မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်အတွင်း ည ၈ နာရီနောက်ပိုင်း အပြင်မထွက်ဖို့နဲ့ လူစုလူဝေး မပြုလုပ်ကြဖို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နှုတ်မိန့်နဲ့ မြို့နယ်အတွင်းမှာ သတိပေး လုပ်ဆောင်နေတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
အောက်တိုဘာ ၁၂ ရက် ညနေပိုင်းကစတင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ လုံခြုံရေး ရဲတပ်ဖွဲ့တို့က ကား၊ ဆိုင်ကယ်တွေနဲ့ မြို့နယ်အတွင်း လိုက်လံသတိပေးနေတာလို့ ဆိုပါတယ်။
အောင်မြေသာစံမြို့နယ်အတွင်း နေထိုင်သူ ကိုကျော်ကျော်က “သူတို့(စကစ)လုံခြုံရေးပတ်တဲ့ အိမ်စီးကားတွေနဲ့ ကျနော်တို့လမ်းဘက်မှာ လက်ကိုင်ဟွန်းတွေနဲ့ လိုက်အော်တာ။ ဆိုင်ကယ်တွေနဲ့ရောပဲ၊ ည ၈ နာရီနောက်ပိုင်း မထွက်ကြဖို့။ ထွက်တဲ့သူတွေကို ဘာလုပ်မယ် ညာလုပ်မယ် ဆိုတာတော့ ပြောမသွားဘူး။ လူစုလူဝေးမလုပ်ဖို့နဲ့ အပြင်မထွက်ကြဖို့ပဲ အော်သွားတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
အောင်မြေသာစံမြို့နယ်အတွင်းရှိ ပြည်သူတွေအနေနဲ့ ည ၈ နာရီနောက်ပိုင်း လူစုလူဝေး မလုပ်ကြဖို့နဲ့ အပြင်မထွက်ကြဖို့သာ လက်ကိုင်စပီကာတွေနဲ့ ရပ်ကွက်တွေထဲအထိ လိုက်လံသတိပေးခဲ့ပြီး ဥပဒေနဲ့ စာထုတ်သတိပေးတာမျိုးမဟုတ်ဘဲ နှုတ်မိန့်နဲ့သာ ပြောဆိုခဲ့တာလို့ သိရပါတယ်။
အခုလိုလုပ်ဆောင်တာဟာ အောင်မြေသာစံမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ လုပ်ခြုံရေးတပ်ဖွဲ့ဝင်တွေ မကြာခဏဆိုသလို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခက် သတ်ဖြတ်ခံရတဲ့အတွက် လုပ်ဆောင်တာဖြစ်နိုင်ကြောင်း မြို့ခံတွေထံက သိရပါတယ်။
အောက်တိုဘာ ၁၀ ရက် ညနေပိုင်းကလည်း မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အမှတ် ၄ ရဲစခန်းအနီးမှာ နယ်ထိန်းရဲတယောက် သေနတ်နဲ့ အနီးကပ် ပစ်ခတ်ခံရလို့ သေဆုံးခဲ့ပါတယ်။