Home
မြန်မာသတင်း
ဖရူဆိုတွင် စစ်တပ်လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦး သေဆုံး
DVB
·
October 9, 2023

ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းက ကျေးရွာတွေကို ဖရူဆိုမြို့ အခြေစိုက် အမှတ် ၁၄ စစ်တပ်လေ့ကျင့်ရေးစခန်းက လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အတွက် အသက် ၈ နှစ်အရွယ် ကလေးငယ် သေဆုံးခဲ့ပြီး လူနေအိမ် ၈ လုံး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အောက်တိုဘာ ၇ ရက် မွန်းလွဲ ၁ နာရီကစပြီး ညဦးပိုင်းအထိ အမှတ် ၁၄ လေ့ကျင့်ရေးစခန်းက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

ဖရူဆိုမြို့ ဒူးပရယ်ရွာဟောင်းကို လက်နက်ကြီး ၂လုံး ကျရောက်ပေါက်ကွဲခဲ့ကာ အသက် ၈ နှစ်အရွယ် ကလေးငယ်တဦး သေဆုံးပြီး နေအိမ် ၂ လုံး ပျက်စီးခဲ့ပါတယ်။

ကလေးငယ်အလောင်းကို သင်္ဂြိုဟ်ဖို့ စီစဉ်နေတုန်း လက်နက်ကြီး ထပ်မံပစ်ခတ်ခဲ့တဲ့အတွက် အလောင်းကိုထားခဲ့ရပြီး နီးစပ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။

ညနေ ၆ နာရီမှာလည်း ဒူးပရယ်ရွာဟောင်းအနီးက တခြားကျေးရွာထဲကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး လူနေအိမ် ၆ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

 ကရင်နီ လူ့အခွင့်အရေးအဖွဲ့မှ ကိုဗညားက “စစ်ပွဲနဲ့ လက်နက်ကြီးကျတဲ့နေရာက အရမ်းဝေးပါတယ်။ သေဆုံးသွားတဲ့ကလေးက စစ်ရှောင်ပါ။ မနေ့က သင်္ဂြိုဟ်ဖို့ ပြင်ဆင်ချိန် လက်နက်ကြီးထပ်ကျလို့ ရွာကလူတွေ ရှောင်လိုက်ရတယ်။ အောက်တိုဘာ ၈ ရက် နေ့လယ်ကတော့ သင်္ဂြိုဟ်လိုက်ကြပါတယ်” လို့ပြောပါတယ်။

ကရင်နီပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအကြား မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိပြီး အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်လေ့ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဖရူဆိုမြို့နယ် တောင်ဘက်တကြောရှိ ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေ နေရာယူပြီး စစ်ကြောင်းထိုးလို့ ကာကွယ်ရေးတပ်တွေနဲ့ အောက်တိုဘာလထဲမှာ မကြာခဏ ထိတွေ့တိုက်ပွဲ ဖြစ်နေတယ်လို့ ရှေ့တန်းရဲဘော်က ပြောပါတယ်။

ဖရူဆိုတောင်ဘက်တကြောက မုန်တိုင်းရွာ၊ ဒေါလျားခူရွာ၊ ဒေါတရာရွာတွေမှာ စစ်ကောင်စီတပ်တွေ တပ်စွဲနေထိုင်နေပြီး ခန်မှန်းအင်အား အယောက် ၇၀၀ ဝန်းကျင်လောက် ရှိနိုင်တယ်လို့ ပြောပါတယ်။

ရှေ့တန်းရဲဘော်က “တိုက်ပွဲက တပွဲနဲ့တပွဲတော့ မတူဘူး။ တခါတလေ နာရီဝက်၊ တခါတလေ တနာရီ။ တခါတလေ တရက်တည်း နှစ်ပွဲသုံးပွဲပေါ့။ စစ်ကောင်စီရဲ့ ဖရူဆို လမ်းကြောင်းတလျှောက်ကို ကျနော်တို့က ပိတ်တယ်၊ လိုက်ချေမှုန်းတယ်။ ခုဆိုရင်တော့ သူတို့စစ်ယာဥ်တန်းက လေ့ာဂျာသင်တန်း (အမှတ် ၁၄ တန်းမြင့်လေ့ကျင့်ရေးကျောင်း) မှာပဲ ရှိနေတယ်။ သူ့အနေနဲ့ ယာဥ်တန်းအနေနဲ့ ပို့လို့မရတော့ တခြားဘက်ကနေ စစ်ကြောင်းထိုးမယ်။ ယာဥ်တန်းကိုတိုးမယ် အဲ့လိုလုပ်နေတာ။”

ထိတွေ့တိုက်ပွဲက မကြာခဏဖြစ်နေပြီး စစ်ကောင်စီတပ်ဘက်က အထိနာရင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ၊ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်တာတွေ၊ ပွိုင့် ၈ နဲ့ ပစ်ခတ်တာတွေ၊ ဒရုန်းနဲ့ ဗုံးကြဲချတာတွေ ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။

ကရင်နီပြည်ရဲ့ အဓိက ထိတွေ့တိုက်ပွဲတွေမှာ တပ်မ ၅၅၊ တပ်မ ၆၆ နဲ့ အထိတွေ့များပြီး ထိတွေ့တိုက်ပွဲတွေအတွင်း နှစ်ဖက်အထိအခိုက်ရှိပေမဲ့ အရေအတွက် အတိအကျကိုတော့ မသိရသေးပါဘူး။

အောက်တိုဘာလ ပထမအပတ်အတွင်း ဖရူဆိုမြို့နယ်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် ပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိတာ၊ သေဆုံးတာ၊ နေအိမ်ပျက်စီးတာတွေလည်း ရှိပါတယ်။

စစ်ကောင်စီတပ်ရဲ့ ယာဥ်တန်း အစီး ၆၀ ဝန်းကျင်ကို ဖရူဆို-ဘောလခဲ ပြည်ထောင်စုလမ်းမကြီးကနေတဆင့် ဖားဆောင်းနဲ့ ​မယ်စဲ့​မြို့နယ်ဘက်ကို စစ်လက်နက်တွေ၊ ရိက္ခာတွေ ပို့ဆောင်ဖို့အတွက် စစ်ကြောင်းထိုး ပြင်ဆင်​နေတာလို့ ရဲဘော်တွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024