စပိန်နိုင်ငံ ကာတာလန်ခွဲထွက်ရေးခေါင်းဆောင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ အလားအလာကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ လူထောင်ပေါင်းများစွာက ဘာစီလိုနာမြို့မှာ အောက်တိုဘာ ၈ ရက်က ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
ခေတ္တဝန်ကြီးချုပ် ပေဒရို စန်ချက်ဇ်နဲ့ ကာတာလန်သမ္မတဟောင်း ကားလက်စ် ပွေဒီမန်တို့ကို ဆန့်ကျင်တဲ့ ဆိုင်းဘုတ်တွေ၊ စပိန်အလံတွေကို ကိုင်ဆောင်ရင်း ကာတာလန်သမဂ္ဂအဖွဲ့က စီစဉ်တဲ့ ဆန္ဒပြသူတွေဟာ ဂရာစီယာလမ်းပေါ်မှာ ချီတက်ခဲ့ကြပါတယ်။
ဇူလိုင်လ ရွေးကောက်ပွဲမှာ ဒုတိယနေရာ ရထားတဲ့ ဆန်းချက်ဇ်ဟာ လွှတ်တော်မှာ အမတ်နေရာ ၇ နေရာ သိမ်းပိုက်ထားတဲ့ ကာတာလန်ယာပါတီရဲ့ ပြည်ပရောက် ခေါင်းဆောင်ဟောင်း ကားလက်စ် ပွေဒီမန်ရဲ့ ထောက်ခံမှုကို ရရင် ဝန်ကြီးချုပ်ရာထူးကို ဆက်ပြီး ထမ်းဆောင်နိုင်မှာပါ။
ဒေသတွင်း ခွဲထွက်ရေး ကြိုးပမ်းမှုအတွက် စပိန်အစိုးရက ဖမ်းချင်နေတဲ့ ပွေဒီမန်က သူ့ထောက်ခံမှုကို လိုချင်ရင် ခွဲထွက်ရေးသမားတွေကို တရားဥပဒေအရ အရေးယူတာ ရုပ်သိမ်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။
လွတ်ငြိမ်းချမ်းသာခွင့်ဟာ ဆန်းချက်ဇ်ရဲ့ အာဏာဆက်ထိန်းထားဖို့ ရည်ရွယ်ချက်ပဲလို့ ကွန်ဆာဗေးတစ် ပြည်သူ့ပါတီခေါင်းဆောင် အယ်လ်ဘာတို နူညက်ဇ် ဖေဂျိုက ပြောခဲ့ပါတယ်။
ဖေဂျိုရဲ့ ပါတီဟာ ဇူလိုင် ၂၃ ရက်မှာ မဲအများဆုံးရခဲ့တာပါ။ တရားရုံးတွေက တရားမဝင်ဘူးလို့ ဆုံးဖြတ်ထားတဲ့ ၂၀၁၇ ကာတာလိုးနီးယား လွတ်လပ်ရေး ဆန္ဒခံယူပွဲကို ကျင်းပဖို့ စီစဉ်သူတွေအတွက် လွတ်ငြိမ်းချမ်းသာခွင့် တောင်းဆိုတာကို ဘယ်တော့မှ လက်မခံနိုင်ဘူးလို့ ဖေဂျိုက ပြောပါတယ်။
ဆန်းချက်ဇ်ဟာ လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ်တွေကို အတည်မပြုရသေးပေမဲ့ သူ့ရဲ့ ဆိုရှယ်လစ်ပါတီဟာ ကာတာလန် အကျပ်အတည်းမှာ လူမှုရေး ကွဲပြားမှုတွေကို ကုစားချင်တယ်လို့ စက်တင်ဘာလမှာ ပြောခဲ့ပါတယ်။
၂၀၂၁ ခုနှစ်မှာ ဆန်းချက်ဇ်ဟာ လွတ်လပ်ရေး ကြိုးပမ်းမှုမှာ ပါဝင်ခဲ့တဲ့ အခန်းကဏ္ဍအတွက် ဖမ်းဆီးခံထားရတဲ့ ခွဲထွက်ရေးသမား ၉ ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ဖူးပါတယ်။
Source/Photo-Reuters