Home
နိုင်ငံတကာ
ရုရှားသတင်းပေး ၂ ဦးကို ယူကရိန်းထောက်လှမ်းရေး ဖော်ထုတ်
DVB
·
October 12, 2023

ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်း ခါကိဗ်ဒေသရှိ ဟရိုးဇာကျေးရွာက လူအယောက် ၅၀ ကျော် သေဆုံးခဲ့ရတဲ့ ရုရှားဒုံးကျည်တိုက်ခိုက်မှုမှာ ကူညီလမ်းပြပေးခဲ့ပြီး ရုရှားကိုထွက်ပြေးသွားတဲ့ ရွာသား ၂ ယောက်ကို ယူကရိန်းရဲ့ ပြည်တွင်းထောက်လှမ်းရေးဌာန (SBU) က အောက်တိုဘာ ၁၁ ရက်နေ့မှာ ဖော်ထုတ်ခဲ့ပါတယ်။

သံသယရှိသူ ရွာသား ၂ ဦးဟာ ညီအစ်ကိုတွေဖြစ်ကြပြီး ၂၀၂၂ ခုနှစ်က မော်စကိုဟာ ရွာကို လအတော်ကြာ ထိန်းချုပ်ထားခဲ့ချိန်မှာ အဲဒီသစ္စာဖောက် ၂ ယောက်က ရုရှားအာဏာပိုင်တွေအတွက် အလုပ်လုပ်ပေးခဲ့ကြောင်း ယူကရိန်းလုံခြုံရေးအဖွဲ့ (SBU) က တယ်လီဂရမ်အက်ပ်မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဟရိုးဇာကျေးရွာ တိုက်ခိုက်ခံရပြီးနောက်မှာ SBU အရာရှိတွေဟာ ရွာကို ရောက်လာကြပြီးတော့ ရွာခံတွေရဲ့ ဖုန်းတွေကို စစ်ဆေးခဲ့ကြောင်း ဒေသခံ ၂ ဦးက ရိုက်တာသတင်းဌာနကို ပြောပြခဲ့ပါတယ်။

SBU ရဲ့ အဆိုအရ အဲဒီညီအစ်ကို ၂ ယောက်ဟာ အောက်တိုဘာလ အစပိုင်းမှာ ဟရိုးဇာကျေးရွာရဲ့ လှုပ်လှုပ်ရှားရှား အချက်အလက်တွေကို စတင်စုဆောင်းခဲ့တယ်လို့ ဆိုပါတယ်။

ယူကရိန်း ထောက်လှမ်းရေး အေဂျင်စီဟာ အဲဒီအမျိုးသားတွေ ပိုင်ဆိုင်တဲ့ ရုရှားနိုင်ငံကူးလက်မှတ်တွေနဲ့ တခြားစာရွက်စာတမ်းတွေအပြင် သူတို့တွေ သတင်းအချက်အလက် ရရှိခဲ့တဲ့ မက်ဆင်ဂျာမှာ စကားပြောဆိုထားတဲ့ စခရင်ရှော့ ပုံတွေကိုလည်း ပို့စ်တင်ခဲ့ပါတယ်။ ရိုက်တာကတော့ အဲဒီအချက်အလက်တွေကို သီးခြား အတည်ပြုနိုင်ခြင်း မရှိပါဘူး။

အောက်တိုဘာ ၅ ရက်က ဟရိုးဇာကျေးရွာ တိုက်ခိုက်ခံရမှုဟာ အခုနှစ် ယူကရိန်းမှာ အသေအပျောက်အများဆုံး တိုက်ခိုက်ခံရမှုဖြစ်ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီက ရုရှားကျူးကျော်ပြီးကတည်းက အဆိုးရွားဆုံး တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။

လူဒါဇင်ပေါင်းများစွာ သေဆုံးခဲ့တဲ့အထဲက အများစုမှာ အရပ်သားတွေဖြစ်ကြပြီး သေဆုံးသူ ၅၅ ဦးရှိတယ်လို့ ယူကရိန်း အစိုးရရှေ့နေတွေက ပြောပါတယ်။ ဒါဟာ ကျေးရွာလူဦးရေ ၃၀၀ လောက် ရှိတဲ့အထဲက ၆ ပုံ ၁ ပုံလောက် သေဆုံးခဲ့တာဖြစ်ကြောင်း ဒေသခံအရာရှိတဦးက ရိုက်တာကို ပြောကြားခဲ့ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024