ပဲခူးမြို့မှာ ၅၉ နှစ်အတွင်း မိုးအများဆုံးရွာလို့ စံချိန်သစ်တင် ရေကြီးနေသလို ကျိုက်ထိုမြို့မှာလည်း ရေကြီးလို့ လူ ၅၀၀ ကျော် ရေဘေးရှောင်နေရပါတယ်။
ပဲခူးမြို့မှာ ဒီနေ့ အောက်တိုဘာ ၈ ရက်က မိုးရေချိန် ၇ ဒသမ ၈၇ လက်မရွာပြီး ဒါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၉ နှစ်အတွင်း အများဆုံးဖြစ်တယ်လို့ မိုး ဇလ ဌာနက ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၂၂ ရက်နေ့ကတော့ ၅ ဒသမ ၇၅ လက်မရွာခဲ့ပြီး နောက်ဆုံးစံချိန်တင်ထားခဲ့တာဖြစ်ပါတယ်။
ပဲခူးမြို့မှာ မိုးစံချိန်တင်ရွာပြီး မြစ်ရေဟာလည်း စိုးရိမ်ရေမှတ်အထက်ကို ရောက်နေတာကြောင့် အနိမ့်ပိုင်းရပ်ကွက် ၁၁ ခုနဲ့ ရွာ ၆ ရွာအတွက် ယာယီ ရေဘေးရှောင်ကယ်ဆယ်ရေးစခန်း ၂၉ ခု ဖွင့်ထားရတယ်လို့ မြို့နယ်အုပ်ချုပ်ရေးရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
မြို့နယ်မီးသတ်တပ်ဖွဲ့ဝင် ကယ်ဆယ်ရေးဆောင်ရွက်နေသူတယောက်က "မိုးက မနေ့ ကတည်းက တောက်လျှောက်ရွာနေတယ်။ နောက်ပြီး မြစ်ရေကလည်း တက်လာတော့ အနိမ့်ပိုင်းရပ်ကွက်တွေမှာ အိမ်ထဲထိ ရေဝင်တာတွေရှိတယ်။ လောလောဆယ် ဘုန်းကြီးကျောင်းတွေမှာ ကယ်ဆယ်ရေးစခန်းဖွင့်ပြီး ပြောင်းရွှေ့ပေးထားပါတယ်" လို့ ပြောပါတယ်။
မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတော့ အောက်တိုဘာ ၈ ရက် မနက် ၆ ခွဲ အချိန် တိုင်းထွာချက်အရ ပဲခူးမြစ်ရေဟာ ပဲခူးမြို့ရဲ့ စိုးရိမ်ရေအမှတ်အထက်ကို (၄၀ စင်တီမီတာ) တပေခွဲလောက် ကျော်လွန် ရောက်ရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
အခုနှစ်အတွင်း ပဲခူးမြို့မှာ တတိယအကြိမ် ရေကြီးတာဖြစ်ပြီး မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနကတော့ ပဲခူးမြစ်ရေဟာ နောက်တရက်အတွင်း တပေခွဲလောက် မြင့်တက်လာနိုင်ပြီး ပဲခူးမြို့ရဲ့ စိုးရိမ်ရေအမှတ်အထက် ဆက်လက်ရှိနိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပဲခူးတိုင်းအရှေ့ပိုင်း၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၃၉ ဘောနက်ကြီးလမ်းမှာ ဒီကနေ့မနက် ၈ နာရီလောက်က ကားလမ်းရေကျော်ခဲ့တာကြောင့် ကားလေးတွေဖြတ်မရဘဲ ပိတ်မိနေခဲ့ပါတယ်။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ရပ်ကွက်တချို့မှာလည်း မိုးရွာပြီး တောင်ကျရေ ဆင်းလာလို့ ဒီနေ့ ရေကြီးရေလျှံဖြစ်နေပြီး ကော့စနိုင်ရပ်ကွက်မှာရှိတဲ့ အေးရိပ်ငြိမ်နဲ့ ဇေယျာရွှေပြည်ပိုင်းတို့မှာရှိတဲ့ အိမ်ခြေ ၁၀၀ ကျော်က လူ ၄၀၀ လောက်ကို ပရဟိတ သမားတွေနဲ့ ဒေသခံတွေပူးပေါင်းပြီး ရွှေ့ပြောင်းပေးခဲ့ပါတယ်။
မြောက်ပိုင်းရပ်ကွက်နေရာတချို့နဲ့ ဇေယျာမွန်ရပ်ကွက်နေရာချို့မှာလည်း ကဒတ်ချောင်း ရေကျော်ပြီး ရေကြီးရေလျှံနေတာကြောင့် အိမ်ခြေ ၄၀ ကျော်က လူဦးရေ ၁၀၀ ကျော် ဟာ ဇေယျာမွန်ရပ်ကွက် တောရရွေဂူကျောက်ရေတွင်းဘုန်းကြီးကျောင်းမှာ ရေဘေး ရှောင်နေရပါတယ်။
ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “ကယ်ဆယ်နေတုန်းဖြစ်တော့ အတိအကျ ပြောလို့မရသေးပေးမယ့် လက်ရှိလူ ၄၀၀ နီးပါး ရှိနေပါပြီ။ တောရကျောင်းမှာ နေတဲ့သူတွေကတော့ ဒီကရှိတဲ့ လူငယ်တွေနဲ့ပေါင်းပြီး ထမင်းထုပ် ကမ်းနေပါတယ်။ အခုရေက ရန်ကုန်၊ မော်လမြိုင်ကားလမ်းလည်း ရေကျော်နေတာဆိုတော့ စိုးရိမ်စရာရှိပါတယ်။ အဲဒါကြောင့် အကုန်လုံးရွှေ့ဖို့ နှိုးဆော်နေပါတယ်" လို့ပြောပါတယ်။
ကျိုက်ထိုမြို့တွင် အောက်တိုဘာ ၅ ရက်နေ့ထဲက မိုးသည်းထန်စွာရွာသွန်းပြီး အခု ကျိုက်ထိုတမြို့လုံး ရေမြုပ်နေသလို မိုးက ဒီနေ့အချိန်ထိ ဆက်ရွာနေတုန်းပဲဖြစ်တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
ကျိုက်ထိုမြို့နယ်မှာ ဩဂုတ်လကလည်း မိုးသည်းထန်စွာရွာသွန်းတာကြောင့် ရေကြီးရေလျှံဖြစ်ခဲ့ပါသေးတယ်။