ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပါအဝင် မြို့ကြီး အများစုအတွက် ထုတ်ပြန်ထားတဲ့ စက်သုံးဆီရည်ညွှန်းဈေးတွေ အနည်းငယ်ကျဆင်းလာပါတယ်။
နေပြည်တော်ရှိ စက်သုံးဆီဆိုင်ကြီးတွေမှာ စက်သုံးဆီဈေးတွေဟာ အခုအောက်တိုဘာလ ဆန်းပိုင်းလောက်က 92 တစ်လီတာကို ၂၂၀၀ ကျပ်ဝန်းကျင်၊ 95 တစ်လီတာကို ၂၃၀၀ ကျပ်ဝန်းကျင်အထိ ရှိခဲ့ပေမဲ့ အောက်တိုဘာ ၁၂ ရက် အရောက်မှာတော့ 92 တစ်လီတာကို ၂၀၂၀ ကျပ်နဲ့ 95 တစ်လီတာကို ၂၁၂၅ ကျပ်နှုန်းနဲ့ ကျဆင်းလာခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ အာဏာမသိမ်းခင် ၂၀၂၀ နှစ်ကုန်ပိုင်းဈေးနဲ့ နှိုင်းယှဉ်ပါက ၄ ဆကျော် မြင့်တက်လာခဲ့တာဖြစ်ပြီး အာဏာသိမ်းပြီးခါစ ၂၀၂၁ နှစ်ကုန်ပိုင်း ၂၀၂၂ နှစ်တွေနဲ့ နှိုင်းယှဉ်ပါကလည်း တစတစ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
စက်သုံးဆီဈေးတွေ တလီတာကို ကျပ်ငွေ ၂၀၀၀ ကျော်ဝန်းကျင်နဲ့ အနည်းငယ် ကျဆင်းစ ပြုနေပေမဲ့ စက်သုံးဆီဈေးကွက်အပေါ် မူတည်နေတဲ့ အဝေးပြေးကားလက်မှတ်ခတွေ၊ ကားအငှားဝန်ဆောင်မှုဈေးနှုန်းတွေကတော့ အပြောင်းအလဲမရှိသေးပါဘူး။