အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟု က "အပြင်းအထန် လက်စားချေမယ်" လို့ ကတိ ပြုထားတဲ့အတိုင်း အောက်တိုဘာ ၉ ရက်အစောပိုင်းမှာ ဂါဇာကမ်းမြောင်ဒေသကို လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်ခဲ့ပါတယ်။
ဒါဟာ အစ္စရေးနိုင်ငံရဲ့ သမိုင်းတလျှောက် သွေးထွက်သံယိုဖြစ်မှု အများဆုံး တိုက်ခိုက်မှုတွေထဲက တခုကို လက်တုံ့ပြန်နေတာ ဖြစ်ပါတယ်။
ဒီစစ်ပွဲအတွင်း ဟားမက်စ် အစ္စလာမ္မစ်အဖွဲ့ရဲ့ တိုက်ခိုက်ရေးသမားတွေက အစ္စရေး ၇၀၀ ကျော်ကို သတ်ဖြတ်ခဲ့တဲ့အပြင် ဒါဇင်ပေါင်းများစွာကိုပါ ဖမ်းဆီးခေါ်ဆောင် သွားတယ်လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ တုန်းက ယွန်မ်ကီပေါ်ဘာသာရေးနေ့မှာ ဆီးရီးယားနဲ့ အီဂျစ်နိုင်ငံတို့ရဲ့ ဝင်ရောက်တိုက်ခိုက်မှုနောက်ပိုင်း အစ္စရေးပိုင်နက်အတွင်း အသေအပျောက် အများဆုံး ကျူးကျော်မှု တခု ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
အောက်တိုဘာလ ၇ ရက်မှာ အစ္စရေးမြို့ငယ်တွေကို ဟားမက်စ်အဖွဲ့က လျှပ်တပြက် စိမ့်ဝင်ပြီး တပြိုင်နက် တိုက်ခိုက်ခဲ့တာပါ။
အစ္စရေးဘက်က တရားဝင်အရေအတွက် ထုတ်ပြန်မှု မရှိသေးမဲ့ သတင်းမီဒီယာတွေမှာတော့ ပြီးခဲ့တဲ့ စနေနေ့ ဖြစ်ရပ်အတွင်း ကလေးငယ်တွေ အပါအဝင် အနည်းဆုံးလူ ၇၀၀ အထိ သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါကြောင့် အစ္စရေးနိုင်ငံရဲ့ လက်တုံ့ပြန်မှုအဖြစ် အောက်တိုဘာ ၈ ရက်မှာ ဂါဇာဒေသအပေါ် လေကြောင်းမှတဆင့် တိုက်ခိုက်ခဲ့ရာ ကလေးငယ် အယောက် ၂၀ နဲ့အတူ လူပေါင်း ၄၀၀ကျော် အထိ သေဆုံးခဲ့ရပါတယ်။
လက်ရှိအချိန်အထိ အစ္စရေးနိုင်ငံနဲ့ ဟားမက်စ်အဖွဲ့ကြား တိုက်ပွဲတွေမှာ လူပေါင်း ၁၁၀၀ ကျော် သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။
အချိန်ကာလ ကြာမယ့် တိုက်ပွဲအတွက် အစ္စရေးစစ်တပ်က အဆင်သင့်ပဲလို့ အစ္စရေးစစ်တပ် အကြီးအကဲ ဒုဗိုလ်ချုပ်ကြီး ဟေဇီ ဟာလက်ဗီက အောက်တိုဘာ ၉ ရက်မှာ ပြောလိုက်ပါတယ်။
လောလောဆယ်မှာ အစ္စရေးအစိုးရနဲ့ အစ္စရေးကာကွယ်ရေးတပ် IDF တို့ဟာ ဟားမတ်စ် စစ်သွေးကြွတွေရဲ့ ရက်စက် ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုကို တုံ့ပြန်နေဆဲပါ။
ဂါဇာကမ်းမြောင်က အရပ်သားတွေရဲ့ ကိုယ်ပိုင်အိမ်တွေထဲအထိ အကြမ်းဖက်သမားတွေ ဝင်ရောက်ကျူးကျော်ပြီး အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေ အသတ်ဖြတ် ခံရတာဟာ လူသတ်ဖို့ အပန်းမကြီးတဲ့ အကြမ်းဖက်ဝါဒပါ။
“ဒါကြောင့် ပါဝင်ခဲ့သူ ဘယ်သူကိုမဆို အမီ လိုက်ရှာပြီး တိုက်ခိုက်နေပါတယ်။ ဒီနည်းအတိုင်း ဆက်လုပ်သွားမယ်”လို့ သူက ပြောပါတယ်။
“အရေးကြီးတာက ကျနော်တို့ အခု အကူအညီနဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ အာရုံစိုက်နေပါတယ်။ ကျနော်တို့ရဲ့ အရပ်သားတွေ၊ လုံခြုံရေးတပ်ဖွဲ့တွေ၊ စစ်သားတွေ သေကျေဏ်ရာရပြီး တချို့က ရန်သူလက်ထဲမှာ ရှိနေတယ်။ အခုအချိန်ဟာ စစ်ဆင်ရေးအတွက်မဟုတ်ဘဲ စစ်ပွဲအတွက်အချိန်ပါ။ ဒီစစ်ပွဲအတွင်း IDF က အင်နဲ့အားနဲ့ လှုပ်ရှားမှာ ဖြစ်ပြီး လိုအပ်တဲ့ပန်းတိုင်တွေဆီ အရောက် လှမ်းနိုင်မှာပါ။ ရှုပ်ထွေးတဲ့ တိုက်ပွဲတွေ ရှည်လျားတဲ့ ရက်တွေ ရှိလာလိမ့်မယ်လို့ မျှော်လင့်တယ်” လို့လည်း သူက ဆက်ပြောပါတယ်။
အစ္စရေးက ဂါဇာကို ဆက်တိုက် တိုက်ခိုက်နေပြီး ဟားမတ်စ်တိုက်ခိုက်ရေးသမားတွေနဲ့ အစ္စရေး စစ်သားတွေကြား တိုက်ပွဲတွေ ဆက်ဖြစ်နေတာကြောင့် သေဆုံးသူဦးရေဟာ အောက်တိုဘာ ၉ ရက် ညပိုင်းမှာ အယောက် ၁၃၀၀ ကျော် သွားပါပြီ။
ပါလက်စတိုင်း ၅၁၀ ဦးထက်မနည်း သေဆုံးပြီး ၂၇၅၁ ဦး ဒဏ်ရာရထားတယ်လို့ ဂါဇာ ကမ်းမြောင်ဒေသကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
အစ္စရေးမှာ သေဆုံးသူ ဦးရေ ၈၀၀ ကျော် ရှိပြီး တခြားလူ ၂၂၀၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ အစ္စရေးက ပြောပါတယ်။
ဟားမတ်စ်တို့ စီမံခန့်ခွဲနေတဲ့ ဂါဇာကမ်းမြောင်နယ်မြေကို လုံးလုံးလျားလျား သိမ်းပိုက်မှု တစိတ်တပိုင်းအဖြစ် လျှပ်စစ်ဓာတ်အား ဖြတ်တောက်တာ၊ အစားအစာနဲ့ လောင်စာ ဆီ အထောက်အပံ့တွေ ပိတ်ဆို့တာတွေ လုပ်ရင်း အစ္စရေးအာဏာပိုင်တွေက ဂါဇာကမ်းမြောင်ကို အလုံးစုံပိတ်ဆို့ ထားမယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအပ်ဗ် ဂက်လန့်ထ်က တနင်္လာနေ့မှာ ပြောပါတယ်။
အစ္စရေးမှာ အဲရက်ဇ်လို့ လူသိများတဲ့ ဘိတ်ထ်ဟာနွန်းမြို့ရဲ့ နေရာ အမြောက်အမြားကို လေကြောင်း တိုက်ခိုက်မှုအပါအဝင် ဂါဇာမှာရှိတဲ့ ပစ်မှတ် ၁,၀၀၀ ကျော်ကို တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
ပြင်းထန်တဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြောင်ဒေသက ပါလက်စတိုင်း ပြည်သူ ၁၂၃,၀၀၀ ကျော် အိုးအိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ကုလသမဂ္ဂက ပြောခဲ့ပါတယ်။
Source/Photo-Reuters