မြန်မာဘက်ခြမ်း တာချီလိတ်မြို့နယ်မှာ လာရောက် ဝိုင်းဖွဲ့လောင်းကစားခဲ့တဲ့ ထိုင်းသံဃာ ၅ ပါးကို သက်ဆိုင်ရာ သာသနာရေးဦးစီးဌာနက အရေးယူလိုက်တယ်လို့ Workpoint ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ဒီမတိုင်ခင် ရှေ့က အဆိုပါ ထိုင်းသံဃာ ၅ ပါးဟာ ခြောက်ကောင်ဂျင် လောင်းကစားဝိုင်းနဲ့ ဖဲဝိုင်းထောင်နေတဲ့ပုံတွေ လူမှုကွန်ရက်မှာ ပျံ့နေပြီး အများပြည်သူအကြား ဝေဖန်မှုတွေ မြင့်တက်နေခဲ့တာပါ။
ဒါကြောင့် ထိုင်းမြောက်ပိုင်း၊ ချင်းရိုင်းခရိုင် သာသနာရေးဦးစီးဌာနက ကော်မတီဖွဲ့ပြီး စုံစမ်းစစ်ဆေးစေခဲ့ရာမှာ အဆိုပါ သံဃာတော်တွေဟာ ချင်းရိုင်းခရိုင်ထဲက ကျေးရွာအုပ်စု သံဃာ့နာယကအဖွဲ့ဝင် သံဃာ ၁ ပါး၊ ကျောင်းထိုင်ကိုယ်တော် ၂ ပါးနဲ့ ရိုးရိုးသံဃာ ၂ ပါးဖြစ်ကြောင်း၊ အဆိုပါသံဃာတော်ဟာ မြန်မာဘက်ခြမ်း တာချီလိတ်ခရိုင်ရှိ ဘုန်းကြီးကျောင်း ၁ ကျောင်းက ဘာသာရေးပွဲတော်တက်ရောက်ဖို့ ပင့်ဖိတ်ခဲ့တာကြောင့် အောက်တိုဘာ ၄ ရက်နေ့က သွားရောက်ခဲ့ကြောင်း သိရှိရတယ်လို့ ဆိုပါတယ်။
အဆိုပါသံဃာတွေကတော့ အဲဒါဟာ သူတို့ဒေသရဲ့ ဓလေ့ထုံးစံပဲဖြစ်တယ်၊ ဒီလိုပဲ ကစားလေ့ရှိကြတယ်လို့ ပြောပါတယ်။
ဒါပေမဲ့ ခရိုင်သာသနာရေးဦးစီးဌာနကတော့ ထိုင်းနိုင်ငံက သံဃာတော်တွေအနေနဲ့ ခုလို လောင်းကစားတာ သံဃာတော်ဝိနည်းနဲ့ မကိုက်ညီကြောင်း၊ သာသနာတော်ကိုလည်း ညှိုးနွမ်းစေတယ်၊ ဒါကြောင့် အောက်တိုဘာ ၁၁ ရက်မှာ သံဃမဟာနာယကအဖွဲ့တွေရဲ့ စစ်ဆေးအရေးယူမှုကို ခံယူဖို့ ချိန်းဆိုခဲ့ပါတယ်။
ဒါပေမဲ့ မနေ့က ချိန်းဆိုချက်ကို ၁ ပါးမှ ရောက်မလာတဲ့အပြင် အားလုံး ထွက်ပြေး လွတ်မြောက်သွားကြောင်း၊ ဒါကြောင့် အဆိုပါ သံဃာ ၅ ပါးလုံးကို သံဃနာယကအဖွဲ့က သိက္ခာချပြီး သီတင်းသုံးရာ ကျောင်းတိုက်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်လို့ ထိုင်းသတင်းမှာ ဖော်ပြထားပါတယ်။
Source-Workpointnews