ချီလီနိုင်ငံမြို့တော် ဆန်တီယာဂိုမှာ အောက်တိုဘာ ၉ ရက်က ဆင်နွှဲခဲ့တဲ့ ဒေသခံ တိုင်းရင်းသား ချီတက်ပွဲအတွင်း ဆန္ဒပြသူတွေနဲ့ ရဲတွေအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေကို ပစ္စည်းတွေနဲ့ ပစ်ပေါက်ကြတဲ့ ဆန္ဒပြသူတွေကို ကာရာဘီနဲရိုး နယ်ခြားစောင့်တပ်က ရဲတပ်ဖွဲ့ဝင်တွေကလည်း မီးသတ်ပိုက်တွေ သုံးပြီး လူစုခွဲကာ မျက်ရည်ယိုဗုံးတွေနဲ့လည်း ပစ်ခတ်ခဲ့ပါတယ်။
မာပုချေ ဆန္ဒပြတိုင်းရင်းသားတွေဟာ သူတို့နယ်မြေကနေ ရေအားလျှပ်စစ်စီမံကိန်းတွေ၊ သတ္တုတူးဖော်ရေး စီမံကိန်းတွေ၊ ငါးဖမ်းစီမံကိန်းတွေနဲ့ တခြား သေကျေပျက်စီးစေတဲ့ စီမံကိန်းတွေကို ဆုတ်ခွာသွားဖို့ တောင်းဆိုခဲ့ကြတာပါ။
ဒီစီမံကိန်းတွေ ရှင်းလင်းဖယ်ထုတ်ရေးအတွက် သူတို့မျိုးနွယ် မိသားစုတွေ၊ မျိုးရိုးစဉ်ဆက်၊ သူတို့လူမျိုးနဲ့ တိုက်ခိုက်ရေးသမားတွေ အားလုံး စည်းလုံးပေးကြဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။
လူဦးရေ ၁ ဒသမ ၇ သန်းလောက်ရှိတဲ့ မာပုချေ တိုင်းရင်းသားတွေဟာ ချီလီနိုင်ငံရဲ့ မြို့တော် ဆန်တီယာဂိုရဲ့ တောင်ဘက် မိုင် ၄၀၀ အကွာရှိ နှင်းဖုံးမီးတောင်တွေ၊ သစ်တောဇုန်တွေ ထူထူထပ်ထပ်ရှိတဲ့ အရောက်ကာနီယာပြည်နယ်မှာ နေထိုင်ကြတာပါ။ အဲဒီဒေသဟာ ဆင်းရဲမွဲတေမှုနှုန်းလည်း မြင့်မားပါတယ်။
ဒေသခံ တိုင်းရင်းသား တက်ကြွလှုပ်ရှားသူတွေဟာ စိုက်ပျိုးရေး၊ သစ်တောနဲ့ တခြားစက်မှုလုပ်ငန်းတွေကြောင့် သူတို့ရဲ့မြေယာတွေ ပိုမိုခြိမ်းခြောက်ခံနေရတယ်လို့ ပြောထားပြီး သူတို့ရဲ့ သမိုင်းဆိုင်ရာ အခွင့်အရေးတွေကို ထိန်းသိမ်းပေးဖို့ ပျက်ကွက်ခဲ့တဲ့အတွက် နိုင်ငံတော်ကို အပြစ်တင်ထားပါတယ်။
Source/Photo-Reuters