုပ်အရ အခုဖွဲ့ထားတဲ့ JMC လို၊ PPST လို ကော်မတီ၊ အဖွဲ့တွေလည်း ရှိနေပါတယ်။ ဒါကြောင့် နောင်အနာဂတ်မှာ NCA ကို ပြန်အသုံးပြုဖို့ရော အလားအလာ ရှိမလား။ လုံးဝ ပြီးသွားပြီ ပြောလို့ရလား။

ဖြေ - “ကျနော်တို့ကတော့ လုံးဝပြီးသွားတယ်လို့ပဲ ပြောရတော့မှာလေ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ သဘောတူညီထားတဲ့ဟာက။ ကိုယ်ကိုယ်တိုင်ရေးဆွဲခဲ့တာ ဒီစာချုပ်က။ နောက်ပြီး ဒီသဘောတူညီချက်ရအောင် ၂ နှစ်နီးပါးလောက် အချိန်ယူပြီးလုပ်တယ်။ နောက်ပြီးတော့ သဘောတူညီချက် ပြီးသွားတဲ့အခါမှာ အပစ်အခတ်ရပ်စဲရေးနဲ့ နိုင်ငံရေးအတွက် ၄၊ ၅ နှစ်လောက် အချိန်အကုန်ခံလုပ်သွားတာ အတိုင်းအတာတခုအထိတော့ အခက်အခဲကြားထဲကနေ ကျော်သွားတာ။ ပြည်ထောင်စုသဘောတူညီချက် အပိုင်း ၃ ဆိုပြီးတော့ တိုင်းပြည်ကို ဖက်ဒရယ် ဒီမိုကရေစီစနစ်နဲ့ အဆင့် ၃ ဆင့်နဲ့ တဖြည်းဖြည်း၊ တဖြည်းဖြည်း ပြည်နယ်အားကောင်းရေးရယ်၊ ပြည်ထောင်စုအားကောင်းရေးရယ်၊ နောက်ဆုံး လုံခြုံရေးကဏ္ဍ အဆင့် ၃ ဆင့်နဲ့ စစ်တပ်ကနေ နိုင်ငံရေးက တဖြည်းဖြည်း ဆုတ်ခွာမယ် ဆိုတဲ့ဟာ။ သူကိုယ်တိုင် လက်မှတ်ရေးထိုးခဲ့တာဗျ။ အဲဒါကို ဖျက်လိုဖျက်ဆီး လုပ်တဲ့အခါကျတော့ ဒီစာချုပ်က ဘယ်လိုမှ အသက်မဝင်တော့ဘူး။ ဒီဟာကို စာချုပ်၊ စာတမ်းနဲ့ သဘောတူညီချက် ပျက်သွားပြီးတဲ့နောက်မှာ တရားမဝင်ဘဲ အာဏာထယူလိုက်တဲ့သူ တယောက်ဟာလည်း သူတို့ကိုယ်တိုင် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံက ပျက်ပြီးသားဖြစ်တယ်။ အဲ့ဒါမို့ ဒီနေ့ ဒီကာလမှာ ဘာမှမရှိတော့ဘူး။ မတရား အာဏာထယူတဲ့သူပဲ ရှိတော့တယ်။ ဆိုလိုတာက အစိုးရလည်း မရှိတော့ဘူး၊ လွှတ်တော်လည်း မရှိတော့ဘူး။ ဘာမှမရှိတဲ့ဟာကို ဘာနဲ့သွားလုပ်တော့မှာလဲ။ ကျနော်တို့ အဲဒါကိုပြောတာ။ ဆွေးနွေးပွဲကလည်း ဘယ်လိုမှ လုပ်လို့မရတော့ဘူး။ အဲ့ဒါမို့ ကျနော်ပြောချင်တာကတော့ ဒီဟာပြန်ပြီးတော့ NCA ရှိနေသယောင်ယောင်၊ ဖွဲ့စည်းပုံ ၂၀၀၈ က ရှိနေသယောင်ယောင်နဲ့ ရူးချင်ယောင်ဆောင်နေတဲ့ဟာကိုတော့ ကျနော်တို့ ဘယ်လိုမှ လက်ခံလို့မရဘူး။ အရှင်းပဲ ပြတ်ပြတ်သားသားနဲ့ပဲ ရှင်းထုတ်လိုက်ပြီး အသစ်ကနေ ပြန်စမယ့်ဟာကိုပဲ ကျနော်တို့ လုပ်ဆောင်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်အာဏာရှင်စနစ်ရော ဖြုတ်ချပြီးမှသာလျှင် ကျနော်တို့ ဒီဟာကို ပြန်ပြီးတော့ အစပျိုးနိုင်မှာ ဖြစ်တယ်။ ကျနော်တို့ရဲ့တိုင်းပြည်ကို ကျွန်တော်တို့လိုချင်တဲ့ တိုင်းသစ်၊ ပြည်သစ်၊ စနစ်သစ်နဲ့ သွားနိုင်ဖို့ဆိုတာကို လုပ်နိုင်မှာဖြစ်တယ်။ အဲဒါမို့ ကျနော်တို့ပြောချင်တာကတော့ နိုင်ငံရေးဆွေးနွေးပွဲ ဆိုတာကတော့ ပြန်စနိုင်ဖို့ အနည်းဆုံးအဆင့်ဆိုတာက ဒီကနေ့ စကစ က လုပ်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ၊ သတ်တာတွေ အကြမ်းဖက်မှုအားလုံးကို ရပ်တန်းကရပ်မယ်ဆိုရင်၊ ဒါက နည်းနည်းတောင် စပြီး စဉ်းစားဖို့လိုအပ်တယ်ဆိုတာ ကျနော်တို့ ထုတ်ပြန်ချက်ထဲမှာ ပါပြီးသားပါ။ ဒါပေမဲ့ သူတို့လိုက်နာရမယ့် အချက်တွေက ဒါက ကျနော်တို့ တောင်းဆိုထားတာပါတယ်။ အဲ့ဒါတွေ လုပ်နိုင်မယ်ဆိုရင်တော့ နိုင်ငံရေးဆွေးနွေးပွဲက ပြန်လာမှာပါ။ ကျနော်တို့ မငြင်းဘူး။ ဒါပေမဲ့ အဲဒီ အခြေခံအချက်အလက်တွေကို သူတို့ သဘောတူရမယ်။ ဒီဟာတွေမပြည့်စုံဘဲ ကျနော်တို့ အရင်က လိမ်ပြီးရင်းလိမ်၊ လိမ်ပြီးရင်းလိမ် လူထုကို ဘာမှမထင်ဘဲ လုပ်ချင်သလို လုပ်တဲ့ဟာကိုတော့ လုံးဝ အဖြစ်မခံနိုင်ဘူးလို့ ပြောချင်တယ်။”

မေး - အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျ။ ဖြည့်စွက်ပြောပြစရာတွေရှိရင် ပြောပြပေးပါဦးခင်ဗျာ။

ဖြေ - “နောက်ဆုံးပြောချင်တာကတော့ အထူးသဖြင့် ပြည်သူလူထုပေါ့။ ကျနော်ပြောချင်ပါတယ်။ ကျနော်တို့ တိုက်ပွဲဝင်တာက ဘက်တဖက်တည်းနဲ့ တိုက်ပွဲဝင်လို့ မရဘူး။ နိုင်ငံရေးရော၊ သံသမန်ရေး တိုက်ပွဲတွေရော၊ နောက်တခု စီးပွားရေးပိတ်ဆို့မှု အပိုင်းမှာဆိုရင် ကုန်သွယ်ရေးပိတ်ဆို့မှုတွေရော လူထုဘက်ကနေပြီးတော့ စစ်ကောင်စီရဲ့ ပစ္စည်းမှန်သမျှကို လုံးဝသပိတ်မှောက်ပြီး မသုံးတာတွေရော၊ နောက်ပြီးတော့ နိုင်ငံတကာကနေပြီးတော့ ဘဏ္ဍာရေးအရင်းအမြစ်တွေ၊ ဘဏ်တွေ ဝင်ငွေ၊ ထွက်ငွေ အကုန်လုံးလိုက်ပြီး ပိတ်ဆို့နေတာတွေရော လုပ်ဆောင်နေပါတယ်။ ဒါပေမဲ့ ကျနော်တို့ လူထုဘက်က အပိုင်းတွေက ဘာလဲဆိုရင် လူထုက ဒီနှစ်ကာလမှာ ကျနော်တို့ ရပ်တည်နေတယ်။ ကျနော်တို့ တော်လှန်ရေးသမားတွေ ရပ်တည်နေတဲ့ ခဲယမ်းတွေ၊ လက်နက်တွေ ကျနော်တို့ရဲ့ ဆေးဝါးပစ္စည်းတွေ၊ ကျနော်တို့ရဲ့ စားနပ်ရိက္ခာတွေ အကုန်လုံးက လူထုဆီက လာတာဖြစ်တယ်။ လူထုက အခက်အခဲ ပင်ပန်းဆင်းရဲကြားက ရတာနဲ့ တော်လှန်ရေးကို ထောက်ပံ့နေတာဖြစ်တယ်။ ပင်ပန်းလည်း ပင်ပန်းနေကြပြီ။ ဒါပေမဲ့ ကျနော်တို့ လက်လျေှာ့လို့မရဘူး။ ကျနော်တို့ ဆက်သွားရမှာဖြစ်တယ်။ အားပေးချင်တာက လူထုက လုံးဝ စိတ်ဓာတ်မကျပါနဲ့၊ အဲ့ဒီ နောက်ဆုံးတနေ့၊ ကျနော်တို့တိုက်ပွဲရဲ့ ခေါ်သံကြီးက ကျယ်ကျယ်လောင်လောင် ဖြစ်လာတဲ့အချိန်၊ တိုင်းပြည်ထဲမှာရှိတဲ့ လူတွေအားလုံးက တစ်ခါတည်း ဝိုင်းပြီးတော့၊ ကြုံးပြီးတော့ လုပ်ရမယ့်အချိန် ရောက်လာခဲ့ရင်တော့ စစ်ရေးရာရော၊ စီးပွားရေးပိတ်ဆို့မှုရော၊ နိုင်ငံတကာ နိုင်ငံရေးတိုက်ပွဲတွေရော သံသမန်ရေး တိုက်ပွဲရော အပါအဝင် လူထုတိုက်ပွဲပါတဲ့ တကယ့် နောက်ဆုံးပိတ်တိုက်ပွဲ ပွဲသိမ်းတခုကိုတော့ လူထုကိုယ်တိုင် ပါရမှာဖြစ်တယ်။ အဲ့အချိန်ရောက်ဖို့ဆိုရင် တောင့်ထားရမယ် ဒီနှစ်၊ ဒီကာလမှာ။ ကျနော်တို့ စိတ်ဓာတ်ကျဖို့မဖြစ်ဘူး။ ကျနော်တို့ ဆက်ပြီးတော့ တောင့်သွားရမယ်။ ဆက်ပြီးတော့ ဒီတော်လှန်ရေးကို ဆက်လက်သွားရမှာဆိုတာ ပြည်သူလူထုကို အားပေးချင်ပါတယ်။”

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024