Home
နိုင်ငံတကာ
ဂါဇာနှင့် အစ္စရေးတွင် အကြမ်းဖက်မှုများ ချက်ချင်းရပ်ရန် UNHCR တောင်းဆို
DVB
·
October 8, 2023

ပါလက်စတိုင်းအစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်က အစ္စရေးကို နှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံး စတင် တိုက်ခိုက်ခဲ့အပြီး ဂါဇာနဲ့ အစ္စရေးမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး UNHCR က အောက်တိုဘာ ၇ ရက်မှာ တောင်းဆို လိုက်ပါတယ်။ 

စနေနေ့က ဒုံးကျည် ရာပေါင်းများစွာနဲ့ အစ္စရေးဘက်သို့ ပစ်ခတ်ခဲ့ပြီး အစ္စရေးအရပ်သားတွေကို ဓားစာခံအဖြစ် ဖမ်းထားတဲ့ သတင်းတွေကြောင့် တုန်လှုပ်မိတယ်လို့ UNHCR ပြောရေးဆိုခွင့် ရှိသူက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“အရပ်သားတွေဟာ တိုက်ခိုက်ဖို့ ပစ်မှတ် ဘယ်တော့မှ မဖြစ်ရဘူး။ ဂါဇာကမ်းမြောင်ဒေသကို လေကြောင်း တိုက်ခိုက်မှုတွေနဲ့ တုံ့ပြန်တဲ့အခါ အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေ မဖြစ် ရအောင် ကြိုတင်သတိထားကြဖို့ အစ္စရေးကို တောင်းဆိုလိုက်ပါတယ်။ အကြမ်းဖက်မှုတွေကို ချက်ချင်း ရပ်တန့်ဖို့ ကျနော်တို့ တောင်းဆိုပြီး နောက်ထပ် သွေးထွက်သံယိုမှုတွေ မဖြစ်ရအောင် အရှိန် လျော့ကြဖို့ နှစ်ဖက်စလုံးနဲ့ ဒေသတွင်း အဓိကနိုင်ငံ တွေကို မေတ္တာရပ်ခံပါတယ်”လို့ သူက ပြောပါတယ်။

အောက်တိုဘာ ၈ ရက် မနက် ၂ နာရီအထိ စာရင်းအရ အစ္စရေးနိုင်ငံထဲက နေရာ ၂၀ မှာ အပြန်အလှန် တိုက်ပွဲတွေအတွင်း အစ္စရေး အယောက် ၂၀၀ ထက် မနည်း သေဆုံးပြီး အယောက် ၁၁၀၀ ဒဏ်ရာရခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

အစ္စရေးက လက်တုံ့ပြန်တဲ့အနေနဲ့ ဂါဇာကမ်းမြှောင်ကို လေကြောင်းတိုက်ခိုက်ခဲ့လို့ လူ ၂၃၀ ကျော် သေဆုံးပြီး အယောက် ၁၆၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ဂါဇာက ကျန်းမာရေးအရာရှိတွေက ပြောခဲ့ပါတယ်။

အစ္စရေးနိုင်ငံကို ဟားမတ်စ်တို့ရဲ့ အကြမ်းဖက် တိုက်ခိုက်မှုကို ဖြစ်နိုင်ခြေအရှိဆုံး အသုံးအနှုန်းတွေနဲ့ ဂျာမနီက ရှုတ်ချတယ်လို့ ဂျာမန် ပြည်ထဲရေးဝန်ကြီး နန်စီဖှေဇာက အောက်တိုဘာ ၈ ရက်မှာ ပြောပါတယ်။

သူရဲ့ ဇာတိပြည်နယ်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲ မဲဆွယ်ပွဲနဲ့ ဆက်စပ်ပွဲစဉ်မှာ ခုလို ပြောလိုက်တာပါ။

ဂျာမနီနိုင်ငံတစ်ဝှမ်းက ဂျူးလူမျိုးတွေနဲ့ ပတ်သက်တဲ့ နေရာတွေအတွက် လုံခြုံရေးကို လိုအပ်ရင် ချက်ချင်းတိုးမြှင့်ပေးမယ်၊  အသေးစိတ် ဆွေးနွေးဖို့ ဂျူးလူမျိုးတွေရဲ့ ဗဟိုကောင်စီနဲ့ ဆက်သွယ် ထားတယ်လို့လည်း သူက ပြောခဲ့ပါတယ်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ဟားမတ်စ်ကို အပြင်းအထန် တုံ့ပြန်ဖို့ စီစဉ်နေတယ်လို့   (IDF) ပြောရေးဆိုခွင့်ရှိသူ  ဒုတိယဗိုလ်မှူးကြီး ဂျိုနသန် ကွန်ရိကတ်စ်က ပြောပါတယ်။

စနေနေ့က ရုတ်တရက် တိုက်ခိုက်မှုတွေအတွင်း ဟားမတ်စ်တိုက်ခိုက်ရေးသမား အယောက် ၁,၀၀၀ နီးပါး ပါဝင်ခဲ့တယ်လို့ ကွန်ရိကတ်စ်က CNN သတင်းထောက် ဂျိတ်ခ် တက်ပါကို ပြောပါတယ်။

ခုချိန်ထိ တိုက်ပွဲဖြစ်နေဆဲ ဖြစ်ပြီး အိမ်တွေ၊ တည်နေရာတွေ၊ ရပ်ရွာတွေနဲ့ အခြေစိုက်စခန်းတွေကို ရှင်းလင်းနေဆဲ ဖြစ်ပါတယ်။ 

Source/Photo-Reuters 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024