Home
မြန်မာသတင်း
ပဲခူးရေဘေး ကယ်ဆယ်ရန် စက်လှေများ လိုအပ်၊ ကျိုက်ထိုကားလမ်းမပေါ် ရေကျော်နေ
DVB
·
October 9, 2023

ပဲခူးတမြို့လုံး ရေမြုပ်နေတဲ့အတွက် ပိတ်မိနေတဲ့ ပြည်သူတွေကို ကယ်ဆယ်ဖို့ စက်လှေတွေ အရေးပေါ်လိုအပ်နေသလို ကျိုက်ထိုမှာလည်း ကားလမ်းမပေါ်ထိ ရေကျော်နေတဲ့အတွက် ဒေသခံတွေ နေရာရွှေ့ပြောင်းနေထိုင်နေရတယ်လို့ ကူညီကယ်ဆယ်ပေးနေသူနဲ့ မြို့ခံတွေဆီက သိရပါတယ်။

အောက်တိုဘာ ၇ ရက်ကစလို့ ၂ ရက်ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက် ပဲခူးနဲ့ မွန်ပြည်နယ် ကျိုက်ထိုမှာ ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပေါ်နေပါတယ်။ 

ပဲခူးမြို့မှာ တမြို့လုံးနီးပါး ရေလွှမ်းမိုးခံနေရတဲ့အတွက် အိမ်ထဲပိတ်မိနေသူတွေကို ကယ်ဆယ်နိုင်ဖို့ ကယ်ဆယ်ရေးစက်လှေတွေ အရေးပေါ်လိုအပ်နေတယ်လို့ အနှိုင်းမဲ့မေတ္တာ အခမဲ့ သွေးလှူအသင်း တာဝန်ခံက ပြောပါတယ်။

တာဝန်ခံ ကိုသီဟက “ဟင်္သာကုန်းဘက်ခြမ်းမပါ ကျန်တဲ့ မြို့ထဲက ရပ်ကွက်တွေ အကုန်လုံးကတော့ ရေကြီးရေလျှံတွေ ဖြစ်ပေါ်နေတယ်ပေါ့။ လောလောဆယ် ကျနော်တို့ အခက်အခဲတွေ ဖြစ်ပေါ်နေတာက ရပ်ကွက်တွေက တချို့ဆို အိမ်တွေမြုပ်ဆိုတော့ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေကို ကူညီကယ်ဆယ်ပေးနေတဲ့အချိန်မှာ ကျနော်တို့က စက်လှေတွေ လိုအပ်တယ်ပေါ့ ပုဏ္ဏားစု၊ မှော်ကန်၊ ဆိုရှယ်လစ်၊ ညောင်ဝိုင်း၊ ညောင်တောင်၊ ညောင်မြောက်၊ သွန်းဘုရား အဲဒီရပ်ကွက်တွေမှာ ရေကြီးရေလျှံဖြစ်နေတဲ့ ကလေးတွေကို ခုထိ မကယ်ဆယ်နိုင်သေးဘူး။ ကျနော်တို့ စက်လှေမရသေးတဲ့အတွက် လှေကို စောင့်နေတဲ့အတွက် ၁၈ ပေ ကုန်းတံတားအောက် ပဲခူး-ရန်ကုန်လမ်းမ တောက်လျှောက်ဆို ဘူတာကုန်းပဲလွတ်မယ်။ ရေက ရင်စို့ရောက်တယ်။ တစ်လမ်းထိပ်မှာဆိုရင် ကြိုးတွေနဲ့ ကျနော်တို့ ဆွဲပြီး ကူးနေရတယ်။ ပဲခူးမြို့ပေါ်မှာ ရပ်ကွက် ၃၂ ရပ်ကွက်ကို ၂၅ ရပ်ကွက်လောက်က ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတယ်” လို့ ပြောပါတယ်။

လက်ရှိအချိန်ထိ ရေဘေးရှောင်ကယ်ဆယ်ရေးစခန်း ၂၀ ကျော်မှာ လူဦးရေ ၆,၀၀၀ နီးပါး ပြောင်းရွှေ့နေထိုင်နေကြပြီး မြို့ရဲ့ ၇၀ ရာခိုင်နှုန်းက အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၉ ရက် မနက်ပိုင်းမှာတော့ မိုးအနည်းငယ်သာ ရွာနေ‌ပေမဲ့လည်း ရေကျသွားတာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ရေကြီးမှုကြောင့် ဖုန်းတာဝါတိုင်တွေပါ ရေမြုပ်ပြီး ဖုန်းလိုင်းတွေပါ ဆက်သွယ်လို့မရဘူးလို့ ပဲခူးမြို့ခံတယောက်က ပြောပါတယ်။

“တော်တော်များများက အစ်မတို့က မြို့ပေါ်တွေဆိုတော့ လှေက မသုံးကြဘူးလေ။ အခု ဆိုးဆိုးဝါးဝါးဖြစ်နေတဲ့နေရာက ဆိုရှယ်လစ်ဘက်ပေါ့။ ပဲခူးက လုံးဝကို‌ ရေလွှမ်းတဲ့နေရာကို ဖြစ်သွားပြီး ပဲခူးက ရေမကြီးတဲ့နေရာဆိုလို့ ဟင်္သာကုန်းရယ် ၂ နေရာလောက်ပဲ၊ အလွန်ဆုံး ၃ နေရာလောက်ပဲ၊ မရှိတော့ဘူး၊ အကုန်လုံးရေလွှမ်းနေပြီ။ တော်တော်များတာနဲ့ နည်းနည်းများတာနဲ့ပဲ ကွာတော့တယ်။ အကုန်လုံးက ရေချည်းပဲဖြစ်နေပြီ။ မြို့လယ်ကောင် အမှတ် ၃ ကျောင်းရှေ့လောက်မှာကို ရေက ခါးလောက်ရောက်နေပြီဆိုတော့ တော်တော့်ကိုဆိုးနေပြီ။ MPT ဆို လုံးဝမရတော့ဘူး။ တယ်လီနောက ရတဲ့နေရာရတယ်၊ မရတဲ့နေရာ မရတော့ဘူး၊ အာ့လိုဖြစ်နေတယ်။”

ကျိုက်ထိုမြို့မှာလည်း မိုးသည်းထန်စွာရွာသွန်းခဲ့တဲ့အတွက် ကျိုက်ထီးရိုးတောင်ကျရေကြောင့် ကဒတ်ချောင်း ရေလျှံနေပြီး ဒေသခံ ၁,၀၀၀ နီးပါး ရေဘေးကူညီရေးစခန်းတွေမှာ ရွှေ့ပြောင်းနေထိုင်ကြရတယ်လို့ ကျိုက်ထိုမြို့ခံတွေက ပြောပါတယ်။

မြို့ခံတဦးက “လူတွေကတော့ အကုန်လုံး ကယ်ဆယ်ရေးစခန်းတွေ ရောက်နေတယ်။ အိမ်တွေချည်းပဲ ကျန်ခဲ့တယ်။ ရေက တော်တော်ကြီးနေတာ။ ကားလမ်းဘေးတွေဆိုရင် ခါးလောက်ရှိနေပြီ။ ရပ်ကွက်က လှူတာတွေရယ် တချို့ လာလှူတာတွေရယ်တော့ ရှိတာပေါ့။ လောလောဆယ် ပြန်ကျဖို့တော့မရှိဘူး။ ကျနော်တို့ခန့်မှန်းချက်က နောက် ၃ ရက်လောက်ထိ မလျော့သေးဘူးဗျ” လို့ ပြောပါတယ်။

ကျိုက်ထိုမြို့ပေါ်က စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံတွေမှာ ရေဘေးကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ထားပြီး ပြည်သူ ၁,၀၀၀ ကျော် ရွှေ့ပြောင်းနေထိုင်နေကြရပါတယ်။

ရန်ကုန်-မုတ္တမ ကားလမ်းမတွေပေါ်ကိုပါ ရေကျော်နေတယ်လို့လည်း ကျိုက်ထို လူမှုကူညီရေးအသင်း တာဝန်ရှိသူတယောက်က ပြောပါတယ်။

“ရေကြီးတာကတော့ အေးရိပ်ငြိမ်တို့ ဇေယျာမွန်တိုးချဲ့တို့ မြောက်ပိုင်းတိုးချဲ့တို့ အဲနေရာတွေတော့ ရေကြီးနေတာပေါ့။ မိုးကြီးတော့ အာ့နေရာတွေ ရေလျှံတက်လာတာ။ ကားလမ်းမတွေပါ ကျော်တက်ပြီးတော့ စာသင်ကျောင်းတွေပါ တက်လာတာ။ အာ့နားမှာ ကျောင်းတွေရှိတယ်လေ။ မြို့နယ်အဖွဲ့တွေ သူ့တို့ဘာသာ စီမံချက်တွေဘာတွေချပြီးတော့ လိုက်လုပ်နေတာတော့ရှိတယ်။ မနေ့ကနဲ့စာရင်တော့ အာ့ရပ်ကွက်တွေနေရာမှာ ရေက နည်းနည်းတော့ လျော့သွားပါပြီ။ မနေ့ကဆိုရင် ရန်ကုန်-မုတ္တမလမ်းတွေ ရေကျော်နေတယ်။ ရေ ဒူးခေါင်းလောက် ကျော်နေတယ်၊ အခု ရေကျော်နေတာတွေ‌တော့ လျော့ဆင်းသွားပြီ။”

ကျိုက်ထိုမြို့မှာ နှစ်စဉ် မိုးရာသီတိုင်း ရေကြီးရေလျှံမှု ဖြစ်လေ့ရှိပြီး အခုအကြိမ် ရေကြီးမှုက အဆိုးရွားဆုံးဖြစ်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။

စစ်ကောင်စီရဲ့ မိုးဇလကတော့ အခုရွာသွန်းတဲ့မိုးက လွန်ခဲ့တဲ့ ၅၉ နှစ်အတွင်း စံချိန်တင် မိုးရေချိန်ဖြစ်ပြီး ပဲခူးမြစ်‌ရေက စိုးရိမ်ရေမှတ် ၂ ပေခွဲကျော်ကနေ ဆက်လက်တိုးလာဖို့ ရှိတဲ့အတွက် အနိမ့်ပိုင်းနေထိုင်သူတွေကို နေရာပြောင်းရွှေ့ဖို့ နှိုးဆော်ထားပါတယ်။

အောက်တိုဘာ ၉ ရက် နေ့လယ်ထုတ်ပြန်ချက်မှာတော့ လာမယ့်ရက်အတွင်း ပဲခူးတိုင်း အပါအဝင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ နေရာကွက်ကြား မိုးကြီးနိုင်ပြီး ရွာရန်ရွာနှုန်းပြည့် ဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024