Home
မြန်မာသတင်း
ပဲခူးမြို့တွင် ရေပြန်ကျ၊ စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်နေ
DVB
·
October 13, 2023

ပဲခူးမြို့မှာ အောက်တိုဘာ ၈ ရက်ကစပြီး ရေကြီးရေလျှံခဲ့ပြီးနောက် အောက်တိုဘာ ၁၂ ရက်နေ့မှာ ပဲခူးမြို့အတွင်းက ရပ်ကွက်တွေမှာ ရေပြန်ကျသွားပေမဲ့ အခြေခံစားသောက်ကုန်နဲ့ ဆေးဝါးတွေကတော့ အရင်ထက် ဈေးနှုန်း နှစ်ဆနီးပါး မြင့်တက်သွားတယ်လို့ ပဲခူးမြို့ခံတွေက ပြောပါတယ်။

အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီနဲ့ ဟင်းသီးဟင်းရွက်စျေးနှုန်းတွေကအစ မြင့်တက်နေပြီး ရောင်းချတဲ့ဈေးဆိုင် အရေအတွက် နည်းပါးတာကြောင့် အလုအယက် ဝယ်ယူနေရတယ်လို့ ပဲခူးမြို့ပေါ်မှာ နေထိုင်တဲ့ မြို့ခံတဦးက ပြောပါတယ်။

“ကန်စွန်းရွက်တစည်းကို ကျပ် ၁,၀၀၀ ပေးရတယ်၊ ဆန်တပြည်ကို ကျပ်  ၈,၀၀၀ ပေးရတယ်၊ ဖွင့်တဲ့ဆိုင်ကလည်း နည်းတော့ ပိုက်ဆံရှိတာတောင် ဝယ်စားလို့မရဘူး။”

ဒါ့အပြင် ဈေးသည်တွေအနေနဲ့လည်း ကုန်ပစ္စည်းတွေကို ရန်ကုန်ဘက်ကနေ သယ်ယူရာမှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အရင်ထက် ကားခစျေးနှုန်းတွေ မြင့်တက်သွားတာကြောင့် အခုလို ရောင်းချရခြင်းဖြစ်တယ်လို့ သိရပါတယ်။

ပဲခူးမြို့ သီရိဥသာစျေးမှ ကုန်စိမ်းရောင်းသူတဦးက “ရန်ကုန်ကနေ ပစ္စည်းတင်ရင် ကားခက အရင်တုန်းကထက် ပိုပြီးပေးရတယ်။ ပုံမှန်ဈေးအတိုင်းရောင်းရင် အရှုံးခံပြီး ရောင်းမှရမယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ပဲခူးမြို့ပေါ်မှာ ရေကြီးမှုဖြစ်ပွားပြီးနောက် စက်သုံးဆီ ပြတ်လပ်နေပြီး စက်သုံးဆီ ရောင်းချတဲ့ ဆိုင်ကြီးတွေကအစ ပိတ်ထားရပါတယ်။

“Max လို ဆိုင်ကြီးတွေမှာတောင် ဓာတ်ဆီမရတော့ဘူး။ လာဝယ်တဲ့သူတိုင်းကို ပြန်လွှတ်နေတာ၊ ဆီကားတွေ မလာလို့တော့ ပြောတယ်” လို့ ပဲခူးမြို့ခံတဦးက ပြောပါတယ်။

ပဲခူးမြို့အတွင်းမှာ ရေပြန်ကျသွားပေမဲ့ ပဲခူးမြို့ရှောင်လမ်းရဲ့ အနီးအနားက ကျေးရွာတွေမှာတော့ ရေကြီးရေလျှံမှုတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် ပရဟိတအဖွဲ့တွေက ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024