Home
မေးမြန်းခန်း
“ကိုယ့်ရဲ့ပြည်သူလူထု အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတာကိုတော့ ကျနော်တို့ဦးနှောက်ထဲ နှလုံးသားထဲမှာ သမိုင်းမှတ်တမ်းတင်ထားပါတယ်” - ဗိုလ်မှူးကြီးနော်ဘူ
DVB
·
October 10, 2023

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO\KIA) ဌာနချုပ်လိုက်ဇာနားက မုန်လိုင်ခက်ရွာ စစ်ရှောင်စခန်းကို အောက်တိုဘာ ၉ ရက် ည ၁၁ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုဟာ KIO\KIA ကို ခြိမ်းခြောက်တာဖြစ်ပြီး ဒီလိုသတ်ဖြတ်တာတွေက စစ်ကောင်စီတပ်ရဲ့ “စစ်ရေးယဉ်ကျေးမှု”လို ဖြစ်နေပြီလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောလိုက်ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် စစ်ရှောင်ပြည်သူ ၃၀ ဝန်းကျင် သေဆုံးခဲ့ပြီး ၆၀ နီးပါး ထိခိုက်ဒဏ်ရာရလို့ (စိုးရိမ်ရသူတွေ အပါအဝင်) ဆေးကုသနေရတာလည်း ဖြစ်ပါတယ်။

ဒီတိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO\KIA) ပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး - လိုင်ဇာနားမှာရှိတဲ့ မုန်လိုင်ခက်ရွာ စစ်ရှောင်စခန်းက ဗုံးကြဲခံရတာလား၊ လက်နက်ကြီး ပစ်ခတ်ခံရတာပါလား။

ဖြေ - “ဟုတ်ကဲ့ပါ။ မနေ့က ညပေါ့နော်။ ၁၁ နာရီခွဲအချိန်ပေါ့။ အဲဒီအချိန်မှာ ကျနော်တို့ လိုင်ဇာရဲ့ ရပ်ကွက်သစ်ဖြစ်ပါတယ်။ မုန်လိုင်ခက် စစ်ရှောင်စခန်း ပြည်သူလူထုဆီကို စကစ ကနေပစ်တဲ့ ဗုံးကြဲတာပေါ့။ ဗုံးကြဲလို့ ကျနော်တို့ စစ်ရှောင်ပြည်သူလူထုတွေ တော်တော်များများ သေကျေတာတွေ၊ ထိခိုက်တာတွေ၊ ဒဏ်ရာရတာတွေ ကြုံခဲ့ရပါတယ်။”

မေး - လူဦးရေအားဖြင့် ဘယ်လောက်ထိ ထိခိုက်၊ သေဆုံးမှုတွေ ရှိခဲ့တယ်ဆိုတာကိုရော သိရပါပြီလား။

ဖြေ - “အခုထိ အကြမ်းဖျင်းသိသလောက်တော့ သေတာတော့ ၂၉ ဦးပေါ့နော်။ ကျနော်တို့ အလောင်းတွေ့တာ ၂၉ ဦးရှိပါတယ်။ နောက်ဒဏ်ရာရတာကတော့ ၅၆ ဦးရှိပါတယ်။”

မေး - သေဆုံး၊ ဒဏ်ရာရတဲ့သူတွေအတွက် ဘယ်လိုဆောင်ရွက်နေပါလဲဗျ။

ဖြေ - “ဒဏ်ရာရတဲ့သူတွေကိုတော့ ကျနော်တို့ ဆေးကုသမှု ပေးနေပါတယ်။ လိုင်ဇာဆေးရုံမှာပေါ့နော်။ ဆေးကုသမှု ပေးနေပါတယ်။ နောက် သေဆုံးတဲ့ပြည်သူလူထုရဲ့ ဈာပနတွေကိုတော့ ဒီနေ့ သင်္ဂြိုဟ်ဖို့ စီစဉ်နေပါတယ်။ မြေမြှုပ်သင်္ဂြိုဟ်ဖို့ စီစဉ်ထားပါတယ်။”

မေး - စစ်တပ်က အခုလိုမျိုး ဘာကြောင့် အရပ်သားပစ်မှတ်ဖြစ်တဲ့ စစ်ရှောင်စခန်းကို တိုက်ခိုက်ရတာပါလဲ။ ဒါနဲ့ပတ်သက်လို့ အမြင်ကိုသိချင်ပါတယ်။

ဖြေ - “ဟုတ်ကဲ့ပါ။ စစ်ကောင်စီကတော့ ကိုယ့်ရဲ့ရန်သူ မပစ်ဘဲနဲ့ ပြည်သူလူထုကိုပဲ ပစ်မှတ်ထားပြီးမှပစ်တာ သူ့ရဲ့ စစ်ရေးယဉ်ကျေးမှုတခုလို ဖြစ်နေပြီ။ ဒါ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ပြည်သူလူထုကို စစ်အာဏာရှင်စနစ်နဲ့ ရက်စက်တာတွေ၊ သတ်ဖြတ်တာတွေ အမြဲတမ်းလုပ်နေတာ သူတို့ရဲ့ ယဉ်ကျေးမှုတခုလို ဖြစ်ပါတယ်။ စစ်ရာဇဝတ်မှုမြောက်တဲ့ သူတို့ရဲ့လုပ်ရပ်တွေ ဖြစ်ပါတယ်။”

“အခု ကျနော်တို့ ကြုံနေရတာကလည်း လိုင်ဇာဌာနချုပ် အနီးအနားမှာပေါ့။ သူတို့ အခုလိုမျိုးလုပ်တာက KIO ကို ခြိမ်း‌ခြောက်တဲ့ပုံစံမျိုးလည်း လုပ်နိုင်ပါတယ်။ ခင်ဗျားတို့ကိုလည်း ဒီလိုလုပ်မယ်ဆိုတဲ့ ခြိမ်းခြောက်တဲ့ပုံစံနဲ့ ပစ်တာလည်း ဖြစ်နိုင်ပါတယ်။ နောက်တခုရှိတာက ဒီအောက်တိုဘာလက KIO ရဲ့ မွေးလလည်း ဖြစ်ပါတယ်။ မနှစ်တုန်းကလည်း အနန့်ပါမှာလည်း ဒီလမှာပဲ အခုလိုမျိုး ပြည်သူလူထုတွေကို အစုလိုက်အပြုံလိုက် ကျနော်တို့ကို လေကြောင်းကနေ တိုက်ခိုက်တယ်။ အခု ဒီနှစ်လည်း ပြန်ပြီးတော့မှ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ။ ဒါက ကျနော်တို့ လူမျိုးတုံးတိုက်ခိုက်မှုတခုပဲ ဖြစ်ပါတယ်။ ကျနော် အဲလိုပဲ သုံးသပ်ပါတယ်။ ခံယူပါတယ်။”

မေး - ဗုံးကြဲတိုက်ခိုက်မှုဆိုတော့ ဘာဗုံးအမျိုးစားလဲဆိုတာ သိရပါပြီလား။ ထိခိုက်မှုက ဘယ်လောက်ထိ ပြင်းထန်ပါလဲဗျ။

ဖြေ - “ဟုတ်ကဲ့။ အဲ့ဒါကတော့ တိတိကျကျတော့ ကျနော်တို့ကတော့ ပြောလို့မရဘူးပေါ့နော်။ အမျိုးအစားတွေ။ ဒါပေမဲ့ ကျနော်တို့ အဲဒီကို စစ်ဆေးဖို့ အဖွဲ့ငယ်တဖွဲ့တော့ ဖွဲ့စည်းထားပါတယ်။ သူတို့ရဲ့ ရှာဖွေတွေ့ရှိတဲ့ အဖြေတွေကတော့ အခုထိ မတွေ့သေးဘူးဗျ။”

မေး - စစ်ဆေးချက်တွေရလာရင် ဘယ်လိုတုံ့ပြန်မှုတွေ ဆောင်ရွက်ဖို့ရော ရှိမလဲဗျ။

ဖြေ - “အဲဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ဘယ်လိုတုံ့ပြန်မယ်ဆိုတာ အတိအကျတော့ အခုတော့ ပြောလို့မရဘူး။ ဒါပေမဲ့ ကျနော်တို့ရဲ့ ဒီတော်လှန်ရေးလမ်းစဉ်ကိုတော့ မစွန့်လွှတ်ဘူးပေါ့နော်။ အခုလိုမျိုး ကိုယ့်ရဲ့ပြည်သူလူထု အစုလိုက် အပြုံလိုက် သတ်ဖြတ်တာကိုတော့ ကျနော်တို့ ဦးနှောက်ထဲ နှလုံးသားထဲမှာ သမိုင်းမှတ်တမ်း တင်ထားပါတယ်။ ဒါကြောင့် ကျနော်တို့ တော်လှန်ရေးဖြစ်စဉ်တွေကို ရှေ့ဆက်ဖို့ပဲ ဖြစ်ပါတယ်။ တော်လှန်ရေးပန်းတိုင်တွေ မြင်နိုင်တဲ့ ဆွတ်ခူးနိုင်တဲ့အထိ ဆက်လုပ်ဖို့တော့ ရှိပါတယ်ခင်ဗျ။”

စိုးသူအောင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024