ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မလိယန်ဘက်ကို အောက်တိုဘာ ၇ ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေ လေထီးနဲ့ဆင်းလာချိန် ၁ ယောက် ပြုတ်ကျ သေဆုံးသွားတယ်လို့ KIA ရှေ့တန်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ဗန်းမော် - မြစ်ကြီးနားလမ်းပေါ် ဂျာပူအနီးက မလိယန်ဘက်ကို မနေ့ မွန်းတည့်အချိန်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ အင်အားထပ်ဖြည့်လာတာပါ။
ရှေ့တန်းသတင်းရင်းမြစ်တယောက်က “၁၂ နာရီခန့်က မလိယန်ဘက် စစ်ကောင်စီ လေယာဉ်နဲ့ အင်အား ၈ ဦးခန့် လာချသွားတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီက လေယာဉ်နဲ့ ၈ ယောက် လာချတာဖြစ်ကာ အရင်ဆုံး ၅ ယောက် တသုတ်ချပြီး နောက်ထပ် ၃ ယောက် ထပ်ချလိုက်ချိန် လေထီးလန်ပြီး ကျသွားတယ်လို့ မျက်မြင် ရှေ့တန်း သတင်းရင်းမြစ်တွေက ရှင်းပြပါတယ်။
“ကောင်းကင်ကနေ Super Man လိုပဲ ကျသွားတာ။ သေသွားရှာပြီ။ ဟုတ်တယ်။ အဲဒီ ကျသွားတဲ့ တယောက်ကို လိုက်ကယ်တဲ့ သူကလည်းဒဏ်ရာရတယ်” လို့ သူက ပြောပါတယ်။
ဗွီဒီယိုမှတ်တမ်းဖိုင်မှာတော့ “ဟိုမှာ တယောက်။ ပစ္စည်းပြန်ချပြီ၊ ပစ္စည်းပြန်ချပြီ။ လေထီးနဲ့လူ ဆင်းတာ။ ဟိုမှာ တယောက် သေပြီ။ သေပြီ။ ဂျွန်းထိုး ကျသွားပြီ။ တယောက်ကတော့ မရတော့ဘူး။ ဘယ်နား သွားကျပြီလဲ။ လူ ဟုတ်တယ်။ ထီး လန်သွားတာ။ ဟိုမှာ ၂ ယောက် ကျန်သေးတယ်” လို့ ရှင်းပြနေကြပါတယ်။
နောက်ထပ်ရှေ့တန်းသတင်းရင်းမြစ် ၁ ယောက်ကလည်း လေယာဉ်နဲ့ ၈ ယောက် လာချတာဆိုတော့ ဒရုန်းပညာရှင် ဒါမှမဟုတ်ရင် နည်းပညာရှင် ဖြစ်မယ်လို့ ယူဆရတယ်လို့ ပြောပါတယ်။
စစ်ကောင်စီဘက်က လိုင်ဇာလမ်းကြောင်းဘက် ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းတွေနဲ့ပါ အင်အားထပ်ဖြည့်နေတာကိုကြည့်ရင် တိုက်ပွဲဆက်လက် ပြင်းထန်လာနိုင်တယ်လို့ သူက ပြောပါတယ်။
အောက်တိုဘာ ၄ ရက်နေ့ ညနေနဲ့ ည သန်းခေါင်အချိန်တို့မှာ နမ်ဆန်ယန်အနီး လိုင်လွမ်အောင်ဂျာဘက် ၆ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်နေ့ မနက်ပိုင်းကလည်း လိုင်ဇာအနီး လိုင်လွမ် အောင်ဂျာဘက်ကို စစ်ကောင်စီက လေကြောင်းနဲ့ ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သလို ဗန်းမော်မြို့သစ်အနီးက နွမ်းလန့်ရွာအထက် ပန်ဆတ်မှာ စစ်ကောင်စီ ခမရ - ၄၃၈ တပ်နဲ့ KIA တပ်ရင်း ၂၅ ပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ပါသေးတယ်။