Home
ဆောင်းပါး
ဘယ်မျိုးဆက်က အခံရဆုံးလဲ (သို့မဟုတ်) တိုင်းပြည်တခု အမွေရထားတဲ့ လူအုပ်စုတစု
DVB
·
October 13, 2023

၁၉၄၈ ခုနှစ်မှာ မြန်မာနိုင်ငံက လွတ်လပ်ရေး ရရှိခဲ့ပါတယ်။ လွတ်လပ်ရေးအသီးအပွင့်တွေ ခံစားဖို့ ပြင်ထားကြတဲ့ အဲဒီခေတ်က အရွယ်ရောက်သူတွေရဲ့ အိပ်မက်တွေ တကယ်ဖြစ်ခဲ့ရဲ့လား ဆိုတာကို ပြန်ကြည့်လိုက်မယ်ဆိုရင်။

အဲဒီ ၁၉၄၈ မှာပဲ ကွန်မြူနစ်တွေ တောခိုကြတယ်၊ ကရင်လက်နက်ကိုင်တွေ တောခိုကြတယ်၊ ပြည်တွင်းစစ်မီး စလောင်တယ်၊ အဲ့ဒီကာလတွေတုန်းက တက္ကသိုလ်တွေမှာတော့ တက္ကသိုလ်ကျောင်းသားဘဝ အရသာကို အနည်းငယ် ခံစားခဲ့ရတယ်လို့ ပြောလို့ရပေမဲ့ နောင်တော် တက္ကသိုလ်ကျောင်းသားတွေရဲ့ ကျောင်းတက်နေရင်း လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ အလေ့အထက ကျောင်းသားတွေအတွက် တာဝန်တခုလို့ ဆက်လက်ပါလာခဲ့ပြီး ဖိနှိပ်ခံတွေဘက်က အမြဲရပ်တည်ခဲ့ကာ မတရားတဲ့ အမိန့်အာဏာမှန်သမျှ ဆန့်ကျင်ခဲ့ပြီး အာဏာရှင်အဆက်ဆက်တွေကို တက္ကသိုလ် ပရိဝုဏ်တွေကနေ ခေတ်အဆက်ဆက် ကျောင်းသားတွေက တိုက်ပွဲဝင်ခဲ့ရင်း သူတို့ငယ်ဘဝ ပျောက်ဆုံးခဲ့ရရှာတယ်။

တကယ်က ရန်ကုန်တက္ကသိုလ်ကို အင်္ဂလိပ်ခေတ်ကတည်းက အင်္ဂလန်နိုင်ငံက အောက်စ်ဖို့နဲ့ ကိန်းဘရစ်ချ် တက္ကသိုလ်တို့ရဲ့ စနစ်အတိုင်း ဖွဲ့စည်းတည်ထောင်ထားတာ။ အဲ့ဒီအချိန်တွေတုန်းက အရှေ့တောင်အာရှမှာ အကောင်းဆုံးတက္ကသိုလ်တခုပဲ။ တခြား အာရှနိုင်ငံတွေက ကျောင်းသားတွေ လာပြီးကို ကျောင်းတက်ရတဲ့ အခြေအနေတခု ဖြစ်ခဲ့ဖူးပါတယ်။ ဒါကြောင့် တက္ကသိုလ်တခုရဲ့ ရှိသင့်ရှိထိုက်တဲ့ အခြေအနေတွေ၊ အခွင့်အရေးတွေ၊ လုပ်ပိုင်ခွင့်၊ ဆုံးဖြတ်ခွင့်တွေ အကုန်ရတဲ့အချိန်၊ တက္ကသိုလ်အကြီးအကဲကို ချန်ဆဲလ်လာ (chancellor) လို့သုံးပြီး သူက တက္ကသိုလ်တခုလုံးရဲ့ လုပ်ပိုင်ခွင့်အရှိဆုံး အကြီးအကဲ အဓိပတိ တယောက်ဖြစ်တယ်။ သူ့ရဲ့လစာက အဲ့ဒီတိုင်းပြည်ကိုအုပ်ချုပ်တဲ့ သမ္မတ၊ ဝန်ကြီးချုပ်တွေရဲ့ လစာနဲ့ ပမာဏတူဖြစ်ပြီး သမ္မတ၊ ဝန်ကြီးချုပ်တွေ တက္ကသိုလ်ကို လာချင်ရင် တက္ကသိုလ်အဓိပတိရဲ့ ခွင့်ပြုမိန့်ရမှလာလို့ရသလိုု နေစရာထိုင်ခုံကိုလည်း အတူတူ သတ်မှတ်ပေးရပါတယ်။ သဘောက တက္ကသိုလ်အဓိပတိနဲ့ တိုင်းပြည်အုပ်ချုပ်သူက ရာထူးတူတူ၊ လစာတူတူဖြစ်ပြီး တက္ကသိုလ်ဝင်းထဲမှာ သမ္မတတယောက်က ဘာမှ လုပ်ပိုင်ခွင့်မရှိပါဘူး။ အဲဒီလို အခြေအနေ ရှိပါတယ်။

အဲဒီအခြေအနေတွေနဲ့ တက္ကသိုလ်ကျောင်းသားတွေရဲ့ သမိုင်းနဲ့ အားကို ဗိုလ်နေဝင်းက အလွန်ကြောက်ရွံ့ခဲ့တယ်။ ပိုဆိုးတာက ၁၉၆၂ မတ်လ ၂ ရက်နေ့ ဗိုလ်နေဝင်း အာဏာသိမ်းကတည်းက တကသ၊ ရကသ၊ ဗကသတွေက ကန့်ကွက်ကြောင်း ကြေညာချက်တွေ ထုတ်ပြန်ခဲ့ကြတာကိုလည်း တင်းနေတာ။ နောက်တော့ ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ဖျက်သိမ်းပြီး သူတို့စိတ်ကြိုက် ဥပဒေတခုနဲ့ အစားထိုးလိုက်ပြီး စိတ်ကြိုက်ခြယ်လှယ်ဖို့ လုပ်လာခဲ့တော့တာပေါ့။ အဲ့ဒီနောက်မှာတော့ ဆဲဗင်းဂျူလိုင် အရေးအခင်းကြီး ပေါ်လာပြီး ကျောင်းသားတွေကို ကျောင်းပရိဝုဏ်ထဲမှာပဲ ရာနဲ့ချီပြီး သေနတ်နဲ့ပစ်သတ်၊ သမဂ္ဂအဆောက်အအုံ မိုင်းခွဲခံရပြီး အာဏာရူး ဗိုလ်နေဝင်းက ဓားကို ဓားချင်း၊ လှံကိုလှံချင်း ဆိုင်ရန်သာ ရှိတော့ကြောင်းကို မြန်မာ့အသံကနေ လူမိုက်စကား ပြောသွားခဲ့သေးတာ။

အဲ့ဒီအချိန်မှာလည်း ကျောင်းသားတွေများစွာ ထောင်ကျ၊ ကျောင်းထုတ်ခံရနဲ့ နောက်ဆုံး တော်လှန်ရေးလောကထဲ ရောက်သွားကြတာပဲ။ အဲ့ဒီကျောင်းသားတွေကလည်း ခေတ်တခေတ်ရဲ့ ခေတ်တာဝန်ကို လူငယ်ဘဝစွန့်ပြီး နိုင်သလောက်ထမ်းပြီး လူငယ်ဘဝကို စွန့်ခဲ့ကြရတဲ့ အနစ်နာခံခဲ့ရတဲ့ မျိုးဆက်တဆက်ပါပဲ။

နောက်မျိုးဆက်တဆက်လို့ ပြောလိုက်တာက အသေအချာ အတိအကျလို့တော့ မပြောလိုပါဘူး။ တဆက်တဆက်တည်း အာဏာရှင်ကို ပုံစံမျိုးစုံနဲ့ ဆက်လက်တိုက်ပွဲဝင်နေသူတွေကတော့ မြန်မာနိုင်ငံက ထောင်တွေမှာ ဗိုလ်နေဝင်း အာဏာလုပြီးကတည်းကိုက ဝင်လာမဆဲ တသဲသဲပါ။ အခုလို ခုနှစ်တွေနဲ့ သတ်မှတ်ပြီး ပြောလိုက်လို့ ကြားထဲက အချိန်တွေမှာ ပေးဆပ်ခဲ့ရတဲ့လူတွေ မရှိဘူးလို့ မဆိုလိုပါဘူး။

အဲ့ဒါကလည်း အဲ့ဒီအချိန်မှာ ကြီးကြီးမားမားဖြစ်ခဲ့တဲ့ အရေးအခင်း၊ တိုက်ပွဲတခုခုနဲ့ တွဲမှတ်ထားသလိုမျိုးပါ။ ဒီဘက်ခေတ်တွေမှာတော့ ၈၈ မျိုးဆက်၊ ၉၀ နိုဘယ်လ်အုပ်စု၊ ၉၆ မျိုးဆက်၊ ကိုးလေးလုံး၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး စသဖြင့် ခေါ်ဖြစ်သွားကြသလို ၁၉၆၂ အာဏာသိမ်းပြီးကတည်းက ဖြစ်လာခဲ့တဲ့ ၁၉၆၉ ကျွန်းဆွယ်အရေးအခင်း၊ ၁၉၇ဝ ရန်ကုန်တက္ကသိုလ် နှစ် ၅၀ ရွှေရတုသဘင်၊ ၁၉၇၄ အလုပ်သမားအရေးတော်ပုံ၊ ၁၉၇၄ ဦးသန့်အရေးအခင်း၊ ၁၉၇၅ ဇွန်မှာ ရွှေတိဂုံအရေးတော်ပုံ၊ ၁၉၇၆ မှိုင်းရာပြည့် အရေးတော်ပုံ တွေလည်း ဖြစ်ပွားခဲ့ပါတယ်။ တော်လှန်ရေးကောင်စီနဲ့ မဆလ အာဏာပိုင်တွေဟာ ဒီလို ကျောင်းသား လူထုလှုပ်ရှားမှုတွေကို ကျောင်းတွေပိတ်ခြင်း၊ ပါဝင်တဲ့ ကျောင်းသားတွေကို ကျောင်းထုတ်ခြင်း၊ ဖမ်းဆီးထိန်းသိမ်းခြင်း၊ စစ်တပ်နဲ့ ပစ်ခတ်နှိမ်နင်းခြင်း စတဲ့ သွေးထွက်သံယို အကြမ်းဖက် ဖြေရှင်းနည်းတွေနဲ့ပဲ သူတို့သက်တမ်းတလျှောက် ဖြေရှင်းခဲ့တာကို တွေ့ရတယ်။

၁၉၇၄ မျိုးဆက်

အခုပြောချင်တဲ့ ၁၉၇၄ မျိုးဆက်ကတော့ ကမ္ဘာမှာထင်ရှားတဲ့ ခေါင်းဆောင်တယောက်ဖြစ်တဲ့ ကုလသမဂ္ဂအတွင်းရေးမှူး ဦးသန့်ရဲ့ စျာပနကို ဗိုလ်နေဝင်းက သာမန်လူတယောက်သေတဲ့ ပုံစံမျိုးနဲ့ ဦးသန့်ရဲ့ပုံရိပ်ကို ဖျက်ဆီးချင်တာကြောင့် ကြံတောသုသာန်မှာ သင်္ဂြိုဟ်ဖို့ စီစဉ်နေတာကို ပြည်သူတွေနဲ့ ကျောင်းသားတွေက လက်မခံနိုင်တာကြောင့် ဖြစ်ခဲ့ရတဲ့ အရေးအခင်းကြီးပါ။ ကမ္ဘာ့အလယ်မှာတော့ ဗိုလ်နေဝင်း အရှက်ကွဲခဲ့ရတဲ့ ဖြစ်စဉ်ပါ။

၁၉၇၄ ခု ဒီဇင်ဘာလ ၁၁ ရက်နေ့မှာပဲ ရန်ကုန် ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်ဝင်းထဲမှာ ဂူဗိမာန်လုပ်ထားပြီး ကျောင်းသားတွေစောင့်ကြပ်နေချိန်မှာ ဗိုလ်နေဝင်းလက်ပါးစေ လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေက အကြမ်းဖက်ဝင်ရောက်တိုက်ခိုက်ပြီး ဦးသန့်အုတ်ဂူကိုလည်း ဖြိုချပစ်လိုက်တယ်။ ရုပ်ကလာပ်ကို ပြန်လည်ဖော်ယူပြီး ရွှေတိဂုံစေတီအနီး ကန်တော်မင်ပန်းခြံဘေးရှိ သခင်ကိုယ်တော်မှိုင်းရဲ့ အုတ်ဂူဘေးနေရာကို ညတွင်းချင်း ပြောင်းရွှေ့ မြှုပ်နှံလိုက်တယ်။

အဲဒီကိစ္စက ကျောင်းထဲမှာပဲ ပြီးမသွားဘူး။ ရန်ကုန်မြို့ထဲကို ကူးဆက်သွားပြီး တခြားမြို့တွေကိုလည်း  ကူးဆက်သွားပါတယ်။ အဲ့ဒီပွဲမှာလည်း ရာပေါင်းများစွာသော ကျောင်းသားပြည်သူ၊ ရဟန်းသံဃာတွေ များစွာ အသက်ဆုံးရှုံးခဲ့ပြီး ထောင်ပေါင်းများစွာသော ကျောင်းသားပြည်သူတွေ ထောင်ချခံခဲ့ရတယ်။ ကျန်ခဲ့တဲ့ ကျောင်းသားတွေလည်း အိုးပစ်အိမ်ပစ် ပညာရေးဆုံးရှုံးခံပြီး ဖမ်းဆီးမှုက ရှောင်တိမ်းနေကြရပြီး တချို့တွေက တောတွင်း တော်လှန်ရေးအဖွဲ့အစည်းတွေထံ ရောက်ရှိသွားကြကာ တချို့လည်း နိုင်ငံခြားတိုင်းပြည်တွေကို ခိုးထွက် ပုန်းရှောင်သွားခဲ့ရပါတယ်။

အဲ့ဒီကျောင်းသားတွေလည်း အာဏာရှင်ကို အံတုခဲ့ပြီး ကိုယ်ကျိုးစွန့်ခဲ့ရတဲ့သူတွေပဲ၊ သူတို့လည်း ခါးသီးအောင် ခံခဲ့ရတာပဲ။ အဲ့ဒီမျိုးဆက်လည်း သေမသွားခဲ့ပါဘူး။ ဆက်လက်ပြန့်ပွားနိုင်ခဲ့သလို နောက်တက်လာတဲ့မျိုးဆက်ကို မျိုးစေ့ချပေးနိုင်ခဲ့ပါတယ်။ ဗိုလ်နေဝင်းကတော့ သူရက်ရက်စက်စက် လုပ်ပြထားရုံမက သတင်းစာတွေ၊ ကျောင်းသင်ရိုးတွေထိ အဲ့ဒီသမိုင်းကို မဖော်ပြနိုင်အောင် ပိတ်ပင်တာ၊ အဲ့ဒီအချိန်တုန်းက ဦးသန့်အရေးအခင်းကို ဖန်တီးသူတွေက အကြမ်းဖက်တွေဆိုတဲ့ ပုံစံနဲ့ သမိုင်းတွေ ဖော်ပြတာတွေအထိ လုပ်ပြီး တတိုင်းပြည်လုံးနဲ့ ကမ္ဘာကို လိမ်လည်ခဲ့ပါတယ်။ ပြီးတော့  ဘယ်သူမှ ခေါင်းမထောင်ရဲတော့ဘူး၊ သူ့ထိုင်ခုံကို လာမထိရဲတော့ဘူးလို့ ထင်ထားနေပေမဲ့ အာဇာနည်မျိုး သေရိုးမရှိဆိုတဲ့ စကားကို သူမေ့နေပုံရပါတယ်။

၁၉၈၈ မျိုးဆက်

အဲ့ဒီသမိုင်းကတော့ လူအများစု မီကြသလို စာတွေပေတွေမှာ ဖတ်ဖူးကြတာ၊ အထိမ်းအမှတ်ပွဲတွေမှာ ကြုံဖူးကြသူတွေ ရှိကြပါတယ်။

၁၉၈၈ ခုနှစ်မှာ ငွေစက္ကူတွေ တရားမဝင်လုပ်ပြီး ပြန်သိမ်းတယ်။ တနိုင်ငံလုံး ကျောင်းသား၊ ရဟန်းရှင်၊ ပြည်သူတွေ လှည်းနေလှေအောင်း မြင်းဇောင်းမကျန်ပါဝင်တဲ့ ရှစ်လေးလုံးလူထု အရေးတော်ပုံကြီး ဖြစ်ပွားခဲ့ပြီး စစ်တပ်ရဲ့ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပြည်သူတွေ အများအပြားသေဆုံးခဲ့ရပါတယ်။ အရေးအခင်းအတွင်း စစ်တပ်ပစ်ခတ်မှုကြောင့် သေဆုံးသူထောင်ချီရှိနိုင်တယ်လို့ လွတ်လပ်တဲ့သတင်းမီဒီယာတွေကက ရေးကြပေမဲ့ စစ်တပ်ကတော့ သေဆုံးသူ ၃၅၀ ရှိတယ်လို့ ပြောတဲ့အကြောင်း ဝီကီပီးဒီးယားမှာဖော်ပြပါတယ်။  အဲ့ဒီမှာလည်း ထောင်နဲ့ချီပြီး ဖမ်းဆီး နှိပ်စက်ခံရတယ်။ လွတ်မြောက်ရာ ဒေသတွေ ထွက်ပြေးတိမ်းရှောင်ကြရတယ်။ တောခိုကြတယ်၊ နိုင်ငံခြားတိုင်းပြည်တွေကို ထွက်ပြေးခဲ့ရတယ်။ အဲ့ဒီတော်လှန်ရေးကလည်း ကျောင်းသားတွေက စတင်ခဲ့တာကြောင့် ကျောင်း တိုးလိုးတန်းလန်းတွေနဲ့ ဘဝတွေ အဆုံးသတ်ခဲ့ရတယ်။

အဲ့ဒီမှာ ပညာရှင်တယောက် ပြောစကားတခုကို အမှတ်ရတာက တိုင်းပြည်တခုကို ဖျက်ဆီးချင်ရင် အဲ့ဒီတိုင်းပြည်ရဲ့ ပညာရေးစနစ်ကို ဖျက်ဆီးရမယ် ဆိုတဲ့စကားကိုလည်း ပြန်လည်အမှတ်ရပါတယ်။ မြန်မာပြည်က စစ်အာဏာရှင်ကတော့ ၁၉၆၂ ခုနှစ်ကတည်းက ပညာရေးစနစ်တွေ ဖျက်ဆီးခဲ့ပြီး ပညာသင်ယူနေဆဲ တိုးတက်တဲ့၊ တိုင်းပြည်အပေါ် စေတနာရှိတဲ့သူတွေကို မျိုးဖြုတ်သုတ်သင် သင်းသတ်ခဲ့တာပါ။

အဲ့ဒီ ၈၈ ပြီးတော့ နောက်ဆက်တွဲ ၁၉၉၁ ခုနှစ် နိုဘယ်လ်အရေးအခင်း၊ ၁၉၉၆ ကျောင်းသားအရေးအခင်း၊  ၂၀၀၇ သံဃာတော်တွေဦးဆောင်တဲ့ ရွှေဝါရောင်တော်လှန်ရေးစသဖြင့် ဆက်လက် လက်ဆင့်ကမ်း တော်လှန်ခဲ့ကြပြီး နောက်တော့ အဲ့ဒီမျိုးဆက်လည်း ဆန္ဒပြရင်း လမ်းပေါ်မှာ အသတ်ခံရ၊ ရေကြည်အိုင် စစ်ကြောရေးနဲ့ တခြား စစ်ကြောရေးတွေမှာ အသတ်ခံရ၊ ထောင်ထဲမှာ အသတ်ခံရ၊ တောထဲမှာ လက်နက်ကိုင်တော်လှန်ရေးလုပ်ရင်းနဲ့ အသတ်ခံရနဲ့ ဘဝပေါင်းများစွာ နှိပ်ကွပ်ခံခဲ့ရပါတယ်။

နွေဦးတော်လှန်ရေး

အခု နောက်ဆုံးမျိုးဆက်က နွေဦးတော်လှန်ရေး မျိုးဆက်ပါပဲ။ ဒီတော်လှန်ရေးမျိုးဆက်ကတော့ ခေတ်အဆက်ဆက်နဲ့ ယှဉ်ကြည့်ရင် အားအကောင်းဆုံး မျိုးဆက်လို့ ဆိုရမှာပါ။ လူတန်းစားအစုံ ပါလာပြီး သူတို့ခေတ်မှာတော့ နိုင်ငံရေးသမား၊ နိုင်ငံရေးတက်ကြွ ဆိုတဲ့ လူတန်းစားက ပြည်သူတွေပဲလို့ ပြောလို့ရတဲ့အထိ ဖြစ်လာခဲ့တာပါ။ အရင့်အရင် တော်လှန်ရေးတွေတုန်းက နိုင်ငံရေးသမားဆိုတာက ကိုယ့်ပတ်ဝန်းကျင်မှာ ထူးထူးဆန်းဆန်း သတ္တဝါတကောင်လို့ ကြည့်ခဲ့ရတာ။သူတို့က ထောင်တွေထဲမှာလည်း သီးသန့်အစုအဝေး ပုံစံနဲ့ နေထိုင်ခဲ့ကြပါတယ်။

အခုကတော့ ပြည်သူတွေအားလုံးက နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးတက်ကြွတွေ၊ တော်လှန်ရေးသမားတွေ ဖြစ်ကုန်ကြပြီး အဲ့ဒီအထဲမှာ မပါတဲ့သူတွေက စစ်အာဏာရှင် ဘက်တော်သားလို့ ပြောလို့ရကုန်ပါပြီ။ ဒီတိုက်ပွဲက ကြားနေမရှိပါဘူး။ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဖို့ကို အကြောက်တရားနဲ့ ဖောက်သာမထွက်ရဲကြတာ၊ အနည်းဆုံးတော့ စစ်ကောင်စီဘက်သားတွေ အကျအဆုံးများရင် ပျော်နေကြပြီး PDF ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ကျဆုံးရင် မျက်နှာမကောင်းကြတာ၊ တိတ်တိတ်လေး ဝမ်းနည်းနေတာ၊ တိတ်တိတ်လေး ဆုတောင်းပေးနေတာတော့ လုပ်ပေးကြတာကို တွေ့ရပါတယ်။

အဲ့ဒါကိုလည်း အာဏာသိမ်းစစ်တပ်က သိတယ်။ အဲ့ဒါကြောင့် တွေ့သမျှရွာ အကုန်မီးရှို့တာတွေ လုပ်နေတာက လက်တွေ့ပါပဲ။ စစ်တပ် အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ဇူလိုင် ၃၁ ရက်အထိ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနသာရီတိုင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်တွေမှာ အိမ်ပေါင်း ၇၄,၈၇၄ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Data for Myanmar အဖွဲ့ရဲ့ စစ်တမ်းတွေအရ သိရပါတယ်။ အဲ့ဒါကလည်း ပြည်သူဆိုတာ သူတို့ကို ဆန့်ကျင်သူ ဆိုတာကို သူတို့လည်း သိနေတဲ့ဖြစ်ရပ်ပါ။

ဒီတော်လှန်ရေးက ကျောင်းသားတွေတင်မက လူမမယ်လေးတွေ၊ လမ်းဘေးတောင်းရမ်းစားသူတွေ၊ တနေ့လုပ် တနေ့စားတွေပါ အသက်တွေ ထောင်နဲ့ချီပြီး ပေးဆပ်နေရပြီး အကျဉ်းထောင်တွေထဲမှာလည်း တခါဖူးမျှ မကြုံခဲ့ဘူးတဲ့ ရက်စက် ယုတ်မာမှုတွေက စကားလုံးတွေ ဖော်ပြလို့မရအောင် ကမ်းကုန်သွားပါပြီ။

အာဏာသိမ်းတဲ့ ၂၀၂၁ ခု ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၂ ရက် အထိ အကြမ်းဖက်စစ်အုပ်စုနဲ့ သူ့ရဲ့လက်ပါးစေတွေကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ပြည်သူ စုစုပေါင်းမှာ ၄၁၄၆ ဦး ရှိခဲ့ပြီဖြစ်ပြီး မတရားဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၅၂၉၈ ဦး ရှိနေပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)  စာရင်းမှာ ဖော်ပြထားပါတယ်။

ဒီနေ့အထိကို နေ့စဉ် သတ်ဖြတ်နေတုန်းပဲ ဆိုပေမဲ့ ဒီမျိုးဆက်ကတော့ ဘယ်တော့မှ ဦးညွှတ်မယ့်ပုံ မရှိပါဘူး။ ဒီတော်လှန်ရေးက မြန်မာနိုင်ငံရဲ့ အာဏာရှင်နိဂုံးတခုလို့ သူတို့ ကြွေးကြော်ရင်း အသက်တွေ၊ ဘဝတွေ ဆက်လက် စတေးနေတုန်းပါပဲ။

မျိုးဆက်တွေ ဘယ်လောက် ပေးဆပ်ခံစားခဲ့ရပေမဲ့ အာဏာရှင်ကတော့ ဗိုလ်နေဝင်းက စခဲ့တဲ့ စစ်တပ် လူတန်းစားတစုကပဲ တိုင်းပြည်တခု အမွေရထားသလို ထင်တိုင်းကြဲနေကြတာပါ။

ဘညို

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024