Home
နိုင်ငံတကာ
အစ္စရေးတပ်ဖွဲ့များ မြေပြင်ထိုးစစ်ပြင်၊ အမေရိကန်က အစ္စရေးကို ခဲယမ်းမီးကျောက်များ ပေးပို့
DVB
·
October 11, 2023

အစ္စရေးတပ်ဖွဲ့တွေဟာ မြေပြင်ထိုးစစ်အတွက် ပြင်ဆင်နေကြပြီလို့ အစ္စရေး ကာကွယ်ရေးဝန်ကြီး ယိုအာ့ဗ် ဂါလန့်ထ်က အောက်တိုဘာ ၁၀ ရက်မှာ ပြောကြားခဲ့ပါတယ်။

“လေကြောင်းကနေ ထိုးစစ်စတင်ခဲ့ပြီး နောက်ပိုင်းမှာ မြေပြင်ကနေ ထွက်လာမယ်။ ၂ ရက်မြောက်ကတည်းက နယ်မြေကို ထိန်းချုပ်ပြီး ထိုးစစ်ဆင်နေတယ်။ ပိုပြီးပြင်းထန်လာမယ်” လို့ ဂါဇာ ခြံစည်းရိုးအနီးနားမှာ စစ်သားတွေနဲ့ စကားပြောနေတဲ့ အစ္စရေး ကာကွယ်ရေးဝန်ကြီး ယိုအာ့ဗ် ဂါလန့်ထ်က ‌ပြောပါတယ်။

နယ်စပ်မှာလည်း ဂယ်ပေါက်တွေကိုပါ ကြည့်မြင်နိုင်တဲ့ သံတံတိုင်းတခုနဲ့ ခိုင်မာတဲ့ ကာကွယ်ရေးကို ဖန်တီးထားပြီး သံချပ်ကာနဲ့ အထူးအဖွဲ့တွေ၊ မြေပြင်နဲ့ ဝေဟင်ဆိုင်ရာ နည်းလမ်းတွေလည်း ပါဝင်တယ်လို့ အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဒန်နီယယ် ဟာဂါရီက ပြောဆိုပါတယ်။

အစ္စရေးနိုင်ငံသားတွေရဲ့ လုံခြုံရေး၊ ဘေးကင်းရေးနဲ့ ကျန်းမာရေးတွေအတွက် ရိုင်းစိုင်းရက်စက်တဲ့ လူ့ဘီလူး ဟားမတ်စ်နဲ့ အစ္စလာမ္မစ် ဂျီဟတ်တွေအပေါ်မှာ အပြည့်အဝတာဝန်ရှိတယ်လို့ အစ္စရေးသမ္မတ အိုင်ဆက် ဟဲဇော့က ပြောကြားပါတယ်။

ပြန်ပေးဆွဲခံရသူတွေနဲ့ ပတ်သက်ပြီး ဆံပင်တမျှင်တောင် မထိခိုက်စေသင့်ဘဲ ခြွင်းချက်မရှိ လွှတ်ပေးရမယ်လို့လည်း ပြောပါတယ်။

အမေရိကန်အစိုးရက တင်ပို့လိုက်တဲ့ ခဲယမ်းမီးကျောက်တွေလည်း အောက်တိုဘာ ၁၁ ရက်မှာ အစ္စရေးနိုင်ငံဆီ ရောက်လာပြီလို့ အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ဝန်ကြီးဌာနက ဖြန့်ဝေထားတဲ့ ဗီဒီယိုနဲ့ ဓာတ်ပုံတွေထဲမှာ လေယာဉ်ပေါ်မှာ ကုန်ပစ္စည်းတွေ တင်ဆောင်ထားတာကို ပြထားပါတယ်။

အစ္စရေးက ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမတ်စ်ရဲ့ တိုက်ခိုက်မှုကို မြေပြင်ထိုးစစ်နဲ့ အရှိန်မြှင့် တုံ့ပြန်မယ်လို့ ကတိပြုပြီးတဲ့နောက် အမေရိကန်ကနေ လက်နက်တွေ တိုက်ရိုက် ပို့ဆောင်တာ သေချာစေရေးအတွက် အဆင့်မြင့်လက်နက်တွေကို ပို့လိုက်တာဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အစ္စရေးကို ထောက်ခံကြောင်း ကတိပြုရင်း အခြေအနေအပေါ် အခွင့်ကောင်းယူဖို့ ကြိုးပမ်းသူတိုင်းအတွက် သတိပေးချက်ကို အောက်တိုဘာ ၁၀ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

ဂါဇာကမ်းမြောင်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး အစ္စရေးစစ်တပ်က အစ္စရေးသမိုင်းမှာ အကြီးမားဆုံး စစ်ရေးပြင်ဆင်မှုအပြီးမှာ ထိုးစစ်ဆင်မယ်လို့ ပြောခဲ့ပါတယ်။

ဂါဇာမြောက်ပိုင်း၊ အက်ရှ်ခဲ့လွန်မြို့နားမှာလည်း တင့်ကားတွေနဲ့ စစ်သုံးယာဉ်တွေ စုပြုံနေပါတယ်။ နှစ်ရက်အတွင်း ကြိုတင်စာရင်းပေးသူ အရန်စစ်အင်အား သုံးသိန်းကို စပြီးသုံးနိုင်ပြီလို့ အစ္စရေး စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး ဒယ်နီရယ် ဟာဂါရီက ပြောပါတယ်။

ပါလက်စတိုင်း ၂ ဒသမ ၃ သန်း နေထိုင်ရာ ဂါဇာကမ်း‌မြောင်ကို ထိန်းချုပ်ထားတဲ့ ဟားမတ်စ်တွေကို တိုက်ခိုက်ဖို့ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုရဲ့  ရွေးချယ်မှုတွေကြောင့် ဟားမတ်စ်တွေ စီးနင်း ပြန်ပေးဆွဲခံခဲ့ရတဲ့ အစ္စရေးပြည်သူတွေအတွက် စိုးရိမ်စရာ ဖြစ်လာပါတယ်။

အစ္စရေးနိုင်ငံကို စနေနေ့က တိုက်ခိုက်မှုအတွင်း သေဆုံးသူ ၁,၂၀၀ ကျော်ရှိခဲ့ပြီး လူ ၂,၇၀၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ ပြန်ပေးဆွဲ ခေါ်ယူခံရသူတွေ အများအပြားလည်း ပျောက်နေဆဲပါ။

အစ္စရေးနိုင်ငံသားတွေနဲ့ နိုင်ငံခြားသားတချို့ကို ဓားစာခံအဖြစ် ဂါဇာကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး တချို့လည်း လမ်းတွေတလျှောက် တန်းစီလိုက်ပါသွားပါတယ်။

အစ္စရေးက ၃၈ နှစ်ကြာ သိမ်းပိုက်ထားပြီးနောက် ၂၀၀၅ ခုနှစ်မှာ နယ်မြေရုပ်သိမ်းခဲ့တဲ့ ဂါဇာကမ်းမြောင်ကို ဟားမတ်စ်တွေက ၂၀၀၇ ခုနှစ်မှာ အာဏာသိမ်းပြီး ပိတ်ဆို့တားဆီးမှုတွေ ပြုလုပ်ခဲ့တာပါ။

၇၅ နှစ်ကြာ ပဋိပက္ခတွေအတွင်း အဆိုးရွားဆုံး သွေးထွက်သံယို လုပ်ရပ်တွေကို လုပ်ဆောင်ခဲ့တဲ့ ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်မှုအတွက် အစ္စရေးက လက်စားချေတဲ့အနေနဲ့ အင်္ဂါနေ့က အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ ဂါဇာကမ်းမြောင်ဒေသတခုလုံးကို ဖြိုခွင်းခဲ့ပြီး သေဆုံးသူ ပါလက်စတိုင်းတွေရဲ့ အလောင်းတွေ ရေခဲတိုက်ထဲမှာ ပြည့်ကျပ်နေပါတယ်။

ဟားမတ်စ်တွေ အုပ်ချုပ်တဲ့ နယ်မြေကို အစ္စရေးရဲ့ လက်တုံ့ပြန် လေကြောင်းတိုက်ခိုက်မှုကြောင့် အင်္ဂါနေ့အထိ အနည်းဆုံး လူ ၉၀၀ သေဆုံးပြီး ၄,၂၅၀ ဒဏ်ရာရခဲ့ကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

Source/Photo-Photo

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024