အိန္ဒိယနိုင်ငံ ဟိမဝန္တာတောင်တန်းတွေထဲက ဆစ်ကင်းမ်ပြည်နယ်ရှိ လိုနက်ခ်ရေခဲအိုင် ကမ်းပါး ပြိုကျခဲ့လို့ အခုသီတင်းပတ်အတွင်း ရုတ်တရက် ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် အနည်းဆုံး လူ ၄၂ ဦး သေဆုံးခဲ့ပြီးတော့ ပျောက်ဆုံးနေသူ ၁၅၀ နီးပါးကိုလည်း ကယ်ဆယ်ရေးသမားတွေ ဆက်လက် ရှာဖွေနေကြောင်း အစိုးရတာဝန်ရှိသူတွေက အောက်တိုဘာ ၆ ရက်မှာ ပြောပါတယ်။
အောက်တိုဘာ ၄ ရက်မှာ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေမှာ တီးစ်တာ ဘာဇား ကျေးရွာ အနီးမှာ ရေစီးမြန်နေတဲ့ မြစ်ရေစီးကြောင်းတွေ၊ နုန်းတွေနဲ့ကျောက်ခဲတွေ ဖုံးအုပ်နေတဲ့ လမ်းမကြီးတွေနဲ့ လူသွားလမ်းတွေ၊ ပိတ်မိနေတဲ့ မော်တော်ယာဉ်တွေကို မြင်တွေ့ရပါတယ်။
ဆစ်ကင်းမ်ပြည်နယ်ဟာ အောက်တိုဘာလရဲ့ ပထမ ၅ ရက်အတွင်း မိုးရေချိန်လက်မ ၄ လက်မ ရရှိခဲ့ပြီး ပုံမှန်ပမာဏထက် ၂ ဆကျော် ရှိတယ်လို့ မိုးလေဝသဌာနက ပြောပါတယ်။
၁၉၆၈ ခုနှစ် အောက်တိုဘာလတုန်းက လူပေါင်း ၁ ထောင်လောက် သေဆုံးခဲ့ရတဲ့ ရေကြီးရေလျှံမှု ထက် ပိုဆိုးတယ်လို့လည်း ဆိုပါတယ်။
ခုဖြစ်ရပ်ဟာ နှစ်ပေါင်း ၅၀ ကျော် အတွင်းမှာ ဒေသတွင်းမှာ အဆိုးရွားဆုံး ဘေးအန္တရာယ်တွေထဲက တခုဖြစ်ပြီး တောင်အာရှရှိ ဟိမဝန္တာတောင်တန်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးစေခဲ့တဲ့ ပြင်းထန်တဲ့ ရာသီဥတု အဖြစ်အပျက်တွေ ဆက်တိုက်ဖြစ်လာတာတွေရဲ့ နောက်ဆုံးဖြစ်ရပ် တခုလည်း ဖြစ်ပါတယ်။
ရှုခင်းသာတဲ့ ဆစ်ကင်းမ်ပြည်နယ်မှာ ရေပန်းစားတဲ့ပွဲတော်နဲ့ ခရီးသွားရာသီ မတိုင်ခင် ရောက်လာတဲ့ နောက်ဆုံး ကပ်ဘေးကြောင့် လူ ၂၂,၀၀၀ ရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်ခဲ့တယ် လို့ ဆစ်ကင်းမ် ရှိ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
Source/Photo-Reuters