Home
ဆောင်းပါး
စစ်အာဏာရှင်စနစ်ဆိုးအောက်မှ တကယ်လွတ်မြောက်ချင်တာလား 
DVB
·
October 12, 2023

အပေါ်ယံအားဖြင့်ကြည်လိုက်ရင် လူ့လောကမှာ လူသားတိုင်းဟာ ချမ်းသာကြွယ်ဝချင်ကြသူတွေချည်းပဲလို့ မှတ်ထင်ရပါတယ်။ ချမ်းသာကြွယ်ဝချင်သလားမေးရင် လူတိုင်းက ချမ်းသာချင်ပါတယ်လို့ ပြောကြမှာ မလွဲပါဘူး။ ဘယ်သူမှ ဆင်းရဲနိမ့်ကျတဲ့ဘဝကို လိုချင်မယ် မထင်ပါဘူး။ အားလုံးဟာ ပစ္စည်းဥစ္စာနဲ့ပြည့်စုံလို့ ချမ်းသာတဲ့ဘဝကို ရချင်သူတွေချည်းပါပဲ။

ဒါပေမဲ့ သူတို့လိုချင်တဲ့ အဲ့ဒီချမ်းသာမှုရဖို့၊ ဆင်းရဲတွင်းက လွတ်မြောက်ဖို့ လူသားအများစုဟာ တကယ်ရော ကြိုးစားကြပါသလား။ တကယ်တမ်း ချမ်းသာလိုတဲ့ဆန္ဒ ပြင်းပြခဲ့သူဆိုရင် ချမ်းသာနိုင်မယ့်နည်းလမ်းတွေ အမြဲကြံဆတွေးတောနေတဲ့ မနောကံ၊ ချမ်းသာနိုင်ဖို့အကြောင်း ရှာကြံ‌ပြောဆို ဆွေးနွေးတဲ့ ဝစီကံ၊ ချမ်းသာနိုင်ဖို့ ကိုယ်တိုင်အားထုတ်တဲ့ ကာယကံ စတဲ့ အလုပ် ၃ ပါးကံကို စဉ်ဆက်မပြတ် လုပ်ဆောင်နေရမှာ ဖြစ်ပါတယ်။ အဲ့ဒီလို ဇွဲမလျှော့စတမ်း ကြိုးပမ်းလုပ်ဆောင်သူတွေဟာ တချိန်ချိန်မှာ မုချ ဆင်းရဲတွင်းက လွတ်မြောက်ပြီး ချမ်းသာမှုကို ရရှိနိုင်ပါတယ်။

အဲ့ဒီဥပမာလိုပါပဲ နွေဦးတော်လှန်ရေး အစပိုင်းမှာသာ ဝုန်းခနဲ ထတောက်တဲ့ ကောက်ရိုးမီးလို ပါဝင်ခဲ့ကြတဲ့ မြန်မာနိုင်ငံသားတချို့ကို စစ်အာဏာရှင်လက်အောက်ကနေ တကယ် လွတ်မြောက်ချင်တာလားလို့ ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်စေလိုပါတယ်။ လူလူချင်း ဖိနှိပ်ချုပ်ခြယ်မှုကင်းပြီး လူတိုင်း ခွင့်တူညီမျှတဲ့စနစ်၊ ငြိမ်းချမ်းသာယာတဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို တကယ်ပဲ လိုချင်တာလားဆိုတာကို မိမိကိုယ်ကို ဆန်းစစ်စေလိုပါတယ်။

ပြည်တွင်းပြည်ပမှာ လောလောဆယ် အကြောင်းအမျိုးမျိုးနဲ့ စားဝတ်နေရေး အဆင်ပြေနေကြသေးတဲ့၊ ဘဝလုံခြုံမှု၊ အသက်ရှင်သန်ခွင့် ရနေသေးတဲ့ မြန်မာနိုင်ငံသားတချို့ဟာ ကိုယ့်ဆီကို စစ်အာဏာရှင်အန္တရာယ် တိုက်ရိုက်မကျရောက်သေးတာမို့ နေသာသလိုနေကြ၊ နိုင်ငံရေးနဲ့ တော်လှန်ရေးကို လမ်းကြုံဖုံတိုက် ပါဝင်ကြ၊ အပေါင်းအသင်းဝင်ဆန့်ဖို့ တော်လှန်ရေးကို အပျော်လုပ်တဲ့ သဘောနဲ့ ပါချင်တဲ့အချိန်ပါ၊ လူမှုကွန်ရက်ထဲ လူမြင်ကောင်းအောင် တခါတရံသာ ပါဝင်ကူညီ လှူဒါန်းကြပေမဲ့ ရေရှည်မှာ မလိုက်ပါ အနစ်နာမခံနိုင်၊ အသုံးအဖြုန်း အသောက်အစား အပျော်အပါး မလျှော့နိုင်ဘဲ သွေးအေးသွားတယ်ဆိုတာ စစ်မိစ္ဆာအန္တရာယ်ကို တကယ်နားမလည်တဲ့သဘော ဖြစ်သလို စစ်အာဏာရှင်စနစ်အောက်က တကယ်လွတ်မြောက်ချင်စိတ် မရှိသေးဘူးလို့ ဆိုနိုင်ပါတယ်။

မှတပါး တခြားမရှိတဲ့ အခြေအ‌နေမျိုးရောက်မှ ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင် စနစ်အောက်က လွတ်မြောက် အောင်နိုင်မယ့် နည်းလမ်းတွေကို အမြဲကြံဆ တွေးတောနေတဲ့ မနောကံ၊ စစ်အာဏာရှင်စနစ် ကျဆုံး‌ရေးအတွက် ထိရောက်စွာ ပြောဆိုဆန့်ကျင်မှု ဝစီကံ၊ စစ်အာဏာရှင်စနစ် ဖြိုချနိုင်ဖို့ ကိုယ်တိုင်အားထုတ်တဲ့ ကာယကံ စတဲ့ အလုပ် ၃ ပါးကံကို စွဲစွဲမြဲမြဲ လုပ်ဆောင်ကြမှာလားလို့ ပြန်စိစစ်စေချင်ပါတယ်။ အခုလည်း မြန်မာနိုင်ငံသားတိုင်း ကိုယ်ရပ်ကိုယ့်မြေ၊ ကိုယ်မိဘ ညီအစ်ကိုမောင်နှမတွေထံ လုံခြုံစိတ်ချ အန္တရာယ်ကင်းကင်း ရှိတယ်လို့ စိတ်ချလက်ချ မပြန်နိုင်ကြတော့ပါဘူး။ လူတယောက်ရဲ့အသက်ဟာ အချိန်မရွေး ဆုံးရှုံးနိုင်တဲ့ တရားဥပဒေ စိုးမိုးမှုမရှိတဲ့ အနေအထားကို ရောက်သွားပါပြီ။

ဒီမေးခွန်းကို ဘာကြောင့်မေးရတာလဲဆိုတော့ အညတြ အာဇာနည် ပြည်သူပြည်သား သိန်းချီသန်းချီပြီး အသက်ဘဝတွေ စွန့်လွှတ်ရင်း တိုက်ပွဲဝင်ခဲ့ကြတာမို့ စစ်အာဏာရှင်စနစ်ဆိုး အမြစ်ဖြတ်မယ့် နွေဦးတော်လှန်ရေးဟာ ၂ နှစ်ကျော် ၃ နှစ်အတွင်းမှာ အောင်ပွဲအဆင့်ဆင့်ကို သိမ်းပိုက်ရင်း ရင်းနှီးပေးဆပ်မှု ကြီးမားစွာနဲ့ ပန်းတိုင်နားကို ချဉ်းကပ်လာနေချိန်မှာ ခါးပြတ် အားယုတ်သွားတာမျိုး မဖြစ်စေချင်လို့ ဖြစ်ပါတယ်။

၂၀၂၁ စက်တင်ဘာ ၇ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာခဲ့တဲ့ ပြည်သူ့ခုခံတော်လှန်စစ်ဟာ အခုဆို တိုက်စစ်ကနေ ထိုးစစ်ဆင်နိုင်လာတဲ့ အခြေအနေကို ရောက်ရှိလာခဲ့ပါတယ်။ တော်လှန်ရေးအင်အားစုတွေဟာ မြန်မာနိုင်ငံတဝန်းက အာဏာလု စစ်ကောင်စီတပ်စခန်း ၁ဝဝ ထက်မနည်း သိမ်းယူနိုင်ခဲ့ပြီး ဖက်ဆစ်တပ်ဌာနချုပ် တည်ရှိတဲ့ နေပြည်တော်နဲ့ အနီးတဝိုက်အထိကို ခြိမ်းခြောက်နိုင်တဲ့ အခြေအနေထိ ရဲရင့်စွာ အသက်ကိုစွန့်လို့ စွမ်းဆောင်နိုင်ခဲ့ကြပါတယ်။

အဆုံးသတ်စစ်ပွဲကြီးတွေ အမြန်ဆုံးအောင်နိုင်ဖို့ဆိုရင် စိတ်ဓာတ်အင်အား၊ လူအင်အား၊ လက်နက်အင်အား၊ ရိက္ခာဆေးဝါး အသုံးအဆောင်အတွက် ဘဏ္ဍာရေးအင်အား စတာတွေ တောင့်တင်းပြည့်စုံဖို့ လိုအပ်ပါတယ်။ နွေဦးတော်လှန်ရေးမှာ ပါဝင်ကြတဲ့ မြန်မာပြည်သူတွေမှာ စိတ်ဓာတ်အင်အားဟာ အထူးပြောစရာမရှိအောင် ကောင်းမွန်သလို လူအင်အားအရာမှာလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း ၂၉၃ ရင်း၊ တပ်ရင်းအဖြစ် အသိအမှတ်ပြုဖို့ စိစစ်ဆဲတပ်ရင်း ၆၈ ရင်းရှိနေပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကိုလည်း မြို့နယ် ၂၅၀ ကျော်မှာ ဖွဲ့စည်းထားနိုင်ပြီဖြစ်လို့ ပြည့်စုံလုံလောက်ပါတယ်။

အဲ့ဒီတပ်ရင်းတပ်ဖွဲ့တွေက ပြည်သူ့သားသမီး စစ်သည်စစ်သမီးတွေအတွက် စွမ်းရည်မြင့်တဲ့ လက်နက် ခဲယမ်းမီးကျောက်တွေ၊ စစ်အသုံးစရိတ်တွေ၊ ဆေးဝါးများနည်းတူ စားနပ်ရိက္ခာ စဉ်ဆက်မပြတ် ဖူလုံ‌အောင် ထောက်ပံ့ရေးဟာလည်း မဟာဗျူဟာ ပြည်သူ့ထိုးစစ် ခါးပြတ်မသွားစေဘို့ အလွန့်အလွန် အရေးကြီးတဲ့ အခန်းကဏ္ဍတခု ဖြစ်တယ်ဆိုတာ အားလုံး သိနားလည်ကြပြီး ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့လည်း သိတတ် နားလည်ကြတဲ့ မြန်မာပြည်သူတွေဟာ တိုင်းပြည်ရဲ့ ဘုံရန်သူ စစ်အခွင့်ထူးခံတပ်ကို အမြစ်ဖြတ်နိုင်ဖို့ အားထုတ်နေတဲ့ ပြည်သူ့ခုခံတော်လှန်စစ်ကို အထောက်အကူပြုနိုင်အောင် ပြည်သူ့တော်လှန်ရေး ထောက်ပို့မိသားစု (PRF) အစီအစဥ်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ စတင်ခဲ့လို့ ပြည်သူလူထုဟာ သူတို့ရဲ့ ချွေးနည်းစာ ဝင်ငွေတွေ ထည့်ဝင်လှူဒါန်းခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၃ ရက်နေ့တုန်းက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနကနေ ပြည်သူ့ခုခံတွန်းလှန်စစ် ၂ နှစ်တာကာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းတပ်ဖွဲ့တွေကို အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၇ သန်းနီးပါး ထောက်ပံ့ပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ အဲ့ဒီ ထောက်ပံ့စရိတ်ရဲ့ ၈၆ ရာခိုင်နှုန်းဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၁၃ သန်းကျော်ဟာ ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (People's Revolution Supply Family-PRF) အစီအစဉ်က ရရှိတဲ့ ငွေထဲက သုံးစွဲခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ ပြည်ပရောက် မြန်မာနိုင်ငံသား အရေအတွက်နဲ့ ထောက်ပို့တပ်သား အရေအတွက်ကို နှိုင်းယှဉ်မယ်ဆိုရင် အလွန်နည်းပါးနေတာကို တွေ့ရမှာဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ United Nations Population Fund (UNFPA) က ထုတ်ပြန်တဲ့ စာရင်းအရ ခန့်မှန်းခြေ မြန်မာနိုင်ငံသား ၄ ဒသမ ၂ သန်းဟာ နိုင်ငံရပ်ခြားမှာ ရောက်ရှိ နေထိုင် အလုပ်လုပ်ကိုင်နေရတယ်လို့ ဆိုပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးတဲ့နောက်မှ ၂၀၂၃ ခုနှစ်အတွင်း ပြည်တွင်းမှာ အလုပ်အကိုင်ရှားပါးတာရော၊ ဘဝလုံခြုံမှု မရှိတာမို့ တိုင်းပြည်ကို စွန့်ခွာကြသူတွေနဲ့ပါ တွက်ချက်မယ်ဆိုရင် မြန်မာနိုင်ငံသား ၅ သန်းလောက်ဟာ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေကြတယ်လို့ ခန့်မှန်းနိုင်ပါတယ်။

မြန်မာရွှေ့ပြောင်းလုပ်သား အများစုဟာ ထိုင်းနိုင်ငံမှာ ၂ သန်းနီးပါး၊ မလေးရှားမှာ ၆ သိန်းနီးပါး၊ တရုတ်နိုင်ငံမှာ ၃ သိန်းခွဲ၊ အမေရိကန်မှာ ၃ သိန်းကျော်၊ စင်ကာပူနိုင်ငံမှာ ၂ သိန်းကျော်၊ ဂျပန်နိုင်ငံမှာ ၅ သောင်းခွဲကျော်၊ ဩစ‌တြေးလျနိုင်ငံမှာ ၄ သောင်းကျော်၊ ကိုရီးယားနိုင်ငံမှာ ၃ သောင်းနီးပါးနဲ့ ဗြိတိန်နိုင်ငံမှာ ၂ သောင်းနီးပါးလောက်နဲ့ အာရပ်ကမ္ဘာနဲ့ ဥရောပ အပါအဝင် အခြားနိုင်ငံအသီးသီးမှာ နေထိုင်အလုပ်လုပ်နေကြတယ်လို့ ခန့်မှန်းနိုင်ပါတယ်။

PDF တပ်ရင်းပေါင်း ၃၀၀ လောက်အတွက် PDF ၇ သောင်းနဲ့ တသိန်းကြား အရေအတွက်ကို လစဉ် စားနပ်ရိက္ခာ၊ ဆေးဝါး စစ်ရေးအသုံးစရိတ် စတာတွေအတွက် ပုံမှန်ထောက်ပို့ဖို့ဆိုပြီး NUG ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ကနေ Official fundraiser တွေကနေတဆင့် လစဉ် ကောက်ခံပေးနေတာ ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) ရဲ့ လစဉ်ပုံမှန် ထောက်ပို့အစီအစဉ်မှာ ပါဝင်လှူဒါန်းကြတဲ့ လက်ရှိအထိ ထောက်ပို့တပ်သားအဖွဲ့ဝင် တသောင်းခွဲလောက်သာရှိပြီး လစဉ် အမေရိကန်ဒေါ်လာ ၇ သိန်းကျော်လောက်ပဲ ကောက်ခံရရှိနေတယ်လို့ သိရပါတယ်။

ပြည်ပရောက် မြန်မာနိုင်ငံသား ၅ သန်း‌နီးပါးမှာ အလုပ်လုပ်နိုင်သူတွေထဲက လစဉ် ပုံမှန်ဝင်ငွေမှန်နေတဲ့သူ၊ နိုင်ငံရပ်ခြားမှာ နှစ်ရှည်လများ အခြေကျနေသူ အမြောက်အမြား ရှိတာကို အခုတော့ တကမ္ဘာလုံးမှာ အကုန်လုံးပေါင်းမှ ထောက်ပို့တပ်သားအဖွဲ့ဝင် အရေအတွက်က ၁ သောင်းခွဲလောက်ပဲ ရှိသေးတယ်ဆိုတာဟာ ဝမ်းနည်းစရာကောင်းအောင် အတော်လေး နည်းနေသေးတာ ဖြစ်ပါတယ်။

တကယ်တမ်းသာ ပြည်ပနိုင်ငံတွေ အထူးသဖြင့် ချမ်းသာကြွယ်ဝတဲ့နိုင်ငံတွေ ဥပမာ အမေရိကန်၊ စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ ဗြိတိန်၊ ဩစတြေးလျ၊ ဥရောပနိုင်ငံမှာ အမြဲတမ်းနေခွင့်ရပြီး အခြေကျနေသူတွေသာ နိုင်ငံရေးအသိရှိရှိနဲ့ စဉ်ဆက်မပြတ် ထည့်ဝင်လှူဒါန်းဖို့ တတ်နိုင်တဲ့သူ အရေအတွက်ဟာ သိန်းချီရှိနေတာမို့ ထောက်ပို့တပ်သား အဖွဲ့ဝင်အင်အားဟာ သိန်းချီရှိနိုင်မယ်ဆိုရင် နွေဦးတော်လှန်ရေးဟာ အမြန်ဆုံး အောင်ပွဲဝင်ပြီး စစ်အာဏာရှင်စနစ်ဆိုးကို အပြီးတိုင် ဖျက်သိမ်းနိုင်မှာ ဖြစ်ပါတယ်။

ဒီဆောင်းပါးမှာ အဓိကထောက်ပြချင်တာက နွေဦးတော်လှန်ရေး ပန်းဝင်နိုင်ဖို့နဲ့ မဟာဗျူဟာ ပြည်သူ့ထိုးစစ်ကြီး အထိရောက်ဆုံးနဲ့ အမြန်ဆုံးအောင်ပွဲခံနိုင်ဖို့အတွက် အရေးကြီးဆုံး အခန်းကဏ္ဍတခုဖြစ်တဲ့ ဘဏ္ဍာရေးအထောက်အကူပြု အင်အားထဲမှာ ပါဝင်တဲ့ ထောက်ပို့တပ်ဖွဲ့ဝင် အရေအတွက် အားနည်းနေတဲ့အကြောင်းနဲ့ ထောက်ပို့အစီအစဉ် ချည့်နဲ့ ခါးပြတ်ရင် အသက်နဲ့ဘဝတွေစွန့်ပြီး ဖက်ဆစ်အကြမ်းဖက်တပ်ကို ရင်ဆိုင်တွန်းလှန်နေရတဲ့ ပြည်ချစ်သားကောင်း တော်လှန်ရေးအင်းအားစုအပေါင်းကို အကျိုးမဲ့ အသေခံစေရာရောက်မှာ ဖြစ်ပါတယ်။

ဒါကြောင့် တနိုင်ငံလုံး PDF၊ တကမ္ဘာလုံး ထောက်ပို့တပ်ဆိုတဲ့ PRF ရဲ့ ဆောင်ပုဒ်နဲ့အညီ ရှေ့တန်းက PDF တွေအတွက် နောက်တန်းကနေ ဘေးကင်းလုံခြုံစွာ ထောက်ပို့တပ်သားတွေအဖြစ် ပါဝင်ကြပြီး သမိုင်းတင်ကျန်ရစ်မယ့် ခေတ်တာဝန်ကို တော်လှန်ရေး ပြီးဆုံးသည်အထိ စဉ်ဆက်မပြတ် ထမ်းဆောင်ကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။

တဆက်တည်းမှာပဲ ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကာလအတွင်း တော်လှန်ရေးစိတ် ထက်သန်ကြတဲ့ ပြည်တွင်းပြည်ပက ဒီမိုက‌ရေစီလိုလားသူ မြန်မာနိုင်ငံသားတွေအနေနဲ့ အခါအားလျော်စွာ၊ လိုအပ်ချက်အားလျော်စွာ၊ စုဖွဲ့မှုအားလျော်စွာ ပြုလုပ်နေတဲ့ ဘဏ္ဍာရေး ထောက်ပံ့မှု အစီအစဉ်မျိုးစုံမှာ အခက်အခဲတွေကြား တတ်စွမ်းသ၍ ပါဝင်ခဲ့ကြတာကိုလည်း ဒီဆောင်းပါးနဲ့ ချီးကျူးဂုဏ်ပြုအပ်ပါတယ်။

ဒါပေမဲ့လည်း အချိန်ကြာလာတာနဲ့အမျှ ခြေကုန်လက်ပန်းကျလာခြင်း၊ ဝန်နဲ့အားမမျှခြင်းဆိုတဲ့ စိန်ခေါ်မှုတွေကိုတော့ ရင်ဆိုင်လာကြရတာကိုလည်း သိရှိနားလည် စာနာမိပါတယ်။ ဒါကြောင့် လူများများပါဝင်နိုင်သော၊ တဦးချင်းစီအတွက် ဝန်ထုပ်ဝန်ပိုး မကြီးစေဘဲ လှူဒါန်းသူတွေ အဆင်ပြေသလို ပါဝင်နိုင်စေမယ့် PRF 2.0 အစီအစဉ်သစ်ဟာ အဲ့ဒီစိန်ခေါ်မှုတွေကို ဖြေရှင်းပေးနိုင်ပေလိမ့်မယ်လို့ ယုံကြည်မိပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်သားများကို ထောက်ပို့နိုင်ဖို့ PRF 2.0 မှာ ပါဝင်ကြပါစို့။

ထောက်ပို့တပ်သား တာဝန်ထမ်းဆောင်လိုပါက -

 fb.me/prf4pdf

m.me/prf4pdf

Telegram မှ ဆက်သွယ်ရန် - t.me/prf4pdf

ထောက်ပို့တပ်သားတိုးပွားလေလေ အောင်ပွဲနီးလေလေ။

နွေဦးခွန်းဆင့်သံ - သင့်အား အမိနိုင်ငံတော်မှ ထောက်ပို့တပ်သားအဖြစ်အလိုရှိသည်။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024