Home
မြန်မာသတင်း
ရွှေစျေး ပြန်မြင့်တက်
DVB
·
October 11, 2023

မြန်မာပြည်တွင်းရွှေဈေးက တကျပ်သား ကျပ် ၃၄ သိန်းအထက်ကို ပြန်လည် မြင့်တက်လာပါတယ်။

အခုရက်ပိုင်းအတွင်း တကျပ်သားကို ကျပ် ၄၀,၀၀၀ ဝန်းကျင် ပြန်လည်မြင့်တက်သွားတာက ကမ္ဘာ့ရွှေဈေးနဲ့ ဒေါ်လာဈေး တက်လာတာကြောင့်လို့ ရန်ကုန်မြို့မှ ရွှေလုပ်ငန်းရှင်တဦးက ပြောပါတယ်။

“ရွှေဈေး ပြန်တက်လာတာက ကမ္ဘာ့ဈေး ပြန်တက်သွားတာကြောင့်လည်း ပါတာပေါ့နော်။ ကမ္ဘာ့ရွှေဈေးက အရင် ဒေါ်လာ ၁,၈၀၀ လောက်ထိကျပြီး အခု ၁,၈၆၀ လောက်ထိ ပြန်တက်သွားတာလေ။ ဒေါ်လာဈေးလည်း နည်းနည်းပြန်တက်တယ်။ အဲနှစ်ခုကြောင့် ပြည်တွင်းဈေး ပြန်တက်သွားတာ။”

ကမ္ဘာ့ရွှေဈေးက ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းပိုင်းမှာ တအောင်စကို ဒေါ်လာ ၁,၈၂၀ ‌ ဝန်းကျင်မှာပဲ ရှိခဲ့ပြီး ဒီကနေ့ အောက်တိုဘာ ၁၀ ရက်မှာတော့ တအောင်စကို ၁,၈၆၈ ဒေါ်လာထိ မြင့်တက်လာပါတယ်။

မြန်မာကျပ်ငွေနဲ့ ဒေါ်လာငွေလဲနှုန်းကလည်း တဒေါ်လာကို ကျပ် ၄,၀၀၀ အထိ စံချိန်တင် မြင့်တက်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ သီတင်းပတ်က တဒေါ်လာကို ကျပ် ၃,၃၀၀ ဝန်းကျင်ထိ ပြန်ကျဆင်းခဲ့ပါတယ်။

အခုရက်ပိုင်းအတွင်းမှာတော့ တဒေါ်လာကို ၃,၃၆၀ နဲ့ ၃,၃၇၀ ကျပ် ဝန်းကျင်ထိ ပြန်မြင့်တက်လာပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်အသင်း (YGEA) ကတော့ ရည်ညွှန်းရွှေဈေးနှုန်းကို အရင်က ဗဟိုဘဏ်သတ်မှတ်ဈေး တဒေါ်လာ ၂,၁၀၀ ကျပ်နှုန်းနဲ့ တွက်ချက်ပြီး ပုံမှန် သတ်မှတ်ထုတ်ပြန်ပေးနေရာကနေ အောက်တိုဘာ ၇ ရက်ကစပြီး ဗဟိုဘဏ် လေလံဈေးနှုန်း ကျပ် ၂,၉၀၀ ကျော်နှုန်းနဲ့ ပြောင်းလဲ တွက်ချက် ထုတ်ပြန်လာပါတယ်။

အဲဒီလို အသင်းရဲ့ ရည်ညွှန်းဈေး တိုးမြှင့်ထုတ်ပြန်မှုက ဈေးကွက်ထဲ အမှန်တကယ် အရောင်းအဝယ်လုပ်နေတဲ့ ပြည်တွင်းရွှေဈေးအပေါ် သက်ရောက်မှုမရှိဘူးလို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။

“အရင်တုန်းကလည်း အသင်းက ဈေးတွေ တင်နေတာပါပဲ။ အခု‌ စျေးပြောင်းပြီး တင်လည်း ဈေးကွက်အပေါ် ဘာမှ သက်ရောက်မှုမရှိပါဘူး” လို့ ရွှေဆိုင်လုပ်ငန်းရှင်တဦးက ပြောပါတယ်။

ဒီကနေ့ YGEA ရဲ့ ရည်ညွှန်းဈေးက ၂,၉၂၁,၀၀၀ ကျပ်ဖြစ်ပြီး အမှန်တကယ် ပြင်ပဈေးကွက် ပေါက်ဈေးက အကယ်ဒမီ မီးလင်းအခေါက်ရွှေ တကျပ်သားကို ၃,၄၃၀,၀၀၀ ကျပ်ဝန်းကျင် ရှိနေတယ်လို့ သိရပါတယ်။

မြန်မာပြည်တွင်းရွှေဈေးက ကျပ် ၃၉ သိန်းထိ စံချိန်တင် မြင့်တက်ခဲ့ပြီးနောက် လက်ရှိမှာတော့ ကျပ် ၃၄ သိန်းဝန်းကျင်မှာ အတက်အကျ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024