Home
မြန်မာသတင်း
ဖယ်ခုံမြို့နယ် သိကျိတ်ကျေးရွာတွင် အရေပြားကူးစက်‌ ရောဂါများ ဖြစ်ပွားနေ
DVB
·
October 12, 2023

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ သိကျိတ်ကျေးရွာအုပ်စုရှိ ကျေးရွာတချို့မှာ အရေပြား ကူးစက်ရောဂါ ဖြစ်ပွားနေတာကို Kayan Women's Organization ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အရေပြားကူးစက်တဲ့ လူဦးရေမှာ ကယန်းအမျိုးသမီးအစည်းအရုံးရဲ့ ကွင်းဆင်းခဲ့တဲ့ ၃ ရွာက လူဦးရေစာရင်းအရ ၇၂၀ ကျော်ရှိတဲ့အထဲ ၂၀ ရာခိုင်နှုန်းလောက်က ကူးစက်ခံနေရတာ ဖြစ်ပါတယ်။

အရေပြားကူးစက်ရောဂါ ဖြစ်ပွားနေတာ ၆ လနီးပါးရှိနေကာ ကုသမှုကို သူတို့နည်း သူတို့ဟန်နဲ့ အရက်ပြန်နဲ့ဆေးတာ၊ ယားနာဆေးလိမ်းတာတွေနဲ့ ကုသကြကာ တချို့က သိကျိတ်ကျေးရွာက Kayan National Health Committee (KNHC) ဆေးခန်းမှာ သွားရောက်ကုသတာတွေ ရှိပါတယ်။

ကယန်းအမျိုးသမီးအစည်းအရုံး လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းစဥ် တာဝန်ခံ အားမူက “ကယန်းအမျိုးသမီးအစည်းအရုံးအနေနဲ့ ပြီးခဲ့တဲ့ မတ်လက အခြေခံဆေးဝါးနဲ့ ပတ်သက်ပြီး သွားရောက်ပံ့ပိုးခဲ့တာတွေ ရှိခဲ့တယ်။ အဲ့ကနေ လိမ်းဆေးတွေပါတော့ သူတို့ အဲ့လိမ်းဆေးကိုလည်း အသုံးပြုသူတွေလည်း ရှိခဲ့တယ်။ ဘယ်ကစဖြစ်လဲ ဆိုတဲ့ဟာတော့ အတိအကျ မသိပေမဲ့ ပထမတော့ ယားယံပြီး ကုတ်ခြစ်တာကနေ အနာတွေ ဖြစ်လာတာလို့ ဒေသခံတွေက ပြောပါတယ်” လို့ ပြောပါတယ်။

သိကျိတ်ကျေးရွာအုပ်စုက ကျေးရွာ ၅ ရွာခန့်မှာ အရေပြားကူးစက်ရောဂါ ဖြစ်ပွားနေကာ အဲ့ကျေးရွာအုပ်စုက ကျေးရွာတော်တော်များက စစ်ရှောင်တွေရှိပေမဲ့ ရောဂါဖြစ်ပွားကြတဲ့ အများစုဟာ ဒေသခံတွေ ဖြစ်ပါတယ်။

လူသားစာနာထောက်ထားမှု လုပ်ငန်းစဥ် တာဝန်ခံ အားမူက “ပြီးခဲ့တဲ့ ၃ လပိုင်းလောက်ကတည်းက သိပေမဲ့ သာမန်ယားနာလို့ပဲထင်ပြီး သတိမထားမိဘူး၊ အ‌ေရပြားထိတာကနေပဲ ထင်တယ်။ ဥပမာ သူ့ကလေးဖြစ်ရင် သူ့အမေပါ လိုက်ဖြစ်တယ်။ ယားလို့ ကုတ်ရင်းကနေ အနာဖုသေးသေးလေးတွေ ထွက်တာ​ကနေ ကြာတော့ အဖုကြီးလာတာတို့၊ ပြည်တည်တာတို့ ဖြစ်တာ” လို့ ပြောပါတယ်။

အရေပြားကူးစက်ရောဂါဟာ အသက်အရွယ်မရွေး ဖြစ်ပွားကာ အများဆုံးတွေ့ရတာက လသားအရွယ်ကနေ ၅ နှစ် ၆ နှစ် အရွယ်တွေ ဖြစ်ပါတယ်။

''ကျမတို့က ကျန်းမာရေးအဖွဲ့မဟုတ်တော့ အခြေခံဆေးဝါးကိုပဲ ပံ့ပိုးပြီး အခြေခံကုသမှုကိုပဲ လုပ်ပေးနိုင်တာရှိတော့ သူတို့ကို အများကြီး မကူညီပေးနိုင်ဘူးဖြစ်တယ်။ ပြီးတော့ ဘာဆေးကို အသုံးပြုပေးရမလဲ၊ ဘယ်လိုလမ်းညွှန်ရမလဲ မသိတဲ့အတွက် ကျမတို့အဖွဲ့ရဲ့ ပေ့ချ် (Kayan Women's Organization) မှာ တင်ပြီး ကျန်းမာရေးအဖွဲ့တွေထံ အကူအညီ တောင်းခံရခြင်းဖြစ်တယ်” လို့ သူမက ဆက်ပြောပါတယ်။

သိကျိတ်ကျေးရွာအုပ်စုရဲ့ လမ်းခရီးဟာ မိုးတွင်းဘက်မှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အဆိုပါနေရာတွေထိ သွားရောက်ကာ ကျန်းမာရေးဝန်ဆောင်မှုပေးနိုင်တဲ့ အဖွဲ့တွေ နည်းပါးလို့ ကျန်းမာရေးဆိုင်ရာအဖွဲ့တွေ သွားရောက်ကူညီပေးဖို့ Kayan Women's Organization က မေတ္တာရပ်ခံ တိုက်တွန်းထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024