Home
မြန်မာသတင်း
ကချင်စစ်ရှောင်စခန်း တိုက်ခိုက်မှုအပေါ် တော်လှန်ရေးအင်အားစုများကန့်ကွက် ရှုတ်ချ
DVB
·
October 12, 2023

မုန်လိုင်ခက် ကချင်စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီရဲ့ အကြမ်းဖက် တိုက်ခိုက်မှုနဲ့  ပတ်သက်ပြီး   CRPH၊ NUG၊ NLD၊ KNU၊ DPNS အပါအဝင် တော်လှန်ရေးအင်အားစုတွေ၊ တိုင်းရင်းသားအဖွဲ့တွေနဲ့ နိုင်ငံရေးပါတီတွေက  အပြင်းအထန် ကန့်ကွက် ရှုတ်ချလိုက်ပါတယ်။ 

အောက်တိုဘာ ၉ ရက် ည ၁၁ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ကချင်ပြည်နယ် လိုင်ဇာမြို့အနီး၊ မုန်လိုင်ခက်စစ်ရှောင်စခန်းက ကိုယ်ဝန်ဆောင် အမျိုးသမီးနဲ့ ကလေးငယ် အပါအဝင် ၂၉ ဦး သေဆုံးခဲ့ပြီး  ၅၇ ဦး ဒဏ်ရာရရှိခဲ့တာပါ။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဝမ်းနည်းကြေကွဲရတဲ့အကြောင်း၊ အကြမ်းဖက် အာဏာသိမ်းစစ်တပ်ရဲ့ အရပ်သားပြည်သူတွေအပေါ် လူမဆန်တဲ့ အကြမ်းဖက်မှုတွေ ဆက်လက်ကျူးလွန်နေတာကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ်လို့  ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ကြေညာပါတယ်။

အာဏာသိမ်းစစ်တပ်အနေနဲ့ ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေအတွက် တာဝန်ခံမှုရှိစေရေး မဖြစ်မနေလုပ်ဆောင်ရမှာဖြစ်တယ်၊ မြန်မာပြည်သူတွေအတွက် တရားမျှတမှု ရရှိရေးအတွက် အရေးကြီး လုပ်ငန်းစဉ်တစ်ရပ်အဖြစ် သတ်မှတ်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ စစ်ကောင်စီအပေါ် စစ်လက်နက် တင်ပို့ရောင်းချတာ အမြန်ဆုံးပိတ်ပင်တားဆီးသွားနိုင်ရေး ပိုမိုပြင်းထန်တဲ့ အရေးယူပိတ်ဆို့မှုများ တိုးမြှင့်လုပ်ဆောင်ဖို့ CRPH ကတိုက်တွန်းပါတယ်။

စစ်ကောင်စီဟာ စစ်ဘက်၊ အရပ်ဘက်နဲ့ ကလေးသူငယ်ဆိုပြီး ခွဲခြားမှုမရှိဘဲ အင်အားသုံး တိုက်ခိုက်တာတွေဟာ စစ်ရာဇဝတ်မှုကို ကျူးလွန်တာဖြစ်လို့ မုန်လိုင်ခက် ဒုက္ခသည်စခန်း တိုက်ခိုက်ခံရတဲ့အပေါ် အပြင်းအထန်ရှုတ်ချကြောင်း ကရင်အမျိုးအသားအစည်းအရုံး KNU ကလည်း ကြေညာချက်ထုတ်ပြန်ပါတယ်။

စစ်ရာဇဝတ်မှုတွေ မရပ်မနားကျူးလွန်နေတဲ့ အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံတကာအနေနဲ့ အမြန်ဆုံးနဲ့ အထိရောက်ဆုံး အရေးယူဆောင်ရွက်ပေးဖို့နဲ့ နိုင်ငံတကာ ဆက်ဆံရေးမှာလည်း စစ်ကောင်စီကို နေရာပေးတာ၊ ငွေကြေးနဲ့ လက်နက်ခဲယမ်းတွေ နည်းလမ်းပေါင်းစုံနဲ့ ပံ့ပိုးနေတာတွေ၊ အကာအကွယ်ပေးနေတာတွေကို ရပ်တန်းက ရပ်ဖို့အတွက်လည်း KNU က တိုက်တွန်းထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ လူနည်းစုတိုင်းရင်းသားတွေအပေါ်  အခုလို အကြိမ်ကြိမ် ပြုကျင့်မှုတွေဟာ နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေအပါအဝင် အရပ်သားပြည်သူတွေရဲ့ အသက်ရှင်သန်ပိုင်ခွင့်တို့ကို မျက်ကွယ်ပြုရာရောက်ပြီး၊ လူနည်းစု တိုင်းရင်းသားတွေကို လူမျိုးတုံးသတ်ဖြတ်မှုမြောက်တဲ့ လုပ်ရပ်ဖြစ်လို့ နိုင်ငံတကာက စစ်ကောင်စီကို ဝိုင်းပယ်ကန့်ကွက်ကြဖို့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီကလည်း တိုက်တွန်းပါတယ်။

အခုအချိန်ဟာ နိုင်ငံသမိုင်းမှာ အလွန်အရေးကြီးတဲ့အချိန်ဖြစ်လို့ ကချင်နဲ့ ချင်းလူမျိုး‌တွေ အပါအဝင် လူနည်းစုတိုင်းရင်းသားတွေနဲ့ နွေဦးတော်လှန်ရေးအင်အားစုအသီးသီးအနေနဲ့ တောင်တန်း- ပြည်မစည်းလုံးညီညွတ်စွာ အချင်းချင်း လက်တွဲမဖြုတ်စတမ်း ဘုံရည်မှန်းချက် ပန်းတိုင်ရောက်တဲ့အထိ နည်းမျိုးစုံနဲ့ အစွမ်းကုန် ကြိုးပမ်းဖို့လည်း တိုက်တွန်းပါတယ်။

အလားတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကလည်း  မုန်လိုင်ခက် ကချင်စစ်ဘေးရှောင်စခန်း တိုက်ခိုက်မှုမှာ ထိခိုက်သေဆုံးသွားတဲ့ မိသားစုတွေနဲ့ထပ်တူ    ကြေကွဲဝမ်းနည်းမိတဲ့အကြောင်း အကြမ်းဖက်စစ်ကောင်စီဟာ လူသားမျိုးနွယ်ပျက်သုဥ်းစေမှုနဲ့ စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေတာ ထင်ရှားနေလို့ အပြစ်ပေးအရေးယူနိုင်ရေးနဲ့ ကျူးလွန်ခံရသူတို့အတွက် တရားမျှတမှုရရှိရေး ကြိုးပမ်းမယ်လို့ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုကျူးလွန်မှုတွေရပ်တန့်ရေး၊ ကျူးလွန်ခံရတဲ့ မြန်မာပြည်သူတွေအတွက် တရားမျှတမှု အမြန်ဆုံးပြန်လည်ရရှိစေရေးတို့ အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာက အခုထက်ပိုမို ရောက်စွာကူညီပံ့ပိုးပေးကြဖို့  NLD က တိုက်တွန်းပါတယ်။

နိုင်ငံတစ်ဝန်းရှိ အရပ်သား ပြည်သူတွေအ‌ပေါ် စစ်ကောင်စီရဲ့   အစုလိုက်အပြုံလိုက် ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုကျူးလွန်ခဲ့တဲ့ ၁၀ ယောက်နဲ့ အထက် ဖြစ်စဉ်ပေါင်း  ၂၀ ကျော်ရှိတယ်လို့လည်း NLD လူ့အခွင့်အရေးမှတ်တမ်းကောက်ယူရေးအဖွဲ့ရဲ့ စာရင်းအရ သိရပါတယ်။

ဒီဖြစ်စဉ်တွေထဲမှာ ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်မှာဖြစ်ပွားခဲ့တဲ့ လူအစုလိုက်သတ်ဖြတ်မှု ဖြစ်စဉ်၊ စစ်ကိုင်းတိုင်း တာတိုင်ကျေးရွာ ၊ လက်ယက်ကုန်းရွာနဲ့ ပဇီကြီးရွာ ဖြစ်စဉ်တွေ၊  ကချင်ပြည်နယ် ဆယ်ဇင်းကျေးရွာနဲ့  အနန့်ပါကျေးရွာဖြစ်စဉ်တွေနဲ့ ပဲခူးတိုင်း ထန်းတပင်မြို့နယ် ညောင်ပင်သာရွာ စတဲ့ ဖြစ်စဉ်တွေပါဝင်ပါတယ်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ကတော့ မုန်လိုင်ခက်စစ်ရှောင်စခန်းဖြစ်စဉ်မှာ သေဆုံးသူ၊ ဒဏ်ရာရသူ ကချင်ပြည်နယ်သားတွေ ကျန်ရစ်သူ မိသားစုတွေနဲ့ထပ်တူ၊ ကချင်အမျိုးသားထုတရပ်လုံးနဲ့ထပ်တူ အထူးဝမ်းနည်းကြေကွဲဖြစ်ရတယ် အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ကန့် ကွက်ရှုတ်ချတယ်လို့ ထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီကို အမြစ်ပြတ် ချေမှုန်းဖျက်သိမ်းနိုင်ခြင်း မရှိသေးသရွေ့ အခုလို ကြေကွဲဖွယ် ဖြစ်ရပ်ဆိုးတွေ ထပ်မံ ကြုံတွေ့နေ ကြရဦးမယ်၊ ဒါကြောင့် မိမိတို့ပါတီအနေနဲ့ စစ်အာဏာရှင်စနစ်ကို အပြီးအပိုင် ဖျက်သိမ်းပစ်နိုင်ရေး တော်လှန်ရေး အင်အားစုတွေ တိုင်းရင်းသားတွေ အားလုံးနဲ့အတူ တိုက်ပွဲဝင်သွားမယ်လို့ လူ့ဘောင်သစ်ပါတီက ထုတ်ပြန်ထား ပါတယ်။

ညီနောင်တိုင်းရင်းသား မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ TNLA တအာင်း၊ ကိုးကန့် နဲ့ ရက္ခိုင်တပ်တော် (AA) အဖွဲ့အစည်းတွေကလည်း အသက်ဆုံးရှုံးခဲ့ရတဲ့ အပြစ်မဲ့ပြည်သူလူထုတွေအတွက် များစွာဝမ်း နည်းကြေကွဲရပြီး တရားမျှတမှုနဲ့ အမှန်တရားရရှိရေးတို့အတွက် ကချင်ပြည်သူလူထု၊ ကချင်လွတ် လပ်ရေးအဖွဲ့ (KIO/KIA) တို့နဲ့အတူ တသားထဲရှိကြောင်း ပူးတွဲကြေညာပါတယ်။

နိုင်ငံရေး၊ စစ်ရေး အဘက်ဘက်ကရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ သူတို့ကို မထောက်ခံတဲ့ ပြည်သူအပေါ် အငြိုးအတေး၊ အာဃာတကြီးစွာထားပြီး လက်နက်ကြီးတွေ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်၊ တရားလက်လွတ် သတ်ဖြတ်နေတဲ့လုပ်ရပ်တွေ မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ တွေ့ရပြီး ဒီလုပ်ရပ်တွေဟာ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေ ဗြောင်ကျကျကျူး လွန်နေတာလို့ ဆိုပါတယ်။

မုန်လိုင်ခက်စစ်ရှောင်စခန်းတိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ နိုင်ငံတကာအနေနဲ့ အချိန်နဲ့တပြေးညီ ပြင်းပြင်းထန်ထန် ထိထိရောက်ရောက် ဟန့်တား အရေးယူပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်းတောင်းဆို တိုက်တွန်းလိုက်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ အခုလို လူမဆန်စွာ ကျူးလွန်တဲ့ လူသားမျိုးနွယ်အပေါ်ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချပြီး ကချင်တိုင်းရင်းသားတွေနဲ့အတူ တသားတည်း ရပ်တည်သွားမယ်၊ ကချင်တိုင်းရင်းသားတွေရဲ့ ထိခိုက်ဆုံးရှုံးမှုအပေါ် NUG အစိုးရအနေနဲ့ ထပ်တူနာကျင်ခံစားရပြီး ထိခိုက်ဆုံးရှုံးရသူတွေအတွက် တရားမျှတမှု ပြန်လည်ရယူပေးနိုင်ရေး အတွက် အတူတကွ အစွမ်းကုန် ကြိုးစားသွားမယ်လို့ပြောပါတယ်။

စစ်ဘက်ရေးရာ ပစ်မှတ်မဟုတ်တဲ့ အရပ်သားတွေနေထိုင်တဲ့ ကချင်စစ်ရှောင်စခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အာဏာသိမ်း စစ်ကောင်စီရဲ့ လုပ်ရပ်ကို ကုလသမဂ္ဂ၊ အမေရိကန်၊ ကနေဒါ၊ ယူကေနဲ့ ပြင်သစ် စတဲ့ နိုင်ငံတကာ အသိုက်အဝန်းကလည်း အပြင်းအထန် ကန့်ကွက်ရှုတ်ချထားပါတယ်။

လိုင်ဇာအနီး မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းမှာ အောက်တိုဘာ ၉ ရက် ညပိုင်းက ပေါက်ကွဲမှုဖြစ်ပြီး ကလေးငယ်တွေအပါအဝင် လူပေါင်း ၃၀ နီးပါးသေဆုံးခဲ့ရတဲ့ ဖြစ်ရပ်ဟာ  အမိုနီယမ်နိုက်ထရိတ်(ယမ်း)သိုလှောင်ရုံ ပေါက်ကွဲမှုကြောင့်ဖြစ်ကြောင်းနဲ့ စစ်တပ်က လုပ်တာမဟုတ်ဘူးလို့  စစ်ကောင်စီ ပြောခွင့်ရသူ  ဗိုလ်ချုပ်ဇော်မင်းထွန်းက ငြင်းဆိုထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024