Home
မြန်မာသတင်း
ဘန်ကောက်ပစ်ခတ်မှုကြောင့် သေဆုံးသူများအတွက် ဘတ် ၅ သန်းစီပေးမည်
DVB
·
October 7, 2023

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်က လူစည်ကားရာ Siam Paragon ဈေးဝယ်စင်တာ ပစ်ခတ်မှုမှာ သေဆုံးသွားသူတွေရဲ့ မိသားစုတွေကို ဘတ် ၅ သန်းစီပေးမယ်လို့ ထိုင်းခရီးသွားဝန်ကြီးဌာနကကြေညာကြောင်း ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြပါတယ်။

အသက် ၁၄ နှစ်အရွယ် ထိုင်းနိုင်ငံသားလူငယ်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ရတဲ့ မြန်မာအလုပ်သမား မမိုးမြင့်နဲ့ တရုတ်အမျိုးသမီးရဲ့ ကျန်ရစ်တဲ့ မိသားစုဝင်တွေကို ဘတ် ၅ သန်းစီနဲ့ ဒဏ်ရာရသူတွေကို ဘတ် ၃ သန်းစီ ပေးသွားမယ်လို့ဆိုပါတယ်။

ဆယမ်ပါရာဂွန် ကုန်တိုက်မှာ အောက်တိုဘာ ၃ ရက်က ဖြစ်ခဲ့တဲ့ ပစ်ခတ်မှုမှာ သေဆုံးခဲ့တဲ့ မြန်မာ အလုပ်သမား မမိုးမြင့်ရဲ့ ဈာပနကို အောက်တိုဘာ ၈ ရက် တနင်္ဂနွေနေ့ နေ့လယ် ၁ နာရီအချိန်မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

မမိုးမြင့်ရဲ့ မိခင်ဖြစ်သူလည်း သမီးဖြစ်သူရဲ့ ဈာပနအတွက် ထိုင်းနိုင်ငံကို ရောက်နေပြီး မမိုးမြင့်ရဲ့ ရုပ်အလောင်းကို ဘန်ကောက်မြို့အနီး နွန်ထပူရီခရိုင်၊ ပတ်ကလေမြို့နယ် ဘန်ဖုရပ်ကွက်ရှိ ဘုန်းကြီးကျောင်းတခုမှာ ပို့ဆောင်ထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဘန်ကောက် အလုပ်သမား သံအရာရှိရုံး တာဝန်ရှိသူက “ကျနော်တို့ နောက်ဆုံးသိရတာတော့ တနင်္ဂနွေနေ့ နေ့လယ် ၁ နာရီ သင်္ဂြိုဟ်မယ်လို့ သိရတယ်။ ကူညီဆောင်ရွက်ပေးနေတာတော့ သူတို့အမေ လာမှာပါ။ အမေလာတဲ့အခါ သူ့အချက်အလက်တွေယူထားပြီး ရသင့်ရထိုက်တဲ့ နစ်နာကြေးတွေရဖို့ ဆက်ပြီး ဆောင်ရွက်ပေးသွားမှာပါ။ ဥပဒေအရ မိခင်က အရင်ဆုံး ခံစားခွင့်ရှိတာလေ။ အဲဒါကြောင့် အမေ့ရဲ့ အချက်အလက်တွေ ယူထားမယ်။ လိုအပ်တဲ့ စာရွက်စာတမ်းတွေ အမေ့ဆီက တဆင့် တောင်းမယ်။ ကျနော်တို့လည်း ထိုင်းဘက်နဲ့ ဆွေးနွေးရဦးမယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

သေဆုံးခဲ့သူ ၂ ယောက်လုံးအတွက် ထိုင်းနိုင်ငံဘက်က တယောက်ကို ထိုင်းဘတ်ငွေ ၂ သိန်းစီ ပေးသွားမှာဖြစ်ပြီး တခြားထိခိုက်ပျက်စီးမှုတွေအတွက်လည်း စစ်ဆေးပြီး နစ်နာကြေး ပေးသွားမယ်လို့ ထိုင်းတရားရေးဌာနက ပြောဆိုထားပါတယ်။

မမိုးမြင့် သေဆုံးတာနဲ့ ပတ်သက်ပြီး ကျူးလွန်သူ အသက် ၁၄ နှစ်အရွယ် ထိုင်းလူငယ်ရဲ့ အုပ်ထိန်းသူဘက်က ဝမ်းနည်းစကား ဆက်သွယ် ပြောလာပြီးလို့ မမိုးမြင့် အလုပ်ရှင်က ထိုင်းမီဒီယာတွေကို ပြောပါတယ်။

လူငယ်ရဲ့အဖေဖြစ်သူက ဒီဖြစ်ရပ်အတွက် တောင်းပန်ကြောင်း၊ မမိုးမြင့် သေဆုံးတဲ့အပေါ် ဝမ်းနည်းကြောင်း၊ သူတို့အနေနဲ့ ဖြေဆယ်မရ ဖြစ်နေပြီး အသုဘ အခမ်းအနားလာဖို့ အဆင်မပြေသေးကြောင်း အောက်တိုဘာ ၆ ရက်က ဆက်သွယ်ပြောလာတယ်လို့ မမိုးမြင့်ရဲ့ အလုပ်ရှင်က ပြောပါတယ်။

ကွယ်လွန်သူမမိုးမြင့်ဟာ မိသားစု အားကိုးရသူဖြစ်တာကြောင့် သူ့ ကွယ်လွန်မှုကို နှမြောမိတယ်လို့ မောင်ဝမ်းကွဲ တော်စပ်သူက ဒီဗွီဘီကို ပြောပါတယ်။

“ကိုယ့်အစ်မ ဝမ်းကွဲဆိုတော့ နှမြောတာပေါ့။ သူက မိဘ အားကိုးရတဲ့သူဆိုတော့။ နာရေးကိစ္စတွေတော့ သူဌေးအကုန်လုံး တာဝန်ယူပေးတယ်။ သံရုံးဘက်ကလည်း ကိစ္စအဝဝ လိုက်လုပ်ပေးပါတယ်”

ထိုင်းသတင်းတွေမှာ ဖော်ပြချက်အရ ဆယမ်ပါရာဂွန် ကုန်တိုက်အတွင်း သေနတ်ပစ်ခတ်မှုကြောင့် သေဆုံးသူ ၂ ယောက်ရှိပြီး တရုတ်နိုင်ငံသူက ကျည်ဆန် တချက်နဲ့ မမိုးမြင့်က ကျည်ဆန် ၃ ချက် ထိမှန်ပြီး သေဆုံးခဲ့တာပါ။

ပြစ်မှုကျူးလွန်သူ လူငယ်ကို ထိုင်းရဲတွေက ပုဒ်မ ၅ ခုနဲ့ စွဲချက်တင်ထားပြီး သေနတ်ရောင်းချပေးသူ၊ ကျည်ဆန် ရောင်းချပေးသူနဲ့ သေနတ်ပစ် လေ့ကျင့်ပေးသူ လူ ၃ ယောက်ကို ဖမ်းဆီးထားပါတယ်။ မိဘတွေကိုလည်း ခေါ်ယူ စစ်ဆေးနေပြီး နောက်ထပ် အရေးယူရမယ့်သူတွေ ရှိသေးတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံသံရုံး၊ အလုပ်သမားသံအရာရှိရုံး (ဘန်ကောက်) က မမိုးမြင့်နာရေးအတွက် ကူညီပေးနေပြီး ထိုင်းဘက်က တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံကာ မမိုးမြင့်အတွက် နစ်နာကြေးတွေ ရရှိအောင် လုပ်ဆောင် ပေးနေတယ်လို့ သိရပါတယ်။

မြန်မာသံရုံးအရာရှိ ဦးသူရိန်လင်းက "သတင်းစကားပါးချင်တာတော့ ဒီက ကျနော်တို့လည်း အခုလိုတွေဖြစ်သွားတော့ စိတ်မကောင်းဘူးပေါ့။ အပြင်သွားကြတယ် ဆိုရင်လည်း မြန်မာအလုပ်သမားတွေ အနေနဲ့လည်း သတိပြုစေချင်တယ်။ ကိုယ့်ကိုယ်ကို ဂရုစိုက် သွားလာတာ နေထိုင်စေချင်ပါတယ်" လို့ ပြောပါတယ်။

မမိုးမြင့်ရဲ့ အလုပ်ရှင်သူဌေးက ကျန်ရစ်သူ မိဘတွေဆီ မမိုးမြင့် လစဉ်ထောက်ပံ့နေကျ ငွေကြေး ဘတ်ငွေ ၁၀,၀၀၀ (မြန်မာငွေ ကျပ် ၁၀ သိန်းဝန်းကျင်) ဆက်လက် ထောက်ပံ့ပေးသွားမယ်လို့ ထိုင်းအခြေစိုက် The Nation သတင်းမှာ ပြောဆိုထားပါတယ်။

အသက် ၃၁ နှစ်အရွယ် မမိုးမြင့်ဟာ မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၊ သထုံဇာတိ ဖြစ်ပြီး ထိုင်းနိုင်ငံမှာ အလုပ် လုပ်ကိုင်နေတာ ၁၀ နှစ်ကျော်ပြီဖြစ်ပါတယ်။ နာတာရှည်ရောဂါသည်မိခင်ကို အလုပ်အကျွေးပြုနေတဲ့ သေဆုံးသူ မမိုးမြင့်ဟာ Siam Center မှာရှိတဲ့ Take Toys ဆိုင်က ဝန်ထမ်းတယောက်ဖြစ်ပြီး Siam Paragon ကုန်တိုက်မှာရှိတဲ့ ဘန်ကောက်ဘဏ်ခွဲမှာ ငွေသွင်းဖို့လာရောက်ချိန် ပစ်ခတ်မှုနဲ့ ကြုံတွေ့ခဲ့ရပြီး အသက်ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

ဇွဲသစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024